A Loon Kha
ဖေဖေ
=====
"ပလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ပြေး ဂျာအေး "
မန္တလေးတိုင်း ဆီမီးခုံရွာသား ဖေဖေ့ ငယ်နာမည်က ဂျာအေး တဲ့။ ဖေဖေက Broken Family မှာ ကြီးခဲ့ရသူပါ။ မြန်မာ့တိုင်းရင်းဆရာကြီးရဲ့ မြေး...(အရမ်းကြီးတော်လွန်းတဲ့ သမားတော်မဟုတ်ပါဘူး, တောရွာအားကိုးရတဲ့ ဗိန္ဓောသာသာပါ) ဖေဖေ့ရဲ့ အဖေက သာမန်ကျောင်းဆရာကြီး။ မွေးချင်းတွေ အများကြီးရှိပေမယ့် ဖေဖေက တမိပေါက်တယောက်ထွန်းခဲ့တယ်။ ဖေဖေ့ အဖေနဲ့ အမေက သူ့အိမ်ထောင်နဲ့သူ ကိုယ်စီကျသွားတော့ ဖေဖေတို့ မွေးချင်းတွေ ကမောက်ကမ ဖြစ်ကုန်ခဲ့တယ်။ ကိုယ့်ဒူးကိုယ်ချွန်ရတာပေါ့။ အမဖြစ်သူ အကိုဖြစ်သူတွေက ကိုယ့်မောင် ကိုယ့်ညီမကို အပြင်စီးပွားရှာထောက်ပံ့ရင်း ကြိုးစားခဲ့ရတာ။ ဖေဖေ့ အောက်မှာ မောင်နှမ နှစ်ယောက်ပဲ ရှိတော့တယ်။
ဖေဖေ က ပညာရေးကို အသကုန်ကြိုးစားတာ။ မူလတန်းကျောင်းသားဘဝက စလို့ အပေါင်းအသင်းတွေက Blocked Family တစ်ခုကို စနောက်စရာအဖြစ်ပြောကြ၊ လှောင်ကြတော့ ပညာရေးဘက်မှာ သူများထက်အောက်မကျအောင် အသကုန်ကြိုးစားခဲ့သလို၊ ကျောင်းပညာမဟုတ်တဲ့ တခြားပညာရေးမှာလည်း ဖေဖေက သာမန်ထက် ပိုပါတယ်။
အိမ်ထောင်ပြိုကွဲခဲ့တဲ့ မိသားစုမှာ ဖေဖေတို့ မောင်နှမတွေ အတော်ကျားကန်ပြီး ရုန်းခဲ့ရတယ်။ ဖေဖေက ဉာဏ်ကောင်းတော့ ဖေဖေ့အဖိုး တိုင်းရင်းဆေးဆရာကြီးက အချစ်ဆုံးပေါ့။
သူက အစာကြေဆေးဖော်တော့ ဖေ့ဖေ့နာမည် "မောင်မောင်အေး" အစာကြေဆေးဆိုပြီး အဲ့နယ်တစ်ဝိုက် ဖော်ရောင်းသေးတယ်။
ဖေဖေ ပြန်ပြောတာတော့ ဖိုးဖိုးက အဲ့ဆေး ထုတ်တော့ ပြောတယ် တဲ့....
"ကောင်းရင် ငါ့ပြော၊ မကောင်းရင် မန္တလေးက သမားတော်တွေသာပြောကြ။ ငါက သူတို့ဆီက ပိဿချိန်နဲ့ ပြန်ဝယ်ပြီး၊ တံဆိတ်ကပ်ပြန်ရောင်းတာဟေ့" တဲ့။
ဘယ်လိုနေနေ ဖေဖေ့နာမည်နဲ့ အစာကြေဆေးလေး အဲ့နယ်တစ်ဝိုက် နာမည်ရခဲ့ဖူးတယ်။
ညီအကို မောင်နှမအချင်းချင်း အပြန်အလှန်ဆိုပေမယ့် ဖေဖေ့ကို မောင်နှမတွေက ပိုပြီးထောက်ပံ့ပေးကြတော့ ဖေဖေက စာကိုပဲ တစိုက်မတ်မတ်ကြိုးစားနိုင်ခဲ့တယ်။
ဖေဖေက ဆယ်တန်းကို ထူးထူးချွန်ချွန် အောင်ခဲ့ပါတယ်။ ခြောက်မြို့ G.T.I ရဲ့ တက္ကသိုလ်ကျောင်းသားကြီးထိပေါ့။ အဲ့ခေတ်က ရန်ကုန်မှာ စိန်ဂေါ်လီဂိုဏ်းနဲ့ ကျော်ဟိန်းခေတ်စားနေတဲ့အချိန် ဖေဖေက ကျော်ဟိန်းစတိုင် ဆံပင်ရှည်နဲ့ စော်ကြည်ခဲ့သူပေါ့။ ပိုဆိုးတာက ဖေဖေက ကျောင်းရဲ့ စစ်တုရင်ချန်ပီယံဆိုတော့ကာ လူတိုင်း ပိုသတိထားမိတာပေါ့။ ကျောင်းဆရာ ဆရာမတိုင်း အားကိုးရတဲ့ ကျောင်းသားတစ်ယောက်ပေါ့။
ဖေဖေက မေမေနဲ့မတွေ့ခင် ရည်းစားတွေရှိခဲ့ဖူးမယ်။ ထူးထူးခြားခြား ဖေဖေပြောပြဖူးတာတော့ ခြောက်မြို့က ထမင်းဆိုင်ပိုင်ရှင်လေးပေါ့။ ခြောက်ကနေ ပုဂံကို ထမင်းဆိုင်ပိုင်ရှင်ကောင်မလေးက ဆိုင်ရွှေ့သွားတော့ ခြောက်မြို့မှာ ကျန်ခဲ့တဲ့ ဖေဖေ့ကို စာလှမ်းရေးတယ်။
လိပ်စာက "ကိုမောင်အေး GTI ချောင်မြို့ " တဲ့...
ဘယ်လိုလိပ်စာမှားမှား ဖေဖေ့ဆီ စာပို့သမားအရောက်ပို့ပေးရှာတယ်။ စာဖတ်ကြည့်တော့
"ဂျာအေး နင် ၆ မှာလား၊ ဘာတွေလုပ်နေလဲ " တဲ့....။
"မင်းကွာ ခြောက်ကို၊ ဂဏန်းလို ၆ နဲ့ ရေးတယ်" ဆိုပြီး ဖေဖေက ခုထိရီရင်းမောရင်း ကျွန်တော့်ကို ပြောပြတုန်း။
ဖေဖေရဲ့ ပုဂံမြို့က ထမင်းဆိုင်ပိုင်ရှင်ကတော့ ခုတော့ ကျိကျိတက်အဆင်ပြေနေပြီ၊ ကျွန်တော်က ပုဂံရောက်တိုင်း ဖေဖေ့နာမည်ပြောပြီး အံတီကြီးကို လိုက်စရင်း ထမင်းဝင်စားနေတုန်း..၊
ဖေဖေက အိန္ဒြေယေကြီးတယ်။ ကွယ်ရာမှာသာ ဘယ်လောက်ခင်ခင် အပြင်မှာတကယ်တွေ့ရင် သိုဝှက်တတ်တယ်။ ဘယ်တော့မှ ခံစားရတာ ထုတ်မပြဘူး။
အဲ့ဒီဖေဖေက မြောင်မြို့နယ် မင်းတန်းရွာမှာတာဝန်ကျနေတဲ့ မူလတန်းပြဆရာမလေး မေမေနဲ့တွေ့မှ ဘာလို့ သိုဝှက်ထားတာတွေ ထွက်ကျကုန်ရတာလဲလို့ မေးတော့ ဖေဖေက
"ငါ ချစ်တာ တအားပဲ " တဲ့...။
(မေမေ့ အကြောင်း ဆက်ရန်...)
A Loon Kha
Keep Reading