Author's Profile Photo

A Loon Kha

13/10/2024

သူတို့အားလုံးပျော်ကြသည် အပိုင်း(၂)

2 mins read
Art
Entertainment
Parenting & Family

မေမေ
=====
?သီတာ သီတာ ကြာ ကြာ ကြာ ငါးပါး ?

မေမေ့ အိမ်နာမည်က သီတာ...။ ငယ်နာမည်က သီတာအေး တဲ့။ ညီအစ်မ နှစ်ယောက်တည်း ရှိတာ သီတာ‌အေး နဲ့ နီလာဝင်း။ မေမေက အကြီး။

အဖေက ပန်းထိမ်ဆရာ၊ အမေက လမ်းဘေးမှာ မုန့်ပေါင်းရောင်းရတယ်။ မေမေက ငယ်ငယ်ကတည်းက မာနကြီးကြီး။ ဒေါသလည်း ကြီးတယ်။ အတန်းထဲမှာ စာတော်ပြီး ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့အောင်ပေမယ့် မိသားစုစီးပွားရေးကြောင့် အဝေးသင်တက်ရင်း အလုပ်လုပ်၊ ညီမဖြစ်သူကိုပဲ မန္တလေးတက္ကသိုလ်မှာ Day တက်ခိုင်း‌စေခဲ့တယ်။

မေမေ့ အဖေနာမည်က ဦးကိုလေးတဲ့။ သူ့အဖေသူငယ်ချင်းတွေက ..

"မောင်ကိုလေး မင်း သမီးရဲ့ သီတာ့မျက်လုံး မျက်ခုံးမျိုးနဲ့တင် ယောင်္ကျားတစ်ယောက်ရတယ်။ သို့ပေသိ မင်း သမီး မာနခဲတာနဲ့တင် ဘယ်ယောင်္ကျားမှ ကပ်ဝံမှာ မဟုတ်လောက်ဘူး"

" အို ... ငါ့သမီးကို ထိတဲ့ယောင်္ကျားလည်း ငါကိုယ်တိုင်ဗြင်းမှာ..."

ဖခင်ဖြစ်သူက အသောက်အစားကလည်း ရှိ ။ သမီးထိ ဓားကြည့်ဆိုတဲ့ လူမျိုး။ သမီးနှစ်ယောက်ဆိုတော့ တွေ့သမျှလူ ဘုနဲ့ဘောက်။ သမီးချစ်ရင်တောင် သူ့အဖေကြောက်တာနဲ့ကို တော်ရုံလူမကပ်ဝံဘူး။ မေမေကလည်း သူမကြည်ရင် မကြည်သလို တီးတာဆိုတော့ ပိုဆိုးပေါ့။

အဖေက သမီးနှစ်ယောက်အတွက် ရေချိုးဖို့ ကျောက်ခွက်ကန်ကြီး နှစ်လုံး လုပ်ပေးထားတယ်။ ကန်မှာ နာမည်လေးတောင် ရေးပေးထားသေး။ "သီတာအေး" တဲ့၊ "နီလာဝင်း" တဲ့။ အဲ့ကန်ထဲ တစ်ရက်မှ ရေမပျက်စေရဘူး။ သုံးမိုင်လောက်ဝေးတဲ့ခရီး မနက်စောစောထပြီး ရေတံပိုးထမ်း ရေအပြည့်ခပ်ပေးနေကျ။ သမီးနှစ်ယောက် ချိုးပေရော့ တဝကြီး။

ရွာထဲမှာ မေမေက အချောဆုံး။ အလှူအတန်းမှာ ကွမ်းတောင်ကိုနှစ်တိုင်းကိုင်ရသူက မေမေ။
မွေးကတည်းက မေမေ့ အဖွားက နိမိတ်ဖတ်တယ်။

"ခင်စန်းရီ ... ညည်းသမီး သီတာ က သူ့ မျက်လုံးနဲ့တင် ယောင်္ကျားတွေ ခိုင်းစားလို့ရတယ် " တဲ့။

မေမေကလည်း ဟုတ်တော့ဟုတ်တယ်။ သမင်မျက်လုံး စင်ယော်တောင် မျက်ခုံးနဲ့။ သူ့ကို ကပ်တဲ့ယောင်္ကျားတိုင်း ပါးကျိုးနားကျိုးရိုက်ပစ်တဲ့မိန်းမ။ သီတာ‌ ဆိုတာနဲ့ လက်ဝါးသာကြည့်ထား။

ညီမဖြစ်သူက ငယ်ငယ်ကတည်း ချူခြာတယ်။ တစိတ်ရှိ ဖျားလိုက်ရမှ။ တီဘီဖြစ်လိုက်၊ တိုက်ဖွိုက်ဖြစ်လိုက်နဲ့ ရောဂါကစုံ။ အိမ်မှာ တိုက်ကြက်‌ကလေးတွေ အဖေဖြစ်သူက ဝါသနာအရမွေးထားတယ်။ အငယ်မ နီလာ နေမကောင်းတော့ ငွေလိုလို့ အကုန်ရောင်းပစ်လိုက်ရတယ်။ သူ့ညီမအတွက်မို့သာ ထိုင်ကြည့်နေရတာ မေမေ့မှာ ကြက်ကလေးတွေကို နှမြောလို့မဆုံးဘူးတဲ့။

အဲ့အကြောင်းလေး မေမေ့ရဲ့ အမေက ကျွန်တော့်ကို ပြန်ပြန်ပြောနေကျ....

"ကြက်ကလေးကို သတ်မယ့်သူဆီရောင်းသာ၊ ကြက်တွေ အော်လိုက်ကြသာများ... နီလာ့ ဆေးကုဖို့ ပိုက်ဆံလိုလို့သာ ရောင်းလိုက်ရသာ၊ ငါ့ဖြင့် စိတ်ကို မကောင်းဘူး။ သီတာက မျက်လုံးကြီးပြူးပြီး အံကြိတ်နေသာ။ သွားကြိတ်သံတွေတောင် ထွက်သယ်။ ကုတင်ပေါ် လဲနေတဲ့ နီလာ့ ပူရတာတမျိုး ၊ ကြက်လာယူတဲ့လူကို သီတာ ထရိုက်မှာစိုးလို့ ပူရတာတမျိုး....။ အကောင်ပလောင်လေးတွေ မမွေးနိုင်ရင် မမွေးပါနဲ့ကွယ်၊ ငါ့ သနားလွန်းလို့..."

နောက်ဆုံး ပိုက်ဆံလေး နည်းနည်းမှရရ အလုပ်တစ်ခုလုပ်မှဆိုပြီး အဲ့ခေတ် အာဏာရပါတီကဖွဲ့တဲ့ လမ်းစဉ်လူငယ်မှာ မေမေက အဝေးသင်တက်ရင်း ဝင်အလုပ်လုပ် ၊ ညီမဖြစ်သူလည်း ကျောင်းထား၊ အဖေဖြစ်သူ ပန်းထိမ်လုပ်၊ အမေဖြစ်သူက မုန့်ပေါင်းနဲ့ အကြော်ရောင်း ။ မေမေ အထက်တန်းကျောင်းသူဘဝတုန်းကဆို သူရင်းငှားလုပ်၊ လယ်ထဲဆင်း ပျိုးနုတ်ပေါင်းသင်းနေခဲ့ရတဲ့ အချိန်တွေလည်း ရှိဖူးတယ်။ လက်ကလေးတွေဆို ပေါက်ပြဲနေရောပဲ။ အမကြီးတော့ အမိရာ ညီမဖြစ်သူအတွက် အလုပ်လုပ်ရသလို၊ အိမ်အတွက် မီးဖိုချောင်စရိတ်ကလေးမှရရဆိုပြီး လုပ်ခဲ့ရတယ်။

တဆွေလုံး တမျိုးလုံးကလဲ ချမ်းချမ်းသာသာလူတစ်ယောက်ရယ် မရှိကြတော့ ထောက်ပံ့မယ့်သူ မရှိ၊ ပြောင်းဆန်ကို ထောင်းစားနေရသူချည်း။ ဆန်နီကြမ်းတွေ စားရင်း မျိုချမရလို့ ညီမဖြစ်သူက ငိုရင် သူပါ ရောငိုရတာက အမော။

"အမေရယ်...ကျုပ် ငတ်ချင်ငတ်ပါစီ... နီလာ့အတွက် ဆန်ဖြူဖြူနုနုလေး တောင်းလို့ရရင် ကျုပ်သွားတောင်းလိုက်ချင်သာတော်။ "

လို့ ပြောတော့ အမေဖြစ်သူမှာ ငိုလိုက်ရတာများ။
ဒီလို တဖြေးဖြေးနဲ့ ရုန်းရင်းကန်ရင်း တက္ကသိုလ်ဘွဲ့ရအောင်ယူပြီး မူလတန်းပြဆရာမလေးဘဝကို ရောက်ခဲ့ရတယ်ဆိုပါတော့။

ဒီကြားအစိုးရက ‌ငွေဖြူ ငွေမဲတွေ သိမ်းပါတယ်လုပ်လို့ ပန်းထိမ်ဖိုလ်လေး ပိတ်လိုက်ရပြီး အဖေဖြစ်သူက အလုပ်မရှိ အရက်သမားလုံးလုံး ဖြစ်ခဲ့ရပါလေရော။ အရက်သမားသမီးဆိုပြီး ရိတီတီလာလုပ်ရင် ပါးကျိုးနားကျိုးချတော့တာပဲ... မေမေက အရက်ဆိုတဲ့ အသံကြားရင်ကို ရွံတယ်။

" နင့်ဖေကြီးက နေ့ခင်းကတည်းက တဘတ်လေး ပုခုံးပေါ်တင် အရက်ဆိုင် သွားတော့သာပဲ။ ညနေမှ ငိုက်စိုက် ငိုက်စိုက်နဲ့ ပြန်လာသယ်၊ ငါနဲ့ နင့်ဖေကြီးက ညနေတိုင်း သတ်ရသာပဲ။ ဒါပေသိ ဘယ်လောက်မူးမူး သူ့သမီးတွေ စားဖို့ ထမင်းကြော်လေး ခေါက်ဆွဲကြော်လေးတော့ ပါဆယ်ဝယ်ဝယ်လာတတ်သယ်။ အိမ်ရှေ့မှာ ရန်ဖြစ်၊ အိမ်နောက်ဖေးမှာ သမီးတွေက မျက်ရည်မျက်ခွက်နဲ့ ပါလာတဲ့ဟာလေး တယောက်တစ်ဝက် ခွဲစား။ နေ့တိုင်းကြုံရတဲ့ ဝဋ်ဒုက္ခတွေ။ သုရာမေရယ တဲ့၊ ဘုရားမကြိုက်တဲ့ သေရည်သေရက်များ ယောင်လို့တောင် မသောက်စားကြနဲ့ ။ ပြန်တွေးတိုင်း မျက်ရည်ကျပါသယ်တော်..."

မေမေ့ အမေက သူတို့ဖြစ်ရပ်ကလေးတွေ ကျွန်တော့်ကို ပြောပြရင်း မျက်ရည်လေးစမ်းတမ်းစမ်းတမ်း။

‌မေမေက စစ်ကိုင်းတိုင်း မြောင်မြို့နယ်က ဆွဲလဲအို ၊ မင်းတန်း၊ သာဒွန်း၊ မယ်မသော် စတဲ့ ရွာကလေးတွေမှာ မူလတန်းပြဆရာမလေးအနေနဲ့ တာဝန်ကျတယ်။ ဒီမှာတင် ဂျစ်ပစီစတိုင်ဖမ်း စိန်ဂေါ်လီဂိုဏ်းနဲ့ အပြိုင် တစ်ယောက်တည်း တပည့် ၊ တစ်ယောက်တည်း ဆရာလုပ်ပြီး တစ်ယောက်တည်း ဂိုဏ်းထောင်နေတဲ့ဖေဖေနဲ့ တွေ့တယ်ဆိုပါတော့။

( နောက်အပိုင်းဆက်ရန်...)

A Loon Kha

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့