Author's Profile Photo

Lin Myaing

22/03/2024

ရင်ခုန်ခြင်း၏အခြားတစ်ဖက် အပိုင်း-၂

3 mins read
Life Style
Book Review
History
ရင်ခုန်ခြင်း၏အခြားတစ်ဖက် 
အပိုင်း-၂'s photo


"ဟဲလို.. အင်း မောင်ကြားတယ် ချည် နိုးပြီလား"


"အင်း နိုးပြီ၊ မောင်ရောရုံးရောက်ပြီလား ဘာစားခဲ့ပြီလဲ"


မနက်အစောပိုင်းကလို ချည်အသံများတုန်ရီစွာဖြစ်မနေသည့်အတွက် ကျွန်တော်အနည်းငယ်စိတ်အေးရသည်။ ဒီနေ့ရုံးမှာ အစည်းအဝေးရှိနေလို့သာ ရုံးတက်ရတာ၊ ကျွန်တော့်စိတ်ထဲတွင်တော့ ချည်အတွက် စိတ်မကောင်း၊ ချည် ကိုယ့်ကိုကိုယ် တစ်ခုခုလုပ်လိုက်မှာကိုလည်း စိတ်ကပူနေသည်။ သူ့ကိုတော့ သေချာနားဝင်အောင် ပြောပြပြီး လုပ်သင့်တာ၊ ဖြစ်သင့်တာကို ပြောရမည်။

"ချည်ရော မနက်စာစားပြီးပြီလား၊ ခုမှ အိပ်ရာနိုးတော့ မျက်နှာရော သစ်ပြီးပြီလား"


"စားချင်စိတ်မရှိလို့မစားတော့ဘူး၊ ခနနေရေချိုးမှ မျက်နှာတခါထဲသစ်လိုက်တော့မယ်"


"ဪ ချည်ရယ် မောင့်စကားကိုနားထောင်မှ ချည်အတွက် ပိုပြီးအဆင်ပြေမှာပေါ့၊ ချည်စိတ်သက်သာရာ ရမှာပေါ့"


"အင်းပါ မောင်ရယ်၊ ရေချိုးပြီးမှ တစ်ခုခုစားလိုက်မယ်နော် ကိုယ့်အတွက် အဲ့လောက်လဲမစိုးရိမ်ပါနဲ့ကွယ်၊ ကိုယ့်ကြောင့် မောင်လည်း စိတ်အနှောက်ယှက်ဖြစ်သွားရပြီ"


"ချည်နဲ့ မောင့်ကြားမှာ ဒါတွေပြောနေဖို့မလိုပါဘူးကွာ၊ ချည်ကလိမ်မာပြီးသားပါ၊ ဒါကြောင့် ချည်ကို မောင်ကတစ်ရက်ပြောင်းသွားတိုင်း တစ်ခါပိုချစ်နေရတာ"


"အမယ် မောင်ကပိုပြီ"


"မောင် တကယ်ပြောတာ ချည်ရဲ့၊ ခုမနက် မောင် ကော်ဖီတစ်ခွက်ပဲသောက်လာတာ ရုံးရောက်မှ ချည်ကျွေးတဲ့ ကြက်ဥတွေအဝစားတော့မယ်ဆိုပြီး ချည်နိုးမယ့်အချိန်ကို စောင့်နေတာ"


ချည်ဆိုသော မိန်းကလေးမှာ ကျွန်တော့်အတွက် အချိန်ခန‌လေးအတွင်းမှာ သံယောဇဉ်တွယ်ခဲ့ပြီးမှ ပိုပြီးချစ်လာရသည်။ သူ၏ လက်ညိုးနဲ့လက်မ ကွေးပြီး ကွင်းတစ်ခုပုံစံဖြစ်အောင်လုပ်ကာ ပါးမို့မို့လေးပေါ် တင်၍ ကြက်ဥစားဆိုပြီး ကျွေးတတ်သည်။ ကျွန်တော်ကလည်း သူ့ရဲ့ချစ်စဖွယ် ထိုအပြုမူလေးကိုပင် နှစ်သက်မြတ်နိုးရင်း သူ့မေတ္တာတွေ တစ်ရက်ပြီးတစ်ရက် စားသုံးလျက်ရှိ၏။ သို့သော် ချည်နဲ့ကျွန်တော်တို့ ဇာတ်လမ်းသည် မြန်မာဇာတ်ကားတွေထဲကလို ဖြစ်တော့မှာလား၊ ဖတ်ခဲ့ဘူးတဲ့စာအုပ်တွေထဲက ကြေကွဲစရာ ဇာတ်ကောင်တွေဖြစ်တော့မှာလားဆိုပြီး အတွေးထဲဝင်ရောက်နေရာယူလျက်ရှိနေသည်။

လွန်ခဲ့သော ငါးလခန့် ..

"ကိုမင်းရေ ဒီမှာအပေါ်ရုံးကစာကျလာပြီ၊ ပြင်ဦးလွင်ကို သင်တန်းသွားရမှာတဲ့"


"ဟုတ်လား ပေးပါအုံးမသက်၊ ဘာသင်တန်းတဲ့လဲ"


ကျွန်တော့်လက်ထဲကို ရုံးကစာရေးမလေး မသက်က စာရွက်တစ်ရွက်ထည့်ပေးသည်။ ပြင်ဦးလွင်မြိုနယ်၌ အစိုးရဌာနများနှင့်အရပ်ဘက်အဖွဲ့အစည်းဝန်ထမ်းများအား ဖွင့်လှစ်သင်ကြားပေးနေသည့် "အစိုးရ၊ပုဂ္ဂလိကဝန်ထမ်းများပြုပြင်ပြောင်းလဲရေး" သင်တန်းတက်ရောက်ရန် အစိုးရမှ ကျွန်တော့်ထံလိပ်မူကာပေးပို့ခြင်းဖြစ်သည်။ သင်တန်းကာလက ရက်သတ္တပတ် (၁၀) ပတ်ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ်ရှိ ဇီးပင်ကြီးသင်တန်းကျောင်းတွင် တက်ရမည်ဖြစ်သည်။

"ဟာ သူတို့က မေလ ၂၁ ရက်နေ့အရောက်ဆိုပြီး ဒီနေ့ ၂၀ ရက်နေ့မှရောက်တယ်၊ ခုမှစာဝင်ရသလား၊ ငါက ဘယ်အချိန်ပြင်ဆင်ပြီး ဘယ်လိုသွားရမလဲ၊ ဒုက္ခပဲ၊ အစိုးရဌာနတွေလည်း ဒီစာလေးတစ်စောင်တောင် အချိန်မီမပို့နိုင်သေးပါလား၊ တော်တော်ပြုပြင်ပြောင်းလဲရဦးမှာပဲ"


တစ်ယောက်ထဲညည်းညူရင်း ကျွန်တော့်အထက်အရာရှိ ဒါရိုက်တာ‌ဦးဇော်လတ်ထံ အကျိုးအကြောင်းပြောရန် ထလိုက်သည်။

"ဆရာ ဒီမှာ ကျွန်တော်ပြင်ဦးလွင်မှာ သင်တန်းတက်ဖို့ဆိုပြီး စာဝင်လာလို့၊ မနက်ဖြန်ဘဲ သင်တန်းကျောင်းအရောက်သွားရမယ်တဲ့"


"ဟုတ်လား ညီလေး၊ မင်းဘာလိုအပ်သေးလဲ၊ တာဝန်လွှဲပြောင်းခြင်းဆိုင်ရာအစီရင်ခံစာကို မသက်ကို ထုတ်ခိုင်းလိုက်၊ ပြီးရင်မင်းလက်မှတ်ထိုးပြီး ပြင်ဆင်စရာရှိတာပြင်ဖို့ မင်းရုံးစောဆင်းလိုက်တော့၊ မင်းသင်တန်းသွားဖို့ရော ငွေလိုသေးလား"


"ကျွန်တော်ကတစ်ယောက်ထဲနေတာဆိုတော့ သိပ်အများကြီး မပြင်ရပါဘူးဆရာ၊ ‌ငွေတော့ ကျွန်တော့လက်ထဲ တစ်သိန်းခွဲလောက်တော့ရှိဦးမယ်"


"ဪ အေး မင်းလိုရင် ခုလစာကြိုထုတ်သွားလိုက်လေ၊ မဥမ္မာရေ ကိုမင်း ကို လစာကြိုထုတ်ပေးလိုက်လေ"


ကျွန်တော်လည်း လစာကြိုထုတ်၊ တာဝန်လွှဲပြောင်းစာ လက်မှတ်ထိုးပြီး ရုံးကတာဝန်ရှိသူတို့ကို နှုတ်ဆက်ပြီး ရုံးစောဆင်းခဲ့သည်။ အပြန်တော့ ဈေးကိုဝင်ကာ လိုအပ်တာတွေဝယ်ပြီး မနက်ဖြန်မနက် ၁၀ နာရီ ခရီးသွားရန် လက်မှတ်ဖြတ်လိုက်သည်။

"ပြင်ဦးလွင်"

ကျွန်တော်တစ်ခါမှ မရောက်ဘူးသေးတဲ့မြို့၊ သွားချင်နေတာကြာပြီ၊ ခုမှပဲရောက်တော့တယ်၊ ဟိုတုန်းက ပြင်ဦးလွင်အတက်လမ်းတွေက အန္တရာယ်အရမ်းများပြီး accident များမကြာခဏဖြစ်ကြသည်။ ခုတော့ နိုင်ငံရဲ့ခေတ်စနစ်အခြေအနေအရ လမ်းတွေကလည်းကောင်းနေ၏။ တောင်တက်လမ်းသည် အကွေ့အကောက်များရှိပြီး လမ်းဘေးဝဲယာတွင် ကျောက်တောင်ကြီးများကာရံလျက်ရှိ၏။‌ တောင်တက်လမ်းအတွင်း ကုန်ကားကြီးများကို ကျွန်တော်တို့ express ကားကကျော်တက်ကာ လျင်မြန်သောအရှိန်ဖြင့် ကွေ့ကောက်ဖြတ်သန်းလျက်ရှိ၏။ တောင်အတက်လမ်းမှ တောင်ခြေကို ကားပြတင်းမှန်မှကြည့်နေရင်း ဖုန်းတွင်လည်း မေမြို့ သို့မဟုတ် ပြင်ဦးလွင်ဆိုသည့် သီချင်းကို ခေတ်ဟောင်းမှစ ခေတ်လွန်ဗားရှင်းအထိ နားကြပ်ဖြင့် နားထောင်လျက်ရှိ၏။ ခရီးမထွက်ရတာကြာပြီဖြစ်သော ကျွန်တော့်အဖို့ ဒီခရီးသည် သင်တန်းတက်ခရီးအဖြစ်မေ့ကာ အပျော်ခရီး၊ အားလပ်ရက်ခရီးအဖြစ်သာ သွားရောက်နေကြောင်း စိတ်တွင်ထင်ဟပ်လျက်ရှိသည်။

"မဂျူး ကားလက်မှတ်အရောင်းဆိုင်" ဆိုသည့်ဆိုင်းဘုဒ်တစ်ခုကို တွေ့သည်နှင့် ကားဆရာက

"မင်းဆင်းမယ့် မဂျူးဂိတ်ရောက်ပြီညီလေး "

ကျွန်တော်တစ်ခါမှမရောက်ဘူးသော နေရာသို့ ကားဆရာအကူအညီနဲ့ရောက်လာပါပြီ။
အထုပ်အပိုးနဲ့အတူ လူပါဆင်းလိုက်သည်။ ကျွန်တော်နဲ့အတူ အမျိုးသမီးတစ်ယောက်ခြင်းတောင်းတွေ၊ ခရီးဆောင်အိပ်တွေနဲ့ ဆင်းလာသည်ကို ကျွန်တော်မြင်တွေ့လိုက်သည်။ ကျွန်တော်က စကားစလိုက်သည်။

" အစ်မ ဘယ်သွားမှာလဲ၊ လာကြိုမှာလား "

သူကရယ်ပြီး ကျွန်တော့်စကားကိုတုန့်ပြန်သည်။

" ဘယ်ကလာကြိုမှာလဲ မောင်လေးရဲ့၊ အစ်မက ဒီဇီးပင်ကြီးကျောင်းမှာ သင်တန်းလာတာ "

သင်တန်းလာတာဆိုလို့ ကျွန်တော်နဲ့သင်တန်းတူမလားလို့ ထပ်ပြီးစပ်စုကြည့်ရာ

"အစိုးရ၊ပုဂ္ဂလိကဝန်ထမ်းများပြုပြင်ပြောင်းလဲရေး သင်တန်းမောင်လေးရဲ့ အရင်တစ်ခေါက်သင်တန်းဖွင့်‌တုန်းကလည်း အစ်မလာတက်သေးတယ်၊ တက်နေရင်း ရုံးကအရေးကြီးကိစ္စရှိလို့ဆိုပြီး ပြန်ခေါ်လို့ ပြန်သွားရတာ၊ ခုက သင်တန်းထပ်ဖွင့်တော့ အစ်မလာတက်လိုက်တာ"
" ဪ ကျွန်တော်လည်း အဲ့သင်တန်းပဲလာတက်တာ၊ ကျွန်တော်ကနေပြည်တော်ကလာတာ၊ အစ်မက အိတ်တွေခြင်းတွေ အများကြီးမို့ ဇာတိကိုပြန်လာတာလို့ထင်နေတာ"


အပိုင်း(၃) မျှော်
အပတ်စဉ်တင်ဆက်ပေးလျက်ရှိပါတယ်။
လေးစားစွာဖြင့်

#လင်းမြိုင်


Keep Reading

အထက်တန်းစားနှင့်အောက်တန်းစားစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအိန္ဒိယပညာရေးအကြောင်း တစေ့တစောင်းဟဲမင်းဝေး နေ့စဉ်ဘဝအောင်မြင်မှုနှင့်လိုအပ်ချက်များကျောင်းနှစ်ကျောင်း‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်ဆင်းရဲသားလေး ဂျက်လန်ဒန်