Ami(Stellari)
ဒီကိစ္စကို ပြောရမှာ အနည်းငယ်တော့ ရှက်ဖို့ကောင်းလှပါတယ်။ ဒါပေမဲ့ ဝမ်းကျန်းမာရေးဟာ အမှန်တကယ် အရေးကြီးလှတဲ့ ကျန်းမာရေးကိစ္စဖြစ်တာကြောင့် ကျွန်မတို့ လျစ်လျူမရှုသင့်ပါဘူး။
'ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး' ဆိုတဲ့ စကားကို အားလုံးလိုလို ကြားဖူးကြမှာပါ။ ဟုတ်ပါတယ်။ အဲ့စကားတိုင်းပါပဲ။ ကိုယ်က ဝမ်းကောင်းတယ်၊ ဝမ်းမှန်မှန် သွားတယ်ဆိုရင် နေရထိုင်ရတာ ပေါ့ပေါ့ပါးပါး ရှိလှပါတယ်၊ စိတ်လည်း ပေါ့ပါးပါတယ်။
ဝမ်းမမှန်တဲ့အခါ ခံစားရတဲ့၊ ဖြစ်တဲ့ ဝေဒနာကို တကယ်ဝမ်းချုပ်တဲ့ သူတွေပဲသိပါတယ်။ အဲဒီလူတွေထဲ ကျွန်မကိုယ်တိုင်လည်း ပါပါတယ်။ ကျွန်မငယ်ငယ်ကဆိုရင် အတော်လေး ဝမ်းချုပ်၊ ဓာတ်ချုပ်ပါတယ်။ ရက်နဲ့ချီပြီး အိမ်သာမသွားနိုင်တဲ့အထိပါ။ ဗိုက်ကနာပေမဲ့ ဝမ်းက မသွားနိုင်တော့ အတော်လေး စိတ်ဒုက္ခရောက်ရပါတယ်။ ခေါင်းလည်း မကြည်လင်ဘဲ စိတ်ရှုပ်နေတတ်ပါတယ်။ နောက်ပြီး ဝက်ခြံစထွက်တဲ့အချိန်မှာ ဝမ်းမကောင်းတဲ့အတွက် ကျွန်မက အခြားသူတွေထက်ကို ပိုပြီး ဝက်ခြံပေါက်ပါတယ်။
ရက်အတော်အကြာထိ ဝမ်းမသွားနိုင်တဲ့နောက်မှာတော့ ဆေးသောက်ခဲ့ရပါတယ်။ တကယ်တမ်းတော့ ဆေးဆိုတာလည်း သောက်တိုင်းမကောင်းပါဘူး။ ဆေးသောက်မှရမယ်ဆိုတာမျိုး ဖြစ်တတ်လို့ပါ။ ကြာလာရင်လည်း ဆေးမတိုးတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျွန်မက ဒီတစ်ခေါက်မှာ ဝမ်းမှန်စေဖို့အတွက် ဆေးသောက်စရာမလိုပဲ အလွယ်တကူ ပြုလုပ်နိုင်မယ့် အလေ့အကျင့်တွေကို ဖော်ပြပေးပါ့မယ်။
(၁) အသီးအနှံ၊ အရည်သောက်များများစားပါ။
'အစာလည်းဆေး၊ ဆေးလည်း အစာ' ဆိုသလိုပါပဲ။ ဝမ်းနုတ်ဆေးတွေချည်း သောက်မယ့်အစား ဝမ်းမှန်စေတဲ့ အစားအသောက်တွေ စားပါ။ အဓိကကတော့ အသီးအရွက်နဲ့ ပဲတွေပါ။ ဟင်းရည်များများ သောက်ပါ။ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေစားပါ။
(၂) ရေများမျာသောက်ပါ။
ဒုတိယအချက်ကတော့ ရေများများသောက်ဖို့ပါ။ ရေများများသောက်ခြင်းက အစာချေဖျက်မှုကို အထောက်အကူဖြစ်စေပြီး ဝမ်းပျော့စေပါတယ်။ မနက်မိုးလင်းလို့ နိုးပြီဆိုတာနဲ့ ရေဝဝသောက်ပါ။ အဲဒီလိုသောက်ခြင်းက အူလမ်းကြောင်းကို သန့်ရှင်းရေးလုပ်ပေးပါတယ်။ သောက်ပြီးတဲ့အခါ ဝမ်းသွားချင်သလို ဖြစ်လာပါလိမ့်မယ်။ ဒါမှမဟုတ်လည်း မနက်စာစားပြီးချိန်မှာ သွားချင်လာပါလိမ့်မယ်။
(၃) ကိုယ်လက်လှုပ်ရှားမှုရှိပါ။
အချိန်အကြာကြီး တစ်နေရာတည်းထဲမှာ ထိုင်နေတာမျိုး ရှောင်ကြဥ်သင့်ပါတယ်။ လမ်းများများလျှောက်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဟာဆိုရင် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။
(၄) ဝမ်းသွားချင်ပြီဆိုရင် အချိန်မဆွဲပါနဲ့။
ဒါကတော့ ကျွန်မ ကိုယ်တိုင်လည်း ဖြစ်တတ်လွန်းပါတယ်။ ဖုန်းကြည့်နေရင်းဖြစ်ဖြစ်၊ အလုပ်တစ်ခုခု လုပ်နေရင်းဖြစ်ဖြစ် ဗိုက်နာလို့ သန့်စင်ခန်းဝင်ချင်ပြီဆိုရင် ခဏနေမှသွားမယ်ဆိုပြီး လုပ်တတ်ပါတယ်။ ဝမ်းမှန်သူတွေအနေနဲ့ကျ သိပ်ပြဿနာမရှိပေမဲ့ ကျွန်မတို့လို ခက်ခဲတဲ့သူတွေကျ အဆင်မပြေပါဘူး။ ပိုပြီးဝမ်းချုပ်စေပါတယ်။ ဒါကြောင့် ဝမ်းသွားချင်တယ်ဆိုရင် အောင့်မထားကြပါနဲ့နော်။
ဒီအချက်တွေကတော့ ဝမ်းမှန်စေဖို့အတွက် အဓိကကျတဲ့ အလေ့အကျင့်ငယ်လေးတွေပါ။ ကျွန်မကိုယ်တွေ့ ကျင့်သုံးပြီး တကယ်ထိရောက်တဲ့ အကျင့်တွေပါ။ အခုဆိုရင် ငယ်ငယ်ကလောက် ဝမ်းသွားဖို့က မခက်ခဲတော့ပါဘူး။ ဒါကြောင့် ဝမ်းချုပ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရသူတွေ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကို ရေးသားလိုက်ပါတယ်။ နောက်ထပ် ထပ်ပြီး အကြံပြုချင်တာကတော့ အကယ်၍ ဝမ်းသွားခြင်းက လိုတာထက် ပိုပြီးကြာနေမယ်၊ ချုပ်နေမယ်ဆိုရင်တော့ ဆေးတွေချည်း ရမ်းသောက်မနေဘဲ ဆရာဝန်နဲ့ပြသပြီး ဆွေးနွေးတာက ပိုကောင်းပါတယ်ရှင်။
အဆင်ပြေနိုင်ကြပါစေ။
-အေမီ(စတယ်လာရီ)-
-10 October 2024, 5:19 pm-
Keep Reading