Author's Profile Photo

ဦးမိုး {YUFL}

13/10/2024

ရေဘေးနှင့် နားဘေး

2 mins read
Culture
Art
Entertainment
ရေဘေးနှင့် နားဘေး's photo

စက်တင်ဘာ လကုန်ပိုင်းလောက်ကဖြစ်မည်ထင်သည်။ ရန်ကုန်ကို အကြောင်းကိစ္စတခုနှင့် ရောက်တော့ လှည်းတန်းဘက်လည်း ရောက်ဖြစ်ခဲ့သေးသည်။ ရေဘေးအတွက် အလှူခံနေကြသည့် လူပုဂ္ဂိုလ်တစုကိုလည်း တွေ့ခဲ့ရသေးသည်။

အမျိုးသမီးတယောက်။

လက်ထဲမှာ hand speak လေးကိုင်ပြီး အာပေါင်အာရင်းတန်တန်နဲ့ အော်ဟစ်နေသည်။




သူအော်ဟစ်နေပုံက အလှူခံနေသည့်ပုံနှင့်ပင် မတူတော့။ နည်းနည်းလေးရှေ့ဆက်လျှောက်မိတော့ လှည်းတန်းတံတားအောက်မှာ အဖွဲ့တဖွဲ့။ ကီးဘုတ်တီးတဲ့လူနှင့် ဆိုနေကြတဲ့လူတစု။ စပီကာအကြီးကြီးတွေ ချထားပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးနေကြသယောင်။ အသံတွေက ကောင်းလားဆိုတော့လည်း ထိုကဲ့သို့ မဟုတ်ပင်။

ကျွန်ုပ်စိတ်ထဲ လွန်ခဲ့သော ဆယ်နှစ်ဝန်းကျင်ဆီကို မြင်ယောင်မိသည်။ အဲ့ဒီကာလတုန်းက တက္ကသိုလ်ကျောင်းသားဘဝ နောက်ဆုံးနှစ်။ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်မှာ ယခုကဲ့သို့ရေကြီးနေသည့်အချိန်။ ကျောင်းသားတွေစုကြပြီး ဘာလုပ်ပေးရင် ကောင်းမလဲလို့ စဉ်းစားတိုင်ပင်ကြခြင်းပင်ဖြစ်သည်။

အဖြေထွက်လာတော့ အလှူခံကြမည်။ ဘယ်တွေကို အလှူခံမယ် ဘယ်ရက်တွေကို အလှူခံမယ်ဆိုပြီး ချက်ချင်း အစီအစဉ်ဆွဲကာ အကောင်အထည်ဖော်ကြသည်။ အိတ်ထဲက ငွေစိုက်ကာ ဗီနိုင်းကို လှည်းတန်းက ကွန်ပျူတာဆိုင်မှာ ထုတ်လိုက်ကြသည်။ ထိုဆိုင်ကပင် အလှူခံဖလားအဖြစ်သုံးမည့် A4 စက္ကူပုံးခွံများကို တောင်းလိုက်ကြသည်။

မှတ်မိပါသေးသည်။

ဗီနိုင်းပေါ်မှာ ရေးမည့်စာသားကိုကျွန်ုပ်က ရေးပေးတော့ အနူးအညွတ် မေတ္တာရပ်ခံပါသည်ဆိုသော စာသားကို အများစုက မကြိုက်ကြ။ ငါတို့က ကျောင်းသားတွေလေဆိုပြီး ထောက်ပြကြသည်။

တွေးမိသည်ကား ကျောင်းသားတွေဆိုတာ မှန်တယ်။ ဒါပေမဲ့ ကျောင်းသားတွေဆိုတိုင်း တခြားလူရဲ့ ငွေကြေးကို အလွယ်တကူ အလှူခံလို့မရကြောင်း၊ တခြားလူဆီက လိုချင်တာ တောင်းဖို့ဆို အောက်ကျို့တန် အောက်ကျို့ရမဲ့အကြောင်း ရှင်းပြရသည်။ သို့သော်လည်း အများစုသဘောအရ အခြားနည်းလမ်းဖြင့်သာ ရေးသားဖို့ပြောကြသဖြင့် လိုက်လျောကာ စာသားပြောင်းလိုက်သည်။

နောက်တော့ အလှူခံမည့်နေ့ရက်နှင့် လူစုဖို့ကို လူမှုကွန်ရက်ဖေ့ဘုတ်က တဆင့် ကြေညာလိုက်သည်။ ထိုစဉ်က နေ့လယ်ဘက်မှာပင် တက္ကသိုလ်ပါမောက္ခချုပ်မှ ကျောင်းနာမည်ကို သုံးခွင့်မပြုဘူးဆိုသည့်အကြောင်း သတင်းရသဖြင့် ကျွန်ုပ်တို့လည်း တက္ကသိုလ်နာမည်ကို ကိုယ်စားပြုခွင့်မရဘဲ ကျောင်းသား/ကျောင်းသူများမှဆိုသည့် အတိုင်းပင် ကျောင်းနာမည်ကို တိတ်အဝါများဖြင့်ကပ်ကာ ဖုံးပစ်ခဲ့ရသည်။

ထိုစဉ်က လှည်းတန်း၊ အင်းလျားကန်ဘောင်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ ၃ ရက်ဆက်တိုက် အလှူခံထွက်ခဲ့သည်။ လိုင်းကားသမားတွေ၊ ကုန်ကားသမားတွေမှ ကျောင်းသူလေးများကို စနောက်သည်ကိုလည်း ကြုံတွေ့ခဲ့ရသည်။ အလှူခံ ကျောင်းသား/ကျောင်းသူ ဦးရေလည်း တော်တော်များ၏။ စမ်းချောင်းထဲမှ အိမ်တအိမ်ဆိုလျှင် ဆန်အိတ်တအိတ်လုံး လှူချင်ကြောင်း၊ လာယူနိုင်မလား မေး၏။ ကျွန်ုပ်နှင့် ယောက်ျားလေးတစုသည် ကားပိုင်ရှိသော သူငယ်ချင်းကို ကားအကူအညီတောင်းကာ အဆိုပါဆန်အိတ်အား တိုက်ခန်းပေါ်မှ ထမ်းချကြ၏။ ၃ ရက်တာ ငွေကြေးစုစုပေါင်း သိန်း ၃၀ ဝန်းကျင် အလှူခံရခဲ့သည်။

ပထမတသုတ်ကိုမူ မိုးညိုဘက်သို့ ကိုယ်တိုင်သွားလုပ်အားပေးမည့် ကျောင်းမှ ကျောင်းသားတွေထံ လှူဒါန်းလိုက်ပြီး ကျန်ငွေများအား ပရဟိတ နှစ်ဖွဲ့ထံ လှူဒါန်းလိုက်ရသည်။ ထိုစဉ်က ယခုကဲ့သို့ အသံပြဲကြီးဖြင့် ရန်တွေ့သလို အော်ဟစ်အလှူခံခြင်းလည်း မလုပ်ခဲ့ကြသလို လမ်းလည်ခေါင်မှာ speaker အကြီးကြီးတွေချပြီး သီချင်းဆိုတာမျိုးလည်း မလုပ်ခဲ့ကြပေ။ သီချင်းဆိုပြီး အလှူခံတာတော့ ရှိခဲ့သည်။ သို့သော် unplugged သဘောမျိုး ခပ်တိုးတိုးမျှသာ။

အခုတော့ ထိုသို့မဟုတ်။ ဆိုတဲ့လူက ဆိုချင်တာဆိုသည်။ တီးတဲ့လူကလည်း ဘာတွေတီးနေသလဲတော့မသိ။ တချို့ ကားပေါ်မှာ ဆို တီးပြီး အလှူခံတာလည်း မြင်ခဲ့ဖူးသည်။ ထိုသူတွေသည် မူးနေသည်ဟုပင် ထင်ရလောက်အောင် လမ်းဘေး၌ပင် ကွေးနေအောင်က၍ အပြိုင်အော်ဟစ်နေကြသေးသည်။ ထိုအနီးပတ်ဝန်းကျင်မှ လူအများသည် ရေဘေးကြောင့် နားဘေးရောက်ခဲ့ရပြီဖြစ်သည်။ ကျွန်ုပ်လို လူမျိုးသာဆိုလျှင်ဖြင့် ထိုကဲ့သို့ နားဒုက္ခရောက်အောင် လုပ်သူများအား တပြားတချပ်မျှ ပေးလှူမည်မဟုတ်ပေ။

အင်မတန်မှ သရုပ်ပျက်ပေစွ။

အခု တွဲဖက်တင်ထားသည့် ကာတွန်းထဲကလိုပင်ဖြစ်နေပြီဖြစ်သည်။ မူလရေးဆွဲသူ ကာတွန်းဆရာအားလည်း လေးစားစွာဖြင့်ပင် credit ပေးပါသည်။

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ