Author's Profile Photo

ဇွဲ

8/10/2024

အဖွားသို့ပေးစာ

2 mins read
Life Style
General Knowledge
18 Again
အဖွားသို့ပေးစာ's photo

လောကမှာ ကိုယ့်အပေါ်ရယူလိုစိတ်ကင်းစွာ ချစ်နိုင်တဲ့အမျိုးသမီးလို့ပြောလိုက်တာနဲ့ '' အမေ '' ဆိုတဲ့အမျိုးသမီးကိုပဲပြေးမြင်မိကြတယ်။တကယ်တော့ ကိုယ့်ကို ဝမ်းနဲ့လွယ်မမွေးပေးခဲ့ပေမယ့် အမေနဲ့ထပ်တူထပ်မျှချစ်ပေးတဲ့ '' အဖွား '' ဆိုတဲ့ အမျိုးသမီးကြီးရှိနေသေးပါလားဆိုတာ အဖွားနဲ့နေဖူးသူတိုင်းသိကြပါတယ်။တကယ်တော့ ကျွန်တော်ဟာ အမေကမွေး၊အဖေကကျွေးပြီး အဖွားမေတ္တာရိပ်အောက်မှာကြီးပြင်းခဲ့ရသူပါ။အမေ့ထက် ဟင်းချက်လက်ရာကောင်းသူမို့ အဖွားချက်တဲ့ဟင်းနဲ့မှ ထမင်းစားမြိန်ခဲ့သူပါ။အခုချိန်မှာ အဖွားနဲ့အတူရှိမနေပေမယ့် အဖွားကိုအမြဲသတိရနေပါတယ်။အဖွားနဲ့အတူဖြတ်သန်းခဲ့ရတဲ့ ငယ်ဘဝအချိန်တွေကိုလည်း မှတ်မိနေသေးတယ်။

ငယ်ငယ်က အမေရိုက်ရင် အဖွားရင်ခွင်ထဲပြေးပုန်းရတာ ကျွန်တော့်အမူအကျင့်တစ်ခုပေါ့။အခုတော့ အမေ့ရဲ့ တုတ်ချက်ထက်ပြင်းထန်တဲ့ လောကဓံရိုက်ချက်တွေခံနေရတဲ့အချိန်မှာတော့ ပြေးဝင်ခိုလှုံစရာ အဖွားရင်ခွင်က အဝေးမှာရှိနေတယ်။အမေရိုက်တိုင်း '' ငါ့မြေးလေးကို မတရားမလုပ်ကြနဲ့ဟယ် '' ဆိုပြီး အဖွားရဲ့အကာအကွယ်ပေးမှုကို ရခဲ့ပေမယ့် လောကဓံကြိုးဝိုင်းထဲမှာ သားကို အကာအကွယ်ပေးမယ့်သူရှိမနေခဲ့ဘူး။

နောက်ပြီး အမေရိုက်တာခံရလို့ ငိုတဲ့အချိန်တိုင်း '' ရှူး...တိုးတိုး၊သူတို့မသိစေနဲ့ '' ဆိုပြီး အဖွားပေးခဲ့တဲ့မုန့်ဖိုးလေးတွေနဲ့ မုန့်စားလိုက်ရရင် နာကျင်မှုတွေမေ့ပျောက်သွားနိုင်ပေမယ့် ပြင်းထန်တဲ့လောကဓံရိုက်ချက်ရဲ့ နာကျင်မှုတွေကိုမေ့ပျောက်နိုင်ဖို့ ထွက်ပေါက်တော့ ရှာမတွေ့ခဲ့ဘူး။တချို့လူတွေလို နီးရာထွက်ပေါက်ကနေ ထွက်ပြေးချင်ပေမယ့် '' ဆိုးရွားတဲ့အခြေအနေတစ်ခုကနေ လွတ်မြောက်ချင်လို့ ထွက်ပေါက်ရှာတဲ့နေရာမှာ ကိုယ်ရွေးချယ်လိုက်တဲ့ ထွက်ပေါက်ဟာ တခြားဒုက္ခတစ်ခုရဲ့ ဝင်ပေါက်ဖြစ်မနေဖို့လိုတယ် '' ဆိုတဲ့ အဖွားရဲ့ ဆုံးမစကားတွေ ပြန်ကြားယောင်ပြီး အားတင်းကာရှေ့ဆက်ခဲ့ရတယ်။အမေရိုက်တိုင်း အဖွားရဲ့နှစ်သိမ့်မှုတွေကြောင့် မျက်ရည်မကျခဲ့ရတဲ့ အဖွားမြေးက အခုတော့ သူစိမ်းတွေရဲ့ပယောဂကြောင့် ခဏခဏမျက်ရည်ကျနေရတယ်။

ဘဝခရီးလမ်းလျှောက်လှမ်းရင်း လမ်းတစ်ဝက်မှာ ရိက္ခာပြတ်တဲ့အချိန်ဆို အဖွားကိုအရမ်းသတိရတာပဲ။ကျွန်တော်ငယ်ငယ်က အမေ့ဆီက မုန့်ဖိုးမရတဲ့နေ့တွေဆို အဖွားက '' ငါ့မြေး အဖွားနားလာပါဦး '' ဆိုပြီး ချွေးခံအင်္ကျီထဲက ခေါက်ရိုးကျိုးနေတဲ့ ပိုက်ဆံလေးတွေထုတ်ပေးခဲ့တယ်။သား၊သမီးတွေလာတောင်းရင် ပိုက်ဆံမရှိဘူးဆိုပြီး အမြဲငြင်းတတ်တဲ့အဖွားက ကျွန်တော့်ကိုပေးစရာ မုန့်ဖိုးကတော့ အချိန်တိုင်းရှိနေခဲ့တယ်နော်။အခု ကျွန်တော်ဖြတ်သန်းနေရတဲ့လောကကြီးမှာတော့ ကိုယ့်ကိုပေးကမ်းမယ့်သူထက် ကိုယ့်ဆီကရယူလိုတဲ့သူတွေများနေတယ်။ကလေးဘဝတစ်လျှောက်လုံးမုန့်ဖိုးတွေပေးခဲ့တဲ့အဖွားက ကျွန်တော့်ရဲ့ပထမဆုံးလစာလေးနဲ့ကန်တော့,တော့ '' ငါ့မြေးပေးတဲ့ပိုက်ဆံတွေ အဖွားမလိုချင်ပါဘူး၊ငါ့မြေးရဲ့ '' အဖွား '' ဆိုတဲ့ ခေါ်သံလေးကြားနေရရင် ကျေနပ်လှပါပြီ '' ဆိုကာ ငြင်းဆန်ခဲ့ပေမယ့် ကျွန်တော့်ပတ်ဝန်းကျင်က လူအများစုကတော့ နည်းနည်းကူညီပြီး များများရယူချင်တတ်ကြတယ်ဗျ။

ငယ်ငယ်ကလို ကျွန်တော်ကြိုက်တတ်တဲ့မုန့်ပဲသရေစာလေးတွေဝယ်ထားပြီး လူလစ်တိုင်းထုတ်ကျွေးတတ်တဲ့ အဖွားလိုလူမျိုးလည်းမရှိဘူး။ကိုယ့်ဆီက ဥစ္စာပစ္စည်းတွေကို ဘယ်လိုနည်းနဲ့ရယူနိုင်မလဲဆိုတဲ့ အခွင့်အရေးကို ချောင်းမြောင်းနေတဲ့သူတွေကတော့ အများကြီးပေါ့။

ကျွန်တော်လေ သရက်သီးမှည့်ချိန်ရောက်တိုင်း အဖွားကို အလွမ်းပိုမိတယ်။ငယ်ငယ်က သရက်သီးမှည့်လေးတွေနဲ့ ​မြေးအဖွားနှစ်ယောက် ထမင်းစားရတာ သိပ်အရသာရှိတာပဲ။အခုထိ သရက်သီးမှည့်နဲ့ထမင်းစားရတာကြိုက်တဲ့အကျင့်ရှိနေတုန်းပဲ။နောက်နှစ် သရက်သီးမှည့်ချိန်ရောက်ရင် အလည်ပြန်လာပါဦးမယ်။

စိတ်ဆိုးတိုင်းအိမ်ပေါ်ကနှင်ချတတ်တဲ့အဖွားက အခုလိုအဝေးမှာနေရတော့ '' ငါ့မြေးလေးကို သတိရလိုက်တာ '' ဆိုပြီး ခဏခဏငြီးငြူနေတယ်လို့ အမေကပြောတယ်။ကျွန်တော်လည်း အဖွားကိုလွမ်းတာပေါ့။အဖွားနေကောင်းကျန်းမာပြီး အသက်ရှည်ရှည်နေရဖို့လည်း နေ့ရက်တိုင်းဆုတောင်းပေးနေပါတယ်။
အိမ်ကထွက်လာတဲ့နေ့က '' ငါ့မြေးနဲ့ တစ်ခါမှခွဲဖူးတာမဟုတ်ဘူး '' ဆိုပြီး ငိုရင်းပြောခဲ့တဲ့အဖွားအသံလေးကို နေ့တိုင်းကြားယောင်နေမိတာပါ။ဘဝရဲ့ အေးချမ်းမှုနဲ့လုံခြုံမှုကိုပေးခဲ့တဲ့ မေတ္တာတံတိုင်းပိုင်ရှင်ကြီး အဖွားရှိရာအရပ်ကို အမြန်ဆုံးပြန်လာခဲ့ပါ့မယ်။

ချစ်သောအဖွားဆီသို့...............။

စာရေးသူ - ဇွဲ
ဆောင်းပါးနံပါတ် (၁၁)
8/10/2024 (Tue)

ကျန်းမာရွှင်လန်းကြပါစေ....။
စာဖတ်ပရိသတ်များအား ကျေးဇူးအထူးတင်ရှိလျှက်.....။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)