မြ (စံကားဝါမြေ)
ဒီနေ့မှာတော့ မြက လူကြီး၊ လူငယ်၊ ယောင်္ကျား၊ မိန်းမ အသက်အရွယ်မရွေး မြန်မာစာ ဖတ်တတ်ရုံနဲ့ ဖတ်လို့ရပြီး အားလုံးအတွက် အကျိုးထူးစေမယ့် စာအုပ်ကောင်းလေးတစ်အုပ်ကို ညွှန်းပေးချင်ပါတယ်ရှင်။
အဲဒီစာအုပ်လေးကတော့ စာရေးဆရာ = ဆရာတော် "မောင်ဘုန်း(သပြု)" ရေးသားထားသော "ခွင့်လွှတ်ပေးလိုက်ပါ" ဆိုတဲ့ ဘဝနေနည်းနဲ့ စိတ်ခွန်အားကို ဖြည့်ဆည်းပေးမယ့် စာအုပ်လေးပါရှင်။
ဒီစာအုပ်လေးက ဈေးလည်းမမြင့်သလို ဘယ်နေရာဖြစ်ဖြစ် သယ်သွားရတာလည်း လွယ်ကူစေပါတယ်။ စာအုပ်Designနဲ့ ခေါင်းစဉ်ကို မြင်လိုက်ကတည်းက ကိုယ့်ရဲ့စိတ်ကို ငြိမ်းချမ်းမှု ပေးနိုင်မယ့် စာအုပ်လေးတစ်အုပ်ဆိုတာကို သတိထားမိကြမှာပါ။
❝ သည်းခံခွင့်လွှတ်တယ်ဆိုတာ ပြဿနာငြိမ်းခြင်းရဲ့ အခရာဖြစ်သလို လွတ်လပ်ခြင်းရဲ့ သင်္ကေတလည်း ဖြစ်ပါတယ် ❞
ယခု ဆောင်ပုဒ်လေးထဲမှာ ပြောထားသလိုပဲ ပြဿနာတွေ ဖြစ်လာခဲ့ရင် ရင်ဆိုင်ဖြေရှင်းပြီး အငြင်းပွားနေခြင်းထက် သည်းခံလိုက်ခြင်းက ပြဿနာမီးကို အမြန်ဆုံး ငြိမ်းအေးစေပါတယ်။
နောက်ထပ် အမြင်တစ်မျိုးနဲ့ ကြည့်မယ်ဆိုရင် ခွင့်လွှတ်ပေးလိုက်တာက လွတ်လပ်သွားခြင်းသဘောပါပဲ။
ဥပမာ - ယခုလို သီတင်းကျွတ်အခါသမယမှာ ဆရာသမား၊ မိဘတွေကို ရှိခိုးကန်တော့တဲ့အခါ "ကာယကံ၊ ဝစီကံ၊ မနောကံနှင့် ပြစ်မှားမိခဲ့သည်ရှိသော် ခွင့်လွှတ်ပေးတော်မူပါ"လို့ ပန်ကြားလိုက်တဲ့အခါ ဆရာသမား၊ မိဘများက "ခွင့်လွှတ်ပါတယ်" လို့ ဆုပေးလိုက်ခြင်းက သား/သမီး၊ တပည့်များ စိတ်ထဲတွင် လွတ်လပ်သွားတဲ့ အရသာကို ခံစားမိစေမှာပါရှင်။
ဒါ့အပြင် ယခု "ခွင့်လွှတ်ပေးလိုက်ပါ" စာအုပ်လေးကို ဖတ်ပြီးသွားချိန်မှာ စာဖတ်သူလေးရဲ့ စိတ်ခံစားချက်နဲ့ ဘဝနေထိုင်ပုံလေးတွေ ပြောင်းလဲလာပါလိမ့်မယ်။ စိတ်ရဲ့ ငြိမ်းချမ်းတဲ့အရသာကိုလည်း ဖတ်နေရင်းမှာ တဖြည်းဖြည်းချင်း ခံစားလာရပါလိမ့်မယ်ရှင်။
ယခု "ခွင့်လွှတ်ပေးလိုက်ပါ" စာအုပ်လေးအား ရေးသားကာ ပညာဒါနများ မျှဝေပေးနေပါသော ဆရာတော် သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့ လူငယ်များအတွက် ပညာအားဆေးများ ထပ်မံတိုက်ကျွေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
9.10.2024(Wednesday)
Keep Reading