A Loon Kha
နတ်ဖူးစာလေး ချာချာလည်
============ ====
" ထိုးကွင်းမှန်ကြောင် ဆေးနီနှင့်××××လူယဉ် လူပျို ထိပ်တင်မြင်းဖြူရှင်××××ရွှေဗောင်းတော်နီလွင်လွင်နှင့် နေဝင်လျှင်ပေါ့××××ကံရောက်အောင် မြင်းငေါက်လို့နှင့်×××× ရောက်ပါလိမ့်မယ် ပျိုမထင်နှင့်××× မြင်းဖြူရှင်ဖိုးကျော်လှ ဆေးနီတေ သ×××× "
(မြင်းဖြူရှင် နတ်ချင်း)
တပေါင်းလဆိုရင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆီမီးခုံရွာ(ဆမိတ်ခုံရွာ) မြင်းဖြူရှင်နတ်ပွဲစပြီ။ အညာနတ်ပွဲတွေရဲ့ ထုံးစံအတိုင်း ရွာနီးချုပ်စပ်ကပါ လာဦးခိုက်ကြပြီး ခြိမ့်ခြိမ့်သဲကျင်းပတဲ့ ရိုးရာပွဲ။ အဝေးရောက်နေတဲ့ ဆီမီးခုံရွာသူ ရွာသားတွေတောင် အဲ့ပွဲနေ့ကို အရောက်လာပြီး ပူဇော်ပသကြတယ်။ ရိုးရာနတ်ဆိုတော့ ကိုးကွယ်ကြရတာ တခမ်းတနား။
ကျွန်းစုရွာတွေ ကိုးကွယ်တဲ့ပွဲ။ ကျွန်းစုဆိုတာ ရေဝင်ရာအရပ်တွေကိုခေါ်ကြတာ။ တောင်သူတွေအခေါ်အဝေါ်ကတော့ အောက်တောမြေပေါ့။ ရေခေါင်ရာ ဒေသကိုတော့ ကျီးတော လို့ ခေါ်ကြတယ်။ ဆီမီးခုံရွာတစ်ဝိုက် ကျွန်းစုရွာတွေဆို ရွာစဉ်တွေမှ တန်းလို့။ ပန်းညို၊ ညောင်ကားယား၊ နေပူကုန်း၊ ရွာပုလဲ၊ ကျောင်းဖြူ၊ နဂါးပေါက်၊ သာဒွန်း၊ ချောင်းဆင်း၊ မင်းတန်း၊ ဘုန်းကောင်း ၊ မယ်မသော်၊ သောင်ကြီး၊ ဘူးကိုင်း၊ ပေါက်ချောင်း ဧရာဝတီမြစ်ကြောတရိုးစုံနေအောင်ပဲ.. မြင်းဖြူရှင်နတ်ကို ဆက်သရတဲ့ရွာတွေမှ အများကြီး။ နတ်ပွဲဆိုတော့ လာလိုက်ကြတဲ့လူတွေ တခဲနက်။
မုန့်ဖြူ၊ မုန့်နီ၊ မုန့်ချို၊ ထမင်းပေါင်းဦး၊ ကွမ်းတော် ကန်တော့ပွဲ အုန်းပွဲနဲ့ ပသဆက်ကပ်ကြတာ။ ဆီမီးခုံနတ်ပွဲ နှစ်စဉ်နှစ်တိုင်း ခြိမ့်ခြိမ့် သဲလို့။
ဒီပွဲမှာ ဆေးဆရာကြီးရဲ့မြေး ကျွန်တော့် ဖေဖေ ရှိုးထုတ်လို့ရတဲ့ပွဲ။ ဒါကြောင့် ဖေဖေ ဘယ်မှာပဲရောက်ရောက် အမြဲလာဖြစ်သတဲ့။ ခေတ်ပညာတတ် နည်းပညာတက္ကသိုလ်ကျောင်းသားကြီးလည်းဖြစ်ပြန်တော့ တစ်မျိုးလုံးမှာ စူပါရယ်တဲ့မှ စတား။
နိုင်ငံခြားက အဆိုတော် ပရက်စလေစတိုင် ခေါင်းလောင်းဘောင်းဘီနဲ့ဘာနဲ့ ပေါကြောင်ကြောင်ဖမ်းနေပေမယ့် ပျိုကညာတွေ နှုတ်ခမ်းဖျားမှာတော့ "ဂျာအေး" နာမည်လေးက တွင်လို့။
ဆီမီးခုံရွာနဲ့ နေပူကုန်းရွာဆိုတာ ဧရာဝတီမြစ်ကလေးပဲခြားတာ။ ကဆုန် နယုန် ရေတိုးချိန်က လွဲလို့ သောင်ပြင်ထွန်းလို့ မြစ်ခံရင် လှေဦးလှည့်ရုံနဲ့ ရောက်တယ်။ တစ်ရွာနဲ့တစ်ရွာ လက်ပစ်ကူးလို့တောင်ရတယ်။ နေပူကုန်း သာဒွန်း မင်းတန်းဆိုတာ မေမေ တာဝန်ကျတဲ့ရွာတွေ။ ဆီမီးခုံနဲ့ ကပ်လျက်ပဲ။ မင်းတန်းရွာက မူလတန်းပြဆရာမလေး လှလိုက်တာဆိုတဲ့ သတင်း ဖေဖေ့နား မရောက်ဘဲ နေပါ့မလား။ ဒီသတင်းကြားလို့လဲ ဖေဖေ ရွာပြန်လာတာလည်း ဖြစ်နိုင်တယ် ။
ကိုယ့်ရွာနတ်ပွဲရှိလို့ ကျောင်းဆရာမလေးကို သူ့ အပေါင်းအသင်းတွေက ဖိတ်ကြတော့ မလာချင်လည်း လာရမှာ။ ဒီလိုဆင်နွှဲတဲ့ပွဲ လာချင်လည်း လာကို လာရမှာ...။
မြင်းဖြူရှင် ဗောင်းတော်ခတဲ့ရွာ မေမေ ရောက်ကိုရောက်ရမှာ။ ဖေဖေကလည်း စောင့်ကို စောင့်နေမှာ။
********************************
"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္စာမိ၊ သံဃံ သရဏံ ဂစ္ဆာမိပါဖိရား...ဖေကြီးမြင်းဖြူရှင် ယနေ့ယခုဆက်သသိ ပန်း လက်ခံတော်မူဘာ့ဖိရာ့..၊
ဖေကြီးသည် မြင်းသည်တော် သူရဲကောင်းဖြစ်သိအခါ.. ဘုန်းလည်း စွမ်းပါ၏...သူရသတ္တိလည်း ပြည့်စုံပါ၏...ဖခင်ကြီး ခရီးမှန်သမျှ မြေပြင်၌ ခြေမတင်ပဲ စီးတော်မြင်းဖြင့်သာ စခန်းသွားဘိသကဲ့သို့...
ယခု သားမြေးများ၏ ကိစ္စအဝဝကိုလဲ လျင်မြန်စွာ အောင်မြင်ပြီးမြောက်အောင် မှိုင်းမတော်မူဘာ ၊ ဖေးကူတော်မူဘာ၊ စောင့်ရှောက်တော်မူဘာ... "
နတ်နန်း အဝင်မှာ ပန်းစည်းလေးကိုင် နတ်ကတော်ကို ပေးလိုက်တော့ နတ်ကတော် ရွတ်တာ ကြည့်ရင်း မေမေ့မှာ အူကြောင်ကြောင်။ သုံးချက်လောက် နတ်ရုပ်ကို ရိုက် . ပန်းစည်းလေး ကိုင်ပြီး ကလယ်ကလယ်။ ဘေးက ပြောတာပဲ နားထောင်မိတာတော့ ဒါကို နတ်ဆက်တယ်တဲ့။ ဘာပဲဖြစ်ဖြစ် မိသားစုအရေးအတွက် အဆင်ပြေမယ်ဆို မေမေပျော်တယ်။ အိမ်သားတွေ ဘဝအဆက်ဆက် ဆန်ကြမ်းမစားရတော့ရင်ကို ကျေနပ်လှပြီ။ ကျန်တာ မေမေ ဆက်ရုန်းကန်နိုင်တယ်။
အညာနွေ တပေါင်းလ ပူလိုက်တာများ ကြောက်မခန်းလိလိ၊ ဒီအကြောင်းသိတော့ ထီးအနီရောင်လေး မေမေ ယူလာတယ်။ နေကပူ ဖုန်ကထူလဲ ထီးနီနီလေးဆောင်း လက်ကိုင်ပုဝါလေး ဆောင်ရင်း ပွဲခင်းထဲလည်မယ်ပေါ့။
ပွဲဈေးက အမယ်တွေစုံတယ်၊ မုန့်ချို၊ မုန့်နီ၊ ငှက်ပျောခိုင်၊ အုန်းသီး ၊ စွံပလွန်ယို၊ မုန့်ရေ၊ မုန့်ဆီကြော်၊ မုန့်လက်ကောက်၊ ထန်းလျက်တွေ မြန်မာမုန့်တွေမှ စုံနေတာပဲ။ ဒီကြား အညာအဝတ်အထည်လေးတွေ၊ အညာစောင်တွေ၊ မိတ်ကပ်နှုတ်ခမ်းနီ ရောင်းသူတွေလည်း ပေါတာမှ။ ရွာနီးချုပ်စပ်က လာရောင်းတဲ့ ဈေးသည်တွေရောဆိုတော့ သူ့ကိုယ် မသိတဲ့သူ မရှားဘူး။ မေမေက ဝယ်ရတာနည်းနည်း၊ ဆရာမလေးဆိုပြီး လက်ဆောင်ပေးကြတာက ခပ်များများ။
"မေတ္တာဆိုတာ ထားရသယ် ငါ့သား... ကိုယ်က မေတ္တာထားတော့ မေတ္တာအိတ်ထဲ အပြည့်၊ မေ့ဖြင့် ဘာမှ ဝယ်ရတယ်မရှိဖူး။ ဝိုင်းပေးလိုက်ကြသာ၊ လက်နဲ့တောင် မနိုင်ဘူး။ ငရုတ်သီးခြောက်တွေမြင်တော့ အိမ်အတွက်ဆိုပြီး ဝယ်သေးသယ်။ ငရုတ်သည်က ဆရာမလေးရယ် ဘာဝယ်ရမှာလဲဆိုပြီး ငရုတ်တစ်တောင်း လက်ဆောင်ပေးသာ။ ပီတိစား အားရှိတဲ့ ဆရာဆိုသာ ဒါကို ခေါ်သယ်။ ဘယ်ရောက်ရောက် မျက်နှာမငယ်ရဘူး။ ငယ်ငယ်က ဆိုးခဲ့ပေသိ ဆရာစိတ်ဝင်လာတဲ့အခါ မေတ္တာပဲ ပေးတတ်တော့သယ်။ အချစ်ခံ လူတန်းစား ဖြစ်အောင်နေ "
မေမေ က မေတ္တာအကြောင်းဆုံးမတဲ့အခါ ဒီအရာလေးကို ထုတ်ပြောမြဲ။
ဆီမီးခုံ ငရုတ်ကြော်တဲ့။ ငရုတ်သီးကြော်ကို ငါးနီတူငါးလေးတွေရယ် ကြက်သွန်နီလေးရယ်နဲ့ ရောကြော်တာ။ ဘယ်လောက်စားစား မစပ်ဘူး။ မေမေ့ မိတ်ဆွေက သူ့အိမ် ထမင်းဝင်စားဖို့ဖိတ်တော့ စားကြတဲ့အခါ... မေမေက ငရုတ်ကြော်ချည်းထည့်ထည့်စားနေတော့... ဆရာမလေး ဆီမီးခုံရွာသားသာ ရှာယူလို့ စကြတော့ မေမေ့မှာ ရှက်ရှက်နဲ့ ထမင်းပဲ ခေါင်းငုံ့စားနေရှာသတဲ့။
********************************
ရွာတစ်ဝိုက် နာမည်ကြီးနေတယ်ဆိုတဲ့ ဆရာမလေး ရွာနတ်ပွဲ လာမည်ဆိုကတည်းက ဂျာအေးတို့ မနက်ကတည်းက ရှိူးစမိုးအပြည့်နဲ့ ပြင်ပြီးသား။ အဖိုးက ဆေးပစ္စည်းနဲ့ ဆေးမြစ်တွေရောင်းတဲ့ဆိုင်ကို နတ်ပွဲမှာ ဖွင့်ထားတော့ အဲ့ဆိုင်ကနေ တည်စောင့်နေတာ။
မေမေရောက်ပြီဆိုကတည်းက ဆရာမလေးဆိုပြီး ချစ်ကြတော့ တရွာလုံး အုံးအုံးထ။ မေမေက အညိုနုရောင်ဝမ်းဆက်လေးဝတ်ပြီး ထီးနီနီလေး ဆောင်းထားတယ်။ သူ့မြင်လိုက်ကတည်းက ဖေဖေ ရင်တွေ ကတုန်ကရင်။ ဘေးနားတချက်ဝှေ့ကြည့်လိုက်တာ မေမေ့နားမှာ ဖေဖေ့ အမျိုးတွေဆိုတော့ အိုခေပြီပေါ့။ ရူးတူးတူးပေါတောတောနဲ့ ဝင်ရောတာ။
"နင့်ဖေက အသားလွတ်ကြီး ဝင်ရောသာ၊ ဟို့လူ့မသိလည်း သိသလိုပဲ၊ အင်ဂျင်နီယာဆိုတဲ့အကြောင်းပြောပြီး သိသိ မသိသိ မေ့အနားက လူတွေ လိုက်မိတ်ဆက်သာ။ မျက်မှန်နက်ကြီးနဲ့... ပူပါသယ်ဆို နက်ပြာဝမ်းဆက်က ဝတ်ထားသေး။ ရင်ဘတ်ဟောင်းလောင်းနဲ့အေ။ သူ့ကိုယ်သူ မင်းသား ထင်နေပုံရသယ်။ လူကို အတင်းဝင် မိတ်ဆက်တော့ သူ့အမျိုးက ပြောသယ် ဂျာအေးတဲ့။ မေမေ့မှာ ရှက်လိုက်သာ။ နင့်ဖေက ဝတ်လိုက်ရင် မလုံတလုံ ဖိုသီဖတ်သီပါအေ..."
မေမေက ကျွန်တော့်ဖေဖေ့ရဲ့ ဝတ်ပုံစားပုံ ဒီလိုချီးကျုးတယ်။
ဖေဖေကလည်း ကျွန်တော့်ဖေဖေပဲ... ခေသူမှ မဟုတ်တာ။ ဆရာမလေး ရွာပွဲရောက်အမှတ်တရဆိုပြီး အဖွဲ့လိုက်ဓါတ်ပုံဆရာခေါ် ရိုက်ပစ်ထည့်လိုက်တာ.. တရွာလုံး ဝိုင်းပြီးငေးရတဲ့ ဓါတ်ပုံရိုက်ကွင်းလေးဆိုပါတော့။
ဒီအကြောင်း ဖေဖေက ကျွန်တော့်ကို ပြောပြဖူးတယ်။
" မင်းအမေကို ငါနိုင်တာ အဲ့နေ့ တစ်နေ့တည်းရှိတယ်။ တရွာလုံး ငါ့ဘက်မှာဆိုတော့ သူလည်း မငြင်းသာဘူး .... ဓါတ်ပုံထဲ ကြည့်လိုက် .. ထီးကိုင်ထားတာ မသီတာ။ ခပ်မိုက်မိုက် ရင်လှပ်ထားတာ ငါ..၊ မင်းအမေ အဲ့အချိန်တုန်းက ငါ့ရှေ့ ဒူးထောက်ရက်ပဲ။ ခုတော့ လာမမေးနဲ့ ..."
မြင်းဖြူရှင်နတ်ကြီးကတော့ ဖေဖေ့ကို မှိုင်းတော် မ ပြီထင်ပါရဲ့....။
ဖေဖေနဲ့ မေမေ့အား စောင့်ရှောက်တော်မူပါ။ ဘဝဆက်တိုင်း အခုဘဝလိုပဲ စိတ်ချမ်းမြေ့ကြပါစေ...?
(နောက်ထပ်ဆက်ရေးပါဦးမည်)
A Loon Kha
Keep Reading