Author's Profile Photo

စောမြတ်နွယ်

12/10/2024

🍀"စိတ်ခံစားမှု ကျန်းမာရေး"🍀

3 mins read
Life Style
Personal Development
General Knowledge
🍀"စိတ်ခံစားမှု ကျန်းမာရေး"🍀's photo

"စိတ်ခံစားချက်တွေဟာ ရာသီဥတုလိုပဲ အမြဲပြောင်းလဲနေတတ်ကြတယ်"တဲ့။
ဉာဏရေးတဲ့ ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားဆိုတဲ့စာအုပ်လေးထဲမှာ ဖတ်ဖူးတယ်။

ဆရာမနှိုင်းပြလိုက်တာလေးက သိပ်မြင်သာထိရောက်တာပဲ။
ရာသီဥတုဆိုတာကလည်း အမြဲကြည်လင်သာယာနေတာမှ မဟုတ်တာ။

တစ်ချို့နေ့တွေမှာ ကြည်လင်သာယာနေပေမယ့် တစ်ချို့ရက်တွေကျတော့လည်း အုံ့မှိုင်းညို့ဆိုင်းနေတာပဲ။

တစ်ချို့ဆိုးရွားလွန်းတဲ့ရက်တွေဆို လေပြင်းမုန်တိုင်းတွေကျနဲ့ ကြောက်စရာကောင်းလိုက်တာ။

ကျွန်မတို့စိတ်ခံစားချက်တွေကလည်း ဒီလိုပါပဲ။တစ်ချို့နေ့တွေကျတော့ နေရတာ လတ်ဆတ်ပေါ့ပါးပြီး တက်ကြွနေတာပဲ။

တစ်ချို့နေ့တွေမှာကျတော့ စိတ်ဓာတ်တွေကျပြီး ကိုယ်နေရတဲ့ ဘဝကြီးကို စိတ်ကုန်ချင်ကုန်နေတာ။ဘဝက အဓိပ္ပာယ်မရှိလိုက်တာနဲ့ တွေးချင်တွေးနေတတ်တာနော်။

စိတ်ဓာတ်ကျသွားပြီဆိုရင် ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ ၊ကိုယ့်မှာ ရှိနေတဲ့ လုပ်နိုင်စွမ်းတွေအကုန်လုံး ပျောက်ကွယ်သွားတာ။

စိတ်ဓာတ်ကျတဲ့အကြောင်းပြောလို့
ဆရာနန္ဒာသိန်းဇံရေးတဲ့ စာအုပ်ထဲက ကျွန်မမှတ်သားဖူးတာလေး ပြောပြဦးမယ်။

ဆရာနန္ဒာသိန်းဇံရယ် ဆရာဦးအောင်သင်းရယ် ဆရာဖေမြင့်ရယ် မန္တလေးမှာ စာပေဟောပြောပွဲသွားတော့ ဆရာကြီးငွေဥဒေါင်းနဲ့ ဆုံကြတယ်။

ဆရာကြီးငွေဥဒေါင်းကလည်း တောင်ကြီးက ဆင်းလာပြီး မန္တလေးမှာ အချမ်းခိုနေတဲ့အချိန်နဲ့ တိုက်ဆိုင်တော့ ဆရာတို့ ဟောပြောပွဲကို လာရောက်အားပေးချီးမြှင့်တယ်။ အဲ့ဒီမှာ ဆရာကြီးတို့ ခေတ်က သတင်းစာတွေ ဂျာနယ်တွေ အဲ့ခေတ်က စာပေသမားတွေရဲ့ ဘဝတွေအကြောင်း ပြောဖြစ်ကြတော့ ဆရာကြီး ပီမိုးနင်းအကြောင်းပြောပြတယ်။

"ဆရာကြီးပီမိုးနင်းက ဆရာကြီးငွေဥဒေါင်းကို ကောင်အိုလေး ကောင်အိုလေးနဲ့ ချစ်စနိုး ခေါ်တတ်တယ်။တစ်ရက်မှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေတဲ့ သူ့ကို ဆရာကြီးပီမိုးနင်းက 'ကောင်အိုလေး ဘာဖြစ်လာတာလဲ' မေးတော့ သူက 'စိတ်ဓာတ်ကျသွားတယ်' လို့ လွှတ်ခနဲ ပြောလိုက်မိတယ်။

အဲ့ဒီမှာ ဆရာကြီးပီမိုးနင်းက ' ဟဲ့ ကောင်အိုလေးရဲ့ ၊ကျသွားရင် ပြန်ကောက်ယူထား ၊ အဲ့ဒါပျောက်လို့တော့ မဖြစ်ဘူး၊ဘယ်နေရာမှာမှ မလျှော့ဘူးဆိုတဲ့ စိတ်ဓာတ်ရှိနေတာဟာ ရတနာသိုက်ဖွင့်တဲ့ 'သော့' ကို ရနေတာလိုပဲ၊ရတနာကိုရရင် ကိုယ်လိုချင်တာကို ရနိုင်တာပဲ၊ ဒါကြောင့် အဲ့ဒီသော့ကို ကျမပျောက်စေနဲ့၊ ကျသွားရင် ပြန်ရှာပြီး ပြန်ကောက်ထား'လို့ ပြောသတဲ့။

ဆရာကြီး ပြောတာလေး ဟုတ်တယ်နော်။ ကျွန်မတို့တွေ စိတ်ဓာတ်ကျသွားတဲ့အချိန်ဆို ဘာမှကို မလုပ်နိုင်တော့တာ။အားအင်တွေမရှိတော့သလိုပါပဲ။ ကျန်းမာရေးတွေပါ ထိခိုက်လာတော့တာ။

' စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်ပျိုမှ ကိုယ်နု ' ဆိုတဲ့ စကားကလည်း ရှိသားမဟုတ်လား။

ကျွန်မတို့ကိုယ်တိုင်လည်း စိတ်ဓာတ်ကျတဲ့ အချိန်တွေ ရှိတာပဲ။ပြီးခဲ့တဲ့ လကဆို ကျွန်မ ကျန်းမာရေးလည်း မကောင်းဘူး။ ကျန်းမာရေးမကောင်း စိတ်ဓာက်ကကျ၊ စိတ်ဓာတ်ကျတော့ အခြေအနေက ပိုဆိုးပြီး ဘာတွေမှန်းကို မသိတော့တာ။

ကျန်းမာရေးမကောင်းတော့ ကိုယ်လုပ်နေတဲ့ အလုပ်တွေမှာ လာထိခိုက်တယ်။ နေမကောင်းတော့ ဘာကိုမှ သိပ်အားစိုက်မထုတ်နိုင်တော့ဘူး၊မလုပ်နိုင်တော့ဘူး။

အဲ့ဒါကြောင့် ဆရာကြီးဦးအောင်သင်းက ​ပြောတာ ''ဘဝမှာ ကြီးပွားချင်သလား ၊ အောင်မြင်ချင်သလား၊ အသက်ကလေး ရှည်ပါစေနော်"တဲ့။ "သေသွားရင် ဘာမှ မလုပ်နိုင်တော့ဘူး၊ ဘာမှ မဖြစ်နိုင်တော့ဘူး။ အဲ့ဒီတော့ အသက်ရှင်ဖို့ ကျန်းမာနေဖို့ အရေးကြီးတယ်"တဲ့ ။

အဲ့ဒီတော့ ကျွန်မတို့ကိုယ်နဲ့စိတ်ဟာ ဆက်စပ်နေတယ်။ကိုယ်မကျန်းမာရင် စိတ်ကပါရောပြီး မကြည်လင်တော့ဘူး။အဆင်မပြေတော့ဘူး။

စိတ်မချမ်းသာပြန်ရင်လည်း ခန္ဓာကိုယ်ကို လာထိခိုက်ပြန်တယ်။

ဒါကြောင့်မို့ ကျွန်မတို့တွေရဲ့ နေ့စဉ်ဘဝမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ရဖို့ဆိုရင် ကိုယ်ကျန်းမာဖို့လည်း အရေးကြီးတယ်၊စိတ်ချမ်းသာဖို့လည်း အရေးကြီးတယ်။

အဲ့ဒီတော့ ကိုယ်ကျန်းမာအောင် ဘယ်လိုနေထိုင်ရမလဲ၊ စိတ်ချမ်းသာအောင် ဘယ်လိုနှလုံးသွင်းကျင့်ကြံရမလဲ။

ကိုယ်ကျန်းမာအောင် နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်၊ အာဟာရပြည့်ဝအောင်စား၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်၊ရေကို များများသောက်။

"ဦးနှောက်ရဲ့ စွမ်းဆောင်ရည်က အစာအိမ်နဲ့ တိုက်ရိုက်အချိုးကျတယ်"တဲ့လေ။
ဒါကြောင့် အကောင်းဆုံးစွမ်းဆောင်ရည်တွေ ရနိုင်ဖို့အတွက် အာဟာရပြည့်ပြည့်ဝ ဝစားဖို့ကလည်း အရေးကြီးတယ်။

စိတ်ကျန်းမာဖို့ကျတော့ အရင်ဆုံး ကိုယ့်စိတ်ကို ရှင်းအောင်ထား၊ နေ့စဉ် ဘာသာရေးတစ်ခုခုလုပ်၊ ဘုရားရှိခိုးတာဖြစ်ဖြစ် ပဌာန်းရွတ်နိုင်ရင်ရွတ် ၊ တရားထိုင်နိုင်ရင် ​နေ့စဥ်အကြာကြီး မဟုတ်တောင် ၁၅မိနစ်လောက် တရားထိုင်၊ စာအုပ်စာပေဖတ်၊ တကယ်လို့ အဆင်ပြေရင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသရဲ့ တရားတော်တွေ များများနာ ၊အဲ့တရားတော်တွေထဲမှာ ဘဝအတွက် နေနည်းထိုင်နည်း စိတ်ထားတဲ့နည်းတွေ အကုန်ပါတယ်။

အခု ကျွန်မပြောသွားတာတော့ လွယ်လွယ်လေးပေါ့နော်။

တကယ့်တကယ် လိုက်လုပ်ဖို့ကျတော့ မလွယ်ဘူး။ကျွန်မကိုယ်တိုင်အတွက်လည်း မလွယ်ဘူး။

ဒါကြောင့်မို့ အပြောလွယ်ပေမယ့် တကယ် လက်တွေ့လိုက်နာကျင့်သုံးဖို့ ခက်တယ်လို့ ပြောကြတာ။

အဲ့ဒီတော့ အရေးကြီးတာက စိတ်ဖိစီးမှုတွေ မွန်းကျပ်မှုတွေ ခံစားနေရပြီဆိုရင် ဘာကြောင့် ကိုယ့်မှာ အခုလိုစိတ်ခံစားချက်မျိုးတွေ ဖြစ်နေတာလဲဆိုတဲ့ အကြောင်းရင်းကို မြင်အောင်ကြည့်နိုင်ဖို့ အရေးကြီးတယ်။

ကျွန်မတို့က အကြောင်းရင်းကိုသိမှသာ ဖြေရှင်းလို့လွယ်မှာ မဟုတ်လား။

တစ်ခါတစ်လေကျရင် ပြဿနာရဲ့ အရင်းအမြစ်က ကိုယ်ကိုယ်တိုင် ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။

တစ်ချို့အကြောင်းအရာတွေမှာ ကိုယ်ကိုယ်တိုင်ရဲ့ တွေးခေါ်ပုံ ရှုမြင်ပုံတွေ မှားနေရင်လဲ ကိုယ့်စိတ်ကို ပြန်နှိပ်စက်သလို ဖြစ်နေတတ်တယ်။

ဒါကြောင့် အဆင်မပြေတဲ့ စိတ်ခံစားချက်ဖြစ်လာပြီဆိုရင် မိမိကိုယ်ကို အရင်ဆန်းစစ်ပါ။မိမိစိတ်ကို အရင်မြင်အောင်ကြည့်ပါ။မိမိစိတ်ခံစားချက်ကို ဦးဆုံး နားလည်အောင်လုပ်ပါ။

ကိုယ့်စိတ်ခံစားချက်ကို မြင်ပြီဆိုရင် ပြဿနာရဲ့ ၅၀ ရာခိုင်နှုန်းကို ဖြေရှင်းပြီးသားဖြစ်တယ်။

ကျွန်မတို့ ဖြတ်သန်းရတဲ့ နေ့စဉ်ဘဝတွေမှာ အမြဲအဆင်ပြေသာယာနေမှာတော့ မဟုတ်ဘူးပေါ့။ စိတ်ခံစားချက်တွေလည်း အဲ့လိုပဲပေါ့။ကြည်တလှည့် နောက်တစ်လှည့်ဖြစ်နေမှာပဲ။ဒါဟာ ပုံမှန်ပဲ။ လူတိုင်းဟာလည်း ဒီလိုပဲ။ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ဘူး။

ဒါပေမယ့် ကိုယ့်ဘဝကို ဟန်ချက်ပျက်သွားလောက်အောင် ယိုင်နဲ့သွားလောက်အောင် စိတ်ခံစားချက်တွေကို အကြာ​ကြီး လွှတ်ထားလို့လည်း မဖြစ်ဘူး။စိတ်ဓာတ်ကျသွားလို့လည်း မဖြစ်ဘူး။

ဒါကြောင့် ဘဝမှာ ဟန်ချက်ညီညီလျှောက်လှမ်းနိုင်ဖို့ဆိုရင် ကိုယ်ရောစိတ်ပါ ကျန်းမာနေဖို့အရေးကြီးပါတယ်။

ဒါကြောင့် ကိုယ့်စိတ်မှာ ဖြစ်တည်လာတဲ့ ခံစားချက်တွေကို လက်ခံပါ။ စိတ်ခံစားချက်တွေ ဖြစ်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် မဖြစ်ပါနဲ့။

ဒါပေမယ့် သတိပြုရမှာက စိတ်ခံစားချက်တွေကို ဆုပ်ကိုင်မထားဘဲ လွှတ်ချသင့်တဲ့အချိန်မှာ လွှတ်ချလိုက်ဖို့ မမေ့ပါနဲ့နော်။


#စောမြတ်နွယ်
12.10.2024

















Keep Reading

အွန်လိုင်းသင်တန်းများမှ ရရှိလာသော ပြောင်းလဲမှုများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ဟဲမင်းဝေး နေ့စဉ်ဘဝကျွန်တော့်ပြောင်းလဲမှု အချို့၏ အစပျော်စရာနေ့အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုး