Min Nge (မင်းငယ်)
မိတ်ဆွေ “ဈေးဝယ်တတ်လား?”
သိတတ်တဲ့ ကလေးအရွယ်ကစလို့ အရွယ်ရောက်လာသည့်တိုင် ဈေးမဝယ်ဖူးတဲ့သူဆိုတာ မရှိပါဘူး။ အားလုံးကတော့ နေ့စဉ်နဲ့အမျှ ကိုယ်စားချင်တာ၊ ကိုယ်လိုချင်တာတွေနဲ့ ပတ်သက်ပြီး တစ်ခုမဟုတ်တစ်ခု ဈေးဝယ်နေကြတဲ့ သူတွေချည့်ပါပဲ။ ကျွမ်းကျွမ်းကျင်ကျင် ဈေးဝယ်တတ်တဲ့သူနဲ့ မဝယ်တတ်တဲ့သူ ဒါလေးပဲ ကွဲပြားကြတာပါ။ ဒါဆို ဈေးဝယ်တာနဲ့ ပတ်သက်ပြီး ဘယ်သူတွေ ဂျင်း ထည့်ခံဖူးကြပြီးပြီလဲ။ ဂျင်း မမိဖူးသေးဘူးဆိုရင်တော့ သင်ဟာ ဈေးဝယ်တော်တဲ့ လူတယောက်ပါပဲနော်။ ကျွန်တော်ကတော့ ဈေးဝယ်မနပ်လို့ ခဏခဏ ဂျင်းမိနေခဲ့သူတစ်ယောက်ပေါ့။
ဒီကနေ့မှာတော့ “ဈေးဝယ်တတ်ပါစေ ဂျင်းမမိစေနဲ့ “ ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကျွန်တော်ဂျင်းမိခဲ့ဖူးတာလေးကို ပြောပြပေးချင်ပါတယ်။
ကျွန်တော်ဟာ နေ့တိုင်း အလုပ်သွားအလုပ်ပြန် ရပ်ကွက်ဈေးလေးထဲကနေ ဖြတ်လျှောက်ရပါတယ်။ မနက်တိုင်းဆို ဈေးတန်းထဲမှာ မြန်မာမုန့် ရောင်းတဲ့ ဈေးသည်တွေလည်း ရှိပါတယ်။တစ်နေ့မှာ ကျွန်တော်က “မုန့်ဖက်ထုပ်” စားချင်စိတ်လေးပေါက်လာလို့ ဖုန့်ဖက်ထုပ်သည်ဆီ သွားဝယ်လိုက်ပါတယ်။ဘာရယ်တော့မဟုတ် ဘယ်မုန့်ဖက်ထုပ်က ကြီးလဲဆိုတာ ကျွန်တော်လိုက်ကိုင်ကြည့်တာပေါ့။ ကျွန်တော် မုန့်ဖက်ထုပ်တွေကို လိုက်ကိုင်ကြည့်တော့ ဈေးသည်က “သားလေး ညကျန်မဟုတ်ဘူး၊ ခုမနက်အစောကမှထုပ်ထားတာ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးပဲ” တဲ့။ဒီအချိန်မှာ ဈေးသည်က သူ့မုန့်ဖက်ထုပ်ကို သူမလုံမလဲဖြစ်နေတာကို ကျွန်တော်မရိပ်မိဘူးဗျ ( လူကဲခတ်ကလဲ ညံ့တာကို)။ ကျွန်တော်လဲ ဘာမှမတွေးမိသလို ဘာမှလဲပြန်မပြောဖြစ်ဘူး။ မုန့်ဝယ်ပြီး အလုပ်ကိုသွားတာပေါ့။ အလုပ်ရောက်လို့ မုန့်စားမယ်ဆိုပြီးအားရပါးရနဲ့ ငှက်ပျောဖက်လေးခွာလိုက်ပါတယ် အဲ့မှာပဲ အသိုးနံ့တွေက ထွက်လာပါလေရောဗျာ။ဒါနဲ့ ဝယ်လာတဲ့ ဖက်ထုပ်(၅)ထုပ်လုံး လိုက်နန်းကြည့်တော့ ဟုတ်ပ အကုန်အသိုးတွေချည့်ပဲ။အဲ့ကျမှ ကိုယ့်ကိုယ်ကို ပြန်တွေးကြည့်ပြီး ရယ်လိုက်မိတော့တယ်။”ဪ ညံ့လိုက်တဲ့ငါပါလား”ပေါ့။ ဟုတ်ပါတယ် ဈေးသည်က ညကျန်မဟုတ်ဘူးလို့ ပြောလိုက်ကတည်းက ကျွန်တော်သိသင့်ပါတယ်။ဒါပေမယ့် ကျွန်တော်မရိပ်မိခဲ့သလို နန်းရှိုက်ကြည့်ဖို့လဲ မတွေးခဲ့မိဘူး။(ဘယ်ထင်ပါ့မလဲ မုန့်ဖက်ထုပ်ကလဲ ပူနွေးနေတာကို)။ ဒီလိုကြုံခဲ့ဖူးလို့ ကျွန်တော် မှတ်သွားပြီလား၊ ဈေးဝယ်နပ်သွားပြီလား ဆိုတော့ မှတ်လည်းမမှတ်သလို၊ နပ်လည်းမနပ်သေးပါဘူး။ သိပ်မကြာခင် ရက်လေးကလည်း နောက်တကြိမ် ထပ်ပြီး ဂျင်းမိခဲ့ပြန်ပါပြီ။ အဲ့တာကဘာလဲဆိုတော့ “နှမ်းဖတ်ချဉ်သုပ်” လေးနဲ့ (အထက်အညာဒေသမှာတော့ နွားကျွေးတာလို့ သိရပါတယ်) ထမင်းလေးစားချင်တယ်ဆိုပြီး “နှမ်းဖတ်ချဉ်” ဝယ်မိပါတယ်။ ဈေးသည်က “မောင်လေး အခုမှ ထည့်ထားတာ” လို့တော့ ပြောပါတယ်။ ဒီအခါမှာလည်း ကျွန်တော် ဘာမှ မတွေးမိခဲ့ပါဘူး။ အိမ်ရောက်ပြီး ရေမိုးချိုးပြီးလို့ ညစာ, စားတော့မယ်ဆိုတော့ “နှမ်းဖတ်လေးသုပ်မယ်” ဆိုပြီး ပန်းကန်ထဲလဲထည့်ရော အသိုးနံ့ထွက်နေတာ အနံ့တောင်ရှူလို့မရတော့ဘူး။ဒီတစ်ခါမှာတော့ ကျွန်တော် ကိုယ့်ခေါင်းကိုယ် ပြန်ထုမိလိုက်တော့တယ်။ အဲ့နောက်ပိုင်း ဈေးဝယ်နည်းနည်းနပ်လာခဲ့ပါပြီ။ဘာဝယ်ဝယ် သေသေချာချာစစ်ပြီးမှ ဝယ်ပါတော့တယ်။
တစ်ခါတလေမှာ ကျွန်တော်တို့တွေဟာ သိနေပါလျှက် သတိလက်လွတ်နဲ့ မေ့လျှော့နေတာမျိုးတွေရှိသလို မသိလိုက်ဘဲ ဝယ်လိုက်မိတာမျိုးတွေလည်းရှိတတ်ပါတယ်။ဒီလိုနေရာမှာ အစားအသောက်နဲ့ပတ်သက်လာရင် ကျွန်တော်တို့ အမြဲသတိရှိနေဖို့လိုပါတယ်။ကျွန်တော်တို့ကလဲ စားချင်လို့ဝယ်တယ် ဈေးသည်တွေကလဲ အရင်းမပြုတ်ချင်လို့ ရောင်းနေကြတယ်။အဓိက, ကတော့ ကျွန်တော်တို့ ဝယ်ယူစားသုံးသူတွေဘက်က ကိုယ့်ကျန်းမာရေးအတွက် ကိုယ်ကိုယ်တိုင် ဂရုစိုက်နေဖို့ အရေးကြီးပါတယ်။ တစ်ဖက်က ဂျင်းထည့်ရောင်းတယ် ဝယ်တဲ့သူက မသိလို့ ဝယ်မိလိုက်တယ်။ အချို့ကမကောင်းမှန်သိလို့ စွန့်ပြစ်လိုက်ကြပေမယ့် အချို့ကြတော့လည်း ပေးခဲ့ရတဲ့တန်ဖိုးပေါ်မူတည်ပြီး နှမြောလို့ စားလိုက်ကြတယ်။ပိုက်ဆံနှမြောတာက ကိစ္စမရှိပေမယ့် မကောင်းတဲ့အစားအစာတွေ စားမိလိုက်တဲ့အခါ ကျန်းမာရေးကို ထိခိုက်နိုင်တာတွေအထိ နောက်ဆက်တွဲ ပြဿနာတွေရှိလာနိုင်ပါတယ်။ဒါကြောင့် ဘယ်လိုအစားအသောက်ပဲဝယ်ဝယ် သန့်ရှင်းလတ်ဆတ်မှုနဲ့ သက်တမ်းကုန်းဆုံးရက်တွေကို သေသေချာချာ စစ်ဆေးပြီး ဝယ်ယူစားသောက်ကြပါ ဂျင်းထည့်မခံပါနဲ့။ဂျင်းဆိုရင် စားတဲ့ ဂျင်း (ချင်း) ကလွဲပြီး ကျန်တဲ့ဂျင်းက ဘာမှကောင်းကျိုးမပြုပါဘူးနော်။
အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ...
Min Nge (မင်းငယ်)
(12.10.2024)
Keep Reading