SarPhat Author
မုဒိတာပွါးတယ်ဆိုတာ အခြားသူတစ်ယောက်အောင်မြင်တိုးတက်ကြီးပွါးတာ၊ မိမိထက်သာလွန်ကောင်းမွန်တာကို ဝမ်းမြောက်ဝမ်းသာနဲ့လက်ခံနားလည်တဲ့စိတ်လို့ ကြားသိနားလည်ဖူးခဲ့ရပါတယ်။
လူတွေဟာ ပုထုဇဥ်တွေဖြစ်တဲ့အတွက်ရော စိတ်ခံစားမှုမျိုးစုံရှိတတ်ကြတဲ့အတွက်ကြောင့်ပါ အမြဲတမ်းစိတ်ကောင်းထားနေနိုင်ဖို့ဆိုတာ မဖြစ်နိုင်ကြပါဘူး။ မတူညီတဲ့အခြေအနေတချို့မှာ ကိုယ့်စိတ်ထဲအဆင်မပြေတဲ့သူ၊ ကိုယ်သဘောမကျတဲ့သူ၊ ကိုယ်မနာလိုရတဲ့သူမျိုးဆိုရင် စိတ်ထဲမှာ အဲဒီလူနဲ့ပတ်သက်ရင်ကို Negative attitude ဖြစ်တတ်ကြပါတယ်။ ဒါမျိုးဟာဖြစ်တတ်တဲ့ သဘောသဘာဝပါပဲ။ အဲလိုမျိုးကိုယ်က Negative attitude အနေနဲ့မြင်နေတဲ့သူတစ်ယောက် ကိုယ့်ထက်နေရာရတယ်၊ အောင်မြင်ကြီးပွါးတိုးတက်တယ်၊ ကိုယ့်ထက်သာလွန်ကောင်းမွန်တယ်ဆိုတာသိလိုက်ရရင် မသိစိတ်ကပူလောင်ပါတော့တယ်။ မုဒိတာလဲမပွါးပေးနိုင်တော့ပါဘူး။ အဲဒါမျိုးတွေက ဥပမာပြောရရင် စီးပွါးပြိုင်တာမျိုး၊ အလုပ်နေရာပြိုင်တာမျိုး၊ ကျောင်းသားဘဝ ကျောင်းစာပြိုင်တာမျိုးဖြစ်နိုင်သလို ဆွေမျိုးသားချင်းတွေထဲမှာကို ပြိုင်ကြဆိုင်ကြရင်းနဲ့ အများဆုံးဖြစ်တတ်ကြပါတယ်။
အဲလိုမုဒိတာမပွါးနိုင်ခြင်းက ဘာတွေဖြစ်စေနိုင်ပါသလဲ? ပထမဆုံးကိုယ်ကိုတိုင်ပူလောင်စိတ်ဖြစ်ပါတယ်။ နောက်တစ်ချက် ကိုယ်မုဒိတာမပွါးပေးနိုင်တဲ့သူကရော ကိုယ့်ပေါ်မှာ ဘယ်လိုဆက်ဆံသလဲ၊ ဘယ်လိုအခြေအနေရှိသလဲတွေးတောစဥ်းစားကြည့်ကြည့်ပါ။ သူလဲကိုယ့်ပေါ်ဆိုးဝါးတဲ့အခြေအနေတစ်ခုဆိုရင်တော့ ကိုယ်လဲသူ့အပေါ်ကောင်းမပေးနိုင်တာ အလွန်မဟုတ်ပါဘူး။ အဲလိုမှမဟုတ်ဘဲ သူ့ဘာသူကောင်းကောင်းမွန်မွန်နေနေတယ်၊ ကိုယ့်ကိုလဲထိခိုက်အောင်မလုပ်ဘဲ ကောင်းမွန်စွာဆက်ဆံပြောဆိုတယ်၊ ကိုယ်လိုတဲ့အကူအညီကိုလဲပေးတယ်။ ဒါပေမယ့်တဖက်လူကအဲလိုကောင်းနေပေးတာတောင် ကိုယ်ကသူ့အပေါ် အတွင်းစိတ်ရိုးဖြောင့်စွာမထားပေးနိုင်ဘဲ မုဒိတာမပွါးနိုင်ဘူးဆိုရင်တော့ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ဖို့လိုလာပါပြီ။
လူရယ်လို့ဖြစ်လာရင် ဖြတ်သန်းရတဲ့ဘဝခဏလေးမှာ ကောင်းမွန်ရိုးရှင်းတဲ့စိတ်တစ်ခုကိုပိုင်ဆိုင်အောင် လေ့ကျင့်မယ်ဆိုရင် ဘဝမှာနေထိုင်ရတာပိုအဓိပ္ပာယ်ရှိပြီး၊ ပိုမိုကောင်းမွန်လာမှာပါ။ ကိုယ့်မှာမရှိတာ သူ့မှာရှိတယ်။ ကိုယ်မလုပ်နိုင်တာ သူလုပ်နိုင်တယ်။ ကိုယ့်ထက်သူကလူချစ်လူခင်များတယ်ဆိုရင် ကိုယ်ကအဲလိုမဖြစ်ရကောင်းလားဆိုပြီးပူလောင်နေမယ့်အစား သူ့ကိုပျောက်ကွယ်ပျက်သုဥ်းသွားအောင် တိုက်ခိုက်မယ့်အစား ကိုယ်လဲဖြစ်ချင်တဲ့အနေအထားရအောင် ကြိုးစားလိုက်မယ်၊ ကိုယ့်စိတ်ကလဲ မုဒိတာတရားလေးထားနိုင်အောင် ထားကြည့်လိုက်မယ်ဆိုရင်ကို စိတ်ကအေးချမ်းမှုရရှိပြီးနေပျော်လာပါလိမ့်မယ်။
အတတ်နိုင်ဆုံးစိတ်ကို အကောင်းဘက်ကထားကြည့်ပါ။ နားလည်မှုလေးပေးကြည့်ပါ။ တခြားသူကိုယ့်ထက်သာတာလက်မခံချင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုဘာတွေဖြည့်စွက်ဖို့လိုမလဲဆိုတဲ့အချက်ကိုပဲတွေ့ရှိအောင် ရှာဖွေပါ။ လူတစ်ဦးတစ်ယောက်က ကိုယ့်ကိုကူညီထောက်ပံ့ပေးထားဖူးလားတွေးတောပါ။ ကိုယ်ကရော ဘာတွေပြန်ကူညီထောက်ပံ့ပေးဖြစ်လဲစဥ်းစားပါ။ ကိုယ့်တုန်းက Support ရခဲ့တာတွေရှိတယ်ဆိုရင်လဲ သူများကိုပြန် Support ဖို့မမေ့ထားပါနဲ့။ မိမိတို့နေ့စဥ်ဖြတ်သန်း ရှင်သန်နေထိုင်ရမယ့်ဘဝကောင်းမွန်ဖို့အတွက် တစ်ပါးသူကိုမုဒိတာပွါးပေးနိုင်ဖို့ကလဲ လိုအပ်ပါတယ်။ မုဒိတာပွါးနိုင်တဲ့စိတ်များပိုင်ဆိုင်ရင်း ဘဝမှာနေပျော်တဲ့သူတွေဖြစ်ကြဖို့ ဆန္ဒပြုလိုက်ပါတယ်။
#TheNoteBySD
Keep Reading