KhatSit
ယနေ့ခေတ်မှာ မိဘမဲ့နေတဲ့ သားသားမီးမီးလေးတွေ အရေအတွက်က အင်မတန်မှ များပြားလာတာကို တွေ့နေရပါတယ်။ လူသိမခံတဲ့ အကြောင်းအရာတွေကြောင့် လမ်းဘေးမှာ အစွန့်ပစ်ခံရတဲ့ သားသားမီးမီးလေးတွေ ၊ မိခင်နဲ့ဖခင်မရှိတော့လို့ ကျန်ရစ်တဲ့ မိသားစုဝင်တွေက လာရောက်စွန့်ပစ်တာတွေနဲ့ မိခင်နဲ့ဖခင်ကိုယ်တိုင်က မိဘမဲ့ဂေဟာတွေကို လာရောက်ပေးအပ်နေတာတွေအထိပါ ဖြစ်ပျက်နေပါတယ် ။ ကိုးလလွယ် ဆယ်လဖွားခဲ့တဲ့ မိမိရဲ့ ရင်နှစ်သည်းခြာ သားသမီးရတနာလေးတွေကို ဘယ်လိုစိတ်နဲ့များ စွန့်ပစ်နိုင်တာလဲတော့ ကျွန်တော်ကိုယ်တိုင်လည်းမတွေးတတ်တော့ပါ ။
တစ်ရက်က ကျွန်တော် Facebook သုံးနေရင်း မိဘမဲ့ ဂေဟာတစ်ခုဆီကို အမွှာကလေးလေး နှစ်ယောက်ကို လာရောက်အပ်နှံတဲ့ သတင်းတစ်ပုဒ်ကိုတွေ့ပါတယ် ။ ကလေးငယ်လေးတွေကို သူတို့ရတဲ့လစာလေးနဲ့ ထပ်ပြီး မပြုစုနိုင်တော့လို့ လာရောက်ပေးအပ်တာလို့တော့ သိရပါတယ် ။ မိခင်နဲ့ဖခင် နှစ်ယောက်စလုံး ရှိနေပါရက်နဲ့ မိဘမဲ့ ဖြစ်သွားတဲ့ ကလေးနှစ်ယောက်အတွက်တော့ တော်တော်လေးကို စိတ်မကောင်း ဖြစ်မိပါတယ် ။ ဒါတွေရဲ့ ပြဿနာရဲ့ အစက ဘာလဲဆို ပညာမတတ်တာပါ ။ ပညာဆိုတာ အတန်းပညာကို ပြောတာမဟုတ်ပါ ။ လေ့လာမှုနဲ့ စာဖတ်တာက ရရှိတဲ့ အသိပညာနည်းပါးမှု ကိုပြောခြင်းဖြစ်ပါတယ် ။
လင်နဲ့မယားရယ်ဖြစ်လာပြီဆို sex ကိစ္စဆိုတာ မကင်းဘူးဆိုတာလူတိုင်းသိပါတယ် ။ ဒါပေမဲ့ ကလေးတစ်ယောက်ရဲ့ တာဝန်က မသေးဘူးဆိုတာကို ခေါင်းထဲရှိစေချင်ပါတယ် ။ မမွေးခင်ကတည်းက ရှုပ်နေတဲ့ အလုပ်ဟာ ကလေးတစ်ယောက် ဘွဲ့ရတဲ့အထိ ရှုပ်နေမှာဖြစ်ပါတယ် ။ အရေးအကြီးဆုံးကတော့ ငွေပါ ။ ငွေရှိရင်တောင် မိခင်တွေက ကလေးငယ်တွေကို အချိန်အရမ်းပေးရပါတယ် ။တစ်ရက်မှာ ၂၄ နာရီဆို ၂၄ နာရီလုံးနီးပါး အချိန်ပေးနေရတာပါ ။ တစ်ရက်လည်းမဟုတ် တစ်လလည်းမဟုတ် တစ်သက်လုံးဖြစ်ပါတယ် ။ ငွေမရှိရင်တော့ပိုဆိုးတာပေါ့ ။ ငွေရှာရမယ် ၊ မိမိရဲ့ရင်သွေးကို ပြုစုရမယ် ဒါတွေက တော်တော်ကြီးကို မလွယ်တဲ့ကိစ္စတွေပါ ။ ဒီကြားထဲမှာ ဖျားနာတာတွေနဲ့ ဘေးအန္တရာယ်မဖြစ်အောင်ကာကွယ်ရမှာတွေ ရှိပါသေးတယ် ။ ဒါကြောင့် မွေးဖွားပြီး မိမိရဲ့ရင်သွေးကို ပြုစုစောင့်ရှောက်နေတဲ့ မိဘတွေ ၊ Single Mom ၊ Single Father တွေအားလုံးကို လေးစားပါတယ် ။
ဒါကြောင့် ကလေးယူဖို့အဆင်သင့်မဖြစ်သေးတဲ့ မိခင်လောင်းတွေကို ပြောချင်ပါတယ်။ ကလေးယူတာက လုံးဝမလွယ်ကူတဲ့ အရာတစ်ခုဖြစ်ပါတယ် ။ ယနေ့ခေတ် ကုန်ဈေးနှုန်းနဲ့ဆို ပိုဆိုးပါတယ် ။ အလုပ်အခြေအနေကြောင့် စားဝတ်နေရေးအဆင်မပြေရင် လုံးဝကလေးယူဖို့မတွေးပါနဲ့ ။ ဒါကြောင့် သားဆက်ခြားခြင်းဆိုတာကို သိရှိဖို့လိုပါတယ် ။ သားဆက်ခြားတယ်ဆိုတာ ကိုယ့်ရဲ့ သားသမီးအတွက်ပါမက ကိုယ့်အတွက်ရော ၊ ကိုယ်နိုင်ငံအတွက်ပါ အရေးပါပါတယ် ။ သားဆက်ခြားတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ် ။ ဒါကိုတော့ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးလုပ်ဆောင်သင့်ပါတယ် ။ သားဆက်ခြားတယ်ဆိုတာက တားတာပါ သတ်တာမဟုတ်ပါဘူး ။
နောက်တစ်ခုပြောချင်တာက သမီးရည်းစားအတွဲတွေကိုပါ ။ ယောကျာ်းလေးဘက်ကလည်း ထိန်းနိုင်အောင်ထိန်းပါ ။ ကိုယ်ချစ်ရတဲ့ အမျိုးသမီးကို မိခင်လို လေးစားပြီး နှမလေးလို သနားကြင်နာစွာဆက်ဆံပါ ။ အမျိုးသမီးလေးတွေ အနေဖြင့်လည်း ကိုယ့်ရဲ့ ချစ်သူကို အရမ်းအလိုမလိုက်မိစေပါနဲ့ ။ အမျိုးသမီးတွေက လူတစ်ယောက်ကို ချစ်ပြီဆို ဘာပဲတောင်းဆိုဆို လိုက်လျောတတ်တဲ့ အကျင့်ရှိလို့သတိပေးရခြင်းဖြစ်ပါတယ် ။ ဒါပေမဲ့လည်း မနေနိုင်လို့ အတူနေတဲ့အခါဆို ကလေးမရဖို့အတွက် သေချာစွာ ကာကွယ်ဖို့လိုပါလိမ့်မယ် ။ ကွန်ဒုံးအသုံးပြုတာ ၊ တားဆေးတွေ သောက်တာမျိုးပြုလုပ်လို့ရပါတယ် ။ တားဆေးသောက်လို့ ခန္ဓာကိုယ်အပြောင်း
အလဲလေး နည်းနည်းဖြစ်တာမျိုးပဲရှိလာမှာဖြစ်ပါတယ် ။ နောက်ဆုံးအချက်အနေဖြင့်ကတော့ မေ့လျော့သွားလို့ဖြစ်ဖြစ် ၊ ပေါ့ဆခဲ့လို့ပဲဖြစ်ဖြစ် ထိန်းမနိုင်တဲ့အခြေအနေထိရောက်ခဲ့ရင် မဖျက်ချဘဲ ၊ မစွန့်ပစ်ဘဲ မိခင် နဲ့ ဖခင် ပီသတဲ့ လူစိတ်ရှိဖို့လိုပါတယ် ။ ယောကျာ်းလေးအနေဖြင့် တာဝန်ယူရဲတဲ့ လူ့စိတ်ဓာတ်လေး ရှိဖို့လိုပါတယ် ။
တားဆေးဝယ်တာ ရှက်စရာမဟုတ်ပါ ၊ ကွန်ဒုံးဝယ်တာ ရှက်စရာမဟုတ်ဘူးဆိုတာကိုတော့ သိစေချင်ပါတယ် ။ တာဝန်မယူပဲ မွေးပြီးမှ စွန့်ပစ်တာက ရှက်စရာပါ ။ လူတန်းစေ့မထားနိုင်ဘဲ လူ့လောကထဲ ဆွဲသွင်းမိတာက ရှက်စရာပါ ။ မွေးဖွားပြီး အဖေအမေ ခေါ်ခွင့်မရှိအောင် မျက်နှာငယ်စေတာကမှ ရှက်စရာ ကောင်းတယ်ဆိုတာကို သိစေချင်ပါတယ်။
ဒါကြောင့် ကာကွယ်ပါ ၊ တားဆီးပါ ။ အဆင်ပြေပြီဆိုမှ ကလေးယူပါ ။ ချစ်သူနှစ်ဦး ၊ လင်နှင့်မယား ဆိုတဲ့ နှစ်ဦးသဘောတူမှ ဖြစ်ပွားတဲ့ ကိစ္စဖြစ်တဲ့အတွက် မတော်
တဆ ဆိုတဲ့ ကိစ္စကမရှိပါဘူး ။ ဒါကြောင့် ဖြစ်သွားခဲ့ရင်လည်း လူပီသပါ ။
နုနယ်ပြီး ဘာမှန်းတောင် မသိသေးတဲ့ ကလေးငယ်လေးတွေက အပြစ်ကင်းပါတယ် ။ သူများတွေ အဖေ ၊ အမေ ခေါ်နေရချိန်မှာ သူတို့တွေမှာ ခေါ်စရာ မရှိပါဘူး ။ ကျွန်တော်တွေ့ဖူးတဲ့ မိဘမဲ့ကလေးငယ်လေးတစ်ယောက်က မေးဖူးပါတယ် ။ အဖေနဲ့ အမေ ဆိုတာဘာလဲတဲ့ ။ ဟုတ်ပါတယ် သူတို့လို ကလေးတွေအတွက်တော့ အဖေနဲ့ အမေဆိုတာ ဘာအဓိပ္ပါယ်မှ မရှိတဲ့ စကားလုံးတစ်လုံးထက်မပိုပါဘူး ။ “မကောင်းမြစ်တာ ၊ ကောင်းရာညွှန်လတ် ၊ အတတ်သင်စေ ၊ ပေးဝေနှီးရင်း ၊ ထိမ်းမြားခြင်းလျှင် ၊ ဝတ်ငါးအင် ၊ ဖခင်မယ်တို့တာ” ဆိုတဲ့ကျင့်ဝတ်တွေနဲ့ ညီမှ မိဘဟုခေါ်ဆိုထိုက်တာပါ ။ တောင်းတနေတဲ့ ဆန္ဒလေးတစ်ခုကို ဖြည့်ဆည်းဖို့အတွက် ဘာအပစ်မှ မရှိတဲ့ ကလေးငယ်တွေကို ချမနင်းမိပါစေနဲ့ ။
သားသားမီးမီးလေးတွေကို လူဖြစ်ခွင့်ပေးပါ ..
သားသားမီးမီးလေးတွေကို အဖေ ၊ အမေ ခေါ်ခွင့်ပေးပါ...
ကလေးတစ်ယောက်ကြီးထွားလာဖို့ဆိုတာ မလွယ်ကူတဲ့အတွက် အခက်အခဲတွေကြားထဲမှ မွေးဖွားပေးခဲ့တဲ့ မိဘနှစ်ပါးနှင့် ကမ္ဘာပေါ်မှာရှိတဲ့ မိဘတိုင်းကို ဂါဝရပြလျက် ကလေးငယ်များအားလုံး သာယာလှပတဲ့ မိသားစုဘဝကို ရရှိပိုင်ဆိုင်နိုင်စေရန် ဆုမွန်ကောင်းတောင်းလျက်
#ခက်ဆစ်
Keep Reading