SarPhat User
အထီးကျန်ဆန်မှုဟာ
မှောင်မိုက်တဲ့လကွယ်ညမျိုးလား။
စီးကရက်ဖြူငွေ့ကို ရှိုက်လှိုက်တိုင်းမှာ
နာကျင်စရာစိတ်ဒဏ်ရာတွေဟာ
လေထဲကို အတူလွင့်စင်သွားရင်
ဆိုတာကိုပဲ တွေးမိပြန်တယ်။
မေ ရဲ့ ဆံချည်မျှင်တစ်မျှင်ချင်းစီတိုင်းကို
မောင် ချစ်ခဲ့တယ်။
မေ ရဲ့ မောင့်အပေါ်ဆိုးသွမ်းမှုတွေကိုလည်း
မောင် ချစ်ခဲ့တယ်။
မေ နဲ့ပတ်သတ်ရင်
ဒဿဂီရိ မက အာဠာဝကဘီလူးပါ
ကိုယ်စစ်ခင်းဝံ့ပါတယ်။
အဲ့လောက်ထိချစ်တဲ့ကောင်ကိုမှ မေ မို့လို့ကွာ...။
နောက်ထပ် စီးကရက်ငွေ့တွေ
ထပ်ရှိုက်ပြန်တယ်။
လမ်းမှာတွေ့ရင် ကိုယ့်ကို
အရင်လို ပါးချိုင့်လေးပေါ်အောင်
ပြုံးပြလေတော့ ကိုယ့်ရဲ့ရင်မှာခံရခက်တာပေါ့
မေရယ်။
ဒီကောင်ရင်မှာ မင်းကို
လွမ်းရတာကို နှစ်သက်လာတယ်။
နာကျည်းရတာ နှစ်သက်လာတယ်။
ထိုနှစ်သက်မှုဟာ
နှလုံးသားကို ဓါးဖြင့်ပါပါးလှီးကာ
ဆားပတ်ထားသလိုပင်
မဖော်ပြတတ်အောင်ပါပဲ။
ကဗျာတစ်ပုဒ်ရဲ့ အစမှာ ချစ်ခြင်းနဲ့စပြီး
အဆုံးမှာ မိတ်ဆွေအနေနဲ့ ဖြစ်သွားတဲ့
ကဗျာလေးလောက် အကျည်းတန်တဲ့ ကဗျာရှိပါ့အုံးမလား။
မိုးပြိုသလို ရင်ထဲမှာ
တလိပ်လိပ် စို့တက်လာတဲ့
သတိရစိတ်တွေကို စီးကရက်ဖြူတစ်လိပ်၊
ကော်ဖီခါးခါးတစ်ခွက် နဲ့
ဖြေသိမ့်ရင်း
အေးတိအေးစက်မှောင်မိုက်တဲ့ညမှာ
ဤကဗျာအား ချစ်ရသူသိအောင်
ရေးခြင်းဖြစ်၏။
မောင်တုတ်##
Keep Reading