Thoon Kari
ကျွန်မတို့တွေ တစ်ခုခုကိုစတင်လုပ်ဆောင်လိုက်တာနဲ့ ချက်ချင်းရချင်တဲ့ အချိန်တိုအတွင်းရချင်တဲ့ စိတ်တွေရှိတတ်ကြပါတယ်။ အခုပဲ အပင်စိုက်တယ် အခုပဲ အသီးစားချင်တဲ့စိတ်တွေ ရှိဖူးကြမှာပါ။ ကျွန်မ စာတွေစရေးခါစမှာ ဆောင်းပါးတွေတစ်ခုပြီးတစ်ခု ရေးပြီး စာဖတ်သူတွေကို ချပြချင်ခဲ့ပါတယ်။ အဲ့အချိန်မှာ သိလိုက်ရတာ အချိန်ယူရမယ်ဆိုတာပါပဲ။ ဆောင်းပါးတွေရေးဖို့ အချိန်ယူရမယ်။ စာဖတ်သူတွေအတွက်လည်း ဖတ်ဖို့အချိန်ပေးရမယ်။ ကျွန်မဘက်က များများရေးပြီး များများတင်ရုံနဲ့ စာဖတ်သူတွေကို အသိတွေမပေးနိုင်ပါဘူး။ စာဖတ်သူတွေကလည်း စာဖတ်ဖို့ အားတဲ့အချိန်တွေ ရှိရမယ်။ စာဖတ်ဖို့ စာဖတ်ချိန်ယူရမယ်။ စာရေးသူရော စာဖတ်သူရော အချိန်ယူပါမှ ရည်ရွယ်ချက်က ပြည့်မြောက်မှာပါ။
ကျွန်မတို့ ငယ်ငယ်က စာလေ့လာတဲ့အခါ၊ ဘာသာစကားအသစ်တွေ လေ့လာတဲ့အခါ ထိုက်သင့်တဲ့ အချိန်ကို ပေးရပါတယ်။ စတင်လိုက်တာနဲ့ ချက်ချင်းရသွားတာမျိုး မဟုတ်ပါဘူး။ စိတ်ရှည်ပြီး အချိန်ယူရပါတယ်။ အချိန်ပေးပြီး တစ်ဆင့်ချင်းစီ တစ်ဆင့်ချင်းစီ တက်သွားကြတာပါ။ ကျွန်မတို့ဘဝမှာလည်း တစ်ခုခုကို စတင်လုပ်ဆောင်တဲ့အခါ အောင်မြင်မှုကို ချက်ချင်းမရပါဘူး။ အောင်မြင်မှုကိုရဖို့ လေ့လာရတယ်။ လေ့ကျင့်ရတယ်။ သင်ခန်းစာယူရတယ်။ ထပ်ကြိုးစားရတယ်။ ဒါတွေအားလုံးကို ကျော်ဖြတ်ပြီးမှသာ အောင်မြင်မှုကို ရတာပါ။ အောင်မြင်မှုကိုရချင်ရင် လုံလောက်တဲ့အချိန်ပေးရပါတယ်။ လေ့ကျင့်ဖို့ အချိန်ပေးရတယ်။ လေ့လာဖို့အချိန်ပေးရတယ်။ အတွေ့အကြုံရဖို့ အချိန်ကို အရင်းအနှီးလုပ်ရပါတယ်။
ဒီအခါမှာ ဆန္ဒတွေ ပြည့်မြောက်ဖို့ လုံလောက်တဲ့အချိန်ပေးရတာ တစ်ယောက်နဲ့ တစ်ယောက်မတူညီနိုင်ပါဘူး။ တစ်ခြားတစ်ယောက်က တစ်ခဏအတွင်း အောင်မြင်သွားတာမျိုးမြင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားမရတော့ဘဲ လက်လျော့ချင်လာကြတယ်။ ဒါပေမဲ့ သူဘယ်လောက်အချိန်ပေးခဲ့ရလည်း ကျွန်မတို့မသိပါဘူး။ ပိုကောင်းမွန်တဲ့အရာတွေရဖို့ ကျွန်မတို့အချိန်တွေ ပိုပေးရတာလည်း ရှိပါတယ်။ အချိန်အတိုင်းအတာ တစ်ခုရောက်တဲ့အခါမှာ ကျွန်မတို့ ရလဒ်တွေကို ခံစားရမှာပါ။ ဒါကြောင့် စိတ်ရှည်ရှည်ထားပြီး ကျွန်မတို့ လိုချင်တဲ့အရာကို လက်မလျော့မှသာ အောင်မြင်မှာပါ။
မိုးရွာတုန်း ရေခံ ဆိုတဲ့ စကားပုံလေးမှာလည်း ရေကိုလိုချင်တဲ့ ဆန္ဒကြောင့် အချိန်မဆွဲဘဲ စတင်လုပ်ဆောင်ရတာပါ။ ဒါပေမဲ့ ရေစခံတဲ့အချိန်မှာ မိုးရေကတစ်စက်တစ်စက်နဲ့ အရာမရောက်သလို ဖြစ်ပေမဲ့ အချိန်တစ်ခုကြာတဲ့အခါမှာ ရေအပြည့်ဖြစ်သွားပါလိမ့်မယ်။ လူ့လောကမှာလည်း ဘယ်အရာပဲဖြစ်ဖြစ် အောင်မြင်မှုကို ရဖို့ ထိုက်သင့်တဲ့အချိန်တစ်ခု ပေးရပါတယ်။ အချိန်ပေးရတာ မှန်ပေမဲ့ အချိန်ဆွဲခြင်းမှာတော့ ပိုကြာစေနိုင်ပါတယ်။ ဒါကြောင့် အချိန်ပေးပါ။ ဒါပေမဲ့ အချိန်မဆွဲပါနဲ့။ အချိန်ပေးတာနဲ့ အချိန်ဆွဲတာနဲ့က မတူညီပါဘူး။ မှန်ကန်စွာ အသုံးချတတ်ဖို့တော့ လိုအပ်ပါတယ်။
အောင်မြင်မှုကို မရသေးတဲ့အခါ စိတ်မညစ်ပါနဲ့။ လက်မလျော့ကြပါနဲ့။ လူတွေက အောင်မြင်မှုရဖို့ လုံလောက်တဲ့အချိန်ပေးဖို့ လိုအပ်တယ်ဆိုတာ မေ့ပြီး မအောင်မြင်သေးဘဲ လက်လျော့ချင်လာကြတတ်ပါတယ်။ အချိန်မပေးဘဲ ရတဲ့အောင်မြင်မှုဆိုတာ မရှိပါဘူး။ ဒါကြောင့် မအောင်မြင်သေးရင် အချိန်ပေးပြီး ဆက်လက်ကြိုးစားဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။
ကျွန်မတို့ မှတ်သားထားရမှာ အောင်မြင်မှုကို လိုချင်တဲ့အခါ
လို့ မှာကြားရင်း စာဖတ်သူလေးတွေ ဘဝမှာ လုံလောက်တဲ့ အချိန်တွေပေးနိုင်ကြပြီး အောင်မြင်မှုတွေ ရရှိနိုင်ကြပါစေရှင်။ ။
#thoonkari
#sarphat
စာဖတ်သူလေးတွေ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေရှင်?
စာဖတ်သူတစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီတိုင်းကို အစဉ်အမြဲ ကျေးဇူးတင်လျက်...
Keep Reading