Author's Profile Photo

Nuu Yee(နုရီ)

7/10/2024

"တည်ငြိမ်မှုဖြင့် အကျပ်အတည်းကိုကျော်လွှားခြင်းများ"

5 mins read
Art
18 Again
"တည်ငြိမ်မှုဖြင့် အကျပ်အတည်းကိုကျော်လွှားခြင်းများ"'s photo

လူရယ်လို့ ဖြစ်လာပြီဆိုမှဖြင့် ဘဝတစ်လျှောက်လုံးသာယာဖြောင့်ဖြူးသော ပန်းခင်းလမ်းအတိ ပြီးနေလိမ့်မည်ဟု မျှော်လင့်နေ၍ မရပေ။ မည်မျှပင် အဆင်ပြေချောမွေ့နေသော ဘဝကို ပိုင်ဆိုင်ထားလင့်ကစား ဘဝတစ်ကွေ့တွင် အခက်အခဲများကို ရင်တိုင်ကြရမည်သာ။ စီးပွားရေး အဆင်ပြေနေသူတို့က လူမှုရေးအကျပ်အတည်း၊ လူမှုရေးအဆင်ပြေနေသူတို့က စီးပွားရေးအကျပ်အတည်း ၊ စီးပွားရေးနှင့်လူမှုရေး နယ်ပယ်နှစ်ခုစလုံးတွင် အဆင်ပြေနေသူတို့က ပညာရေးအကျပ်အတည်း အစရှိသည့်အကျပ်အတည်းပေါင်းစုံသည် လူတစ်ယောက်၏ ဘဝအတွင်းသို့ ပုံစံမျိုးစုံဖြင့် ချဉ်းနင်းဝင်ရောက်လာကြပါသည်။ အကျပ်အတည်းချင်းတူညီသော်လည်း ကွဲပြားခြားနားကြသည်။ လူအားလုံးနီးပါးတွင် တူညီသော အချက်တစ်ခုတော့ ရှိသည်။ ယင်းကား အကျပ်အတည်းများ ဖြစ်တည်လာလျှင် စိတ်လှုပ်ရှားလွယ်လွန်းကြပြီး ထိုအကျပ်အတည်းအပေါ် စိတ်မတည်မငြိမ် တုံ့ပြန်ကြခြင်းပင် ဖြစ်သည်။

ပထမဦးစွာပြောပြချင်သည်မှာတော့ စာမေးပွဲအခန်းတစ်ခုက အကျပ်အတည်းတစ်ခုပင်ဖြစ်သည်။ သင်္ချာဖြေဆိုရမည့် စာမေးပွဲအခန်းတစ်ခုတွင်ဖြစ်သည်။ စာတော်သည်ဟု နာမည်ကြီးသော ကျောင်းသားကလေးတစ်ဦးသည် သင်္ချာပုစ္ဆာတစ်ပုဒ်ကို တွက်ချက်ရာတွင် ထွက်သင့်သည့်အဖြေ မထွက်သောကြောင့် ဇောချွေးများပြန်နေသည်။ ထိုပုစ္ဆာကို ရှေးအခါကပင် သူကြိမ်ဖန်များစွာ တွက်ချက်ခဲ့ဖူးသည်။ အဖြေကိုပင် အလွတ်ရနေသည့် ထိုပုစ္ဆာကို စာမေးပွဲခန်းရောက်မှ အဖြေထွက်မလာသည့်အတွက် သူ့ကိုယ်သူလည်း ဒေါသထွက်သည်။ အမှတ်လျော့တော့မည့်အရေးအတွက်လည်း လွန်မင်းစွာ စိတ်လှုပ်ရှားလွန်းနေသည်။ နောက်ထပ်မေးခွန်းများကိုပင် ဆက်စပ်ဖို့ မေ့လျော့နေလောက်အောင် ထိုပုစ္ဆာ၌သာ အာရုံစူးစိုက်နေခြင်း၏ အကျိုးဆက်ကား စာမေးပွဲပြီးဆုံးချိန်တွင် အောင်မှတ်ပင် ရအောင်မယူနိုင်တော့ခြင်းပင် ဖြစ်တော့သည်။ အကယ်၍သာ ထိုကလေးသည် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး အလုပ်သင့်ဆုံးအလုပ်ကို ဆုံးဖြတ်ခဲ့မည်ဆိုလျှင် လက်ကျန်ပုစ္ဆာများကို ဆက်လက်တွက်ချက်ပေလိမ့်မည်။ အားလုံးပြီးစီးခါမှ ခေါင်းအေးအေးထားပြီး မရခဲ့သည့်ပုစ္ဆာကိ ပြန်လည်စဉ်းစားမည်ဆိုလျှင် အနည်းဆုံးတော့ ရသင့်သည့်အမှတ်များ ရမည်။ ယခုမူ စိတ်တည်ငြိမ်မှုကင်းမဲ့သည့် အကျိုးဆက်အဖြစ် စာမေးပွဲကျရှုံးခြင်းကို ခံစားလိုက်ရတော့သည်။ ကျောင်းသားကျောင်းသူများအတွင်းတွင် ထိုကဲ့သို့ဖြစ်ရပ်များ အတော်အဖြစ်များလေသည်။

"ကိုယ်တိုင်ကြုံတွေ့ခဲ့သောတစ်ချို့အကျပ်အတည်းများ"

ရပ်ကွက်အတွင်းတွင် မီးလန့်သည်။ မီးဟူသည့်အသံကို ကြားကတည်းက မိမိတို့၏ လိပ်ပြာများလွင့်စင်သွားသကဲ့သို့ ဖြစ်ကုန်ကြသည်။ အိမ်ရှိ မိမိတို့ပိုင်ပစ္စည်းများကို တစ်နိုင်တစ်ပိုင်သယ်ဆောင်၍ မီးလွတ်ရာသို့ ပြေးလွှားကြရသည်။ ကယောင်ချောက်ချားဖြင့် ဆွဲမိဆွဲရာများကို ဆွဲယူပြေးကြရာ မီးလွတ်နေရာသို့ရောက်ရှိသည့်အချိန်မှ ပါသည့် ပစ္စည်းများကို ပြန်စစ်ကြည့်လိုက်ရာ အဖိုးထိုက်တန်သည့်ပစ္စည်းများမဟုတ်ပဲ တန်ဖိုးအနညငယ်သာထိုက်တန်သည့် အဝတ်ဟောင်း၊ လုံချည်ဟောင်းများသာ ဖြစ်နေသည်ကို ဝမ်းနည်းစွာ တွေ့လိုက်ရတော့သည်။ အစောင့်တစ်ယောက်ထားခဲ့၍ မိမိအိမ်ရှိရာသို့ပြေးနှင်ခဲ့ပါသော်လည်း အခါနှောင်းသွားပြီလေ။ မိမိ၏ အိမ်နေရာတွင် ပြာပုံနှင့် မီးခိုးငွေ့သာ ကျန်ရစ်ခဲ့ပေတော့သည်။ ဖြစ်သင့်သည်မှာ လူတစ်ယောက်သည် မိမိတို့အိမ်ပတ်ဝန်းကျင်တွင် မီးလောင်နေသည်ဆိုသည်နှင့် စိတ်ကို
အတတ်နိုင်ဆုံးတည်ငြိမ်အောင် ဦးစွာမွေးမြူသင့်သည်။ ပြီးမှ မိမိအိမ်ရှိ တန်ဖိုးရှိသည့်ပစ္စည်းများကို စနစ်တကျ ယူထုတ်ရမည် ။ ထိုသို့ပြုလုပ်ဖြစ်ခဲ့လျှင် အိမ်မီးလောင်သွားသော်လည်း မိမိတို့တစ်နိုင်တစ်ပိုင် သယ်နိုင်သော တန်ဖိုးရှိသည့် ပစ္စည်းအချို့ ရရှိမည်ဖြစ်သည်။ အကျပ်အတည်းတို့ကို တည်ငြိမ်မှုကင်းမဲ့စွာ တုံ့ပြန်ခြင်းသည် ဆုံးရှုံးမှုကိုသာဖြစ်စေနိုင်လေသည်။

နောက်တစ်ခုကတော့ကျောင်းတုန်းက ကျွန်မကိုယ်တိုင် လပတ်စာမေးပွဲတစ်ခုဖြေဆိုခဲ့စဉ်က ဖြစ်သည်။ မေးခွန်းဝေလိုက်ကတည်းက ကျွန်မသွေးပျက်ချင်သွားသည်။ ကျွန်မအပိုင်ရထားသည့် မေးခွန်ဟူ၍ မေးခွန်းလွှာတွင် တစ်ပုဒ်တလေမျှပင် ပါမလာခဲ့ပါ။ ကျွန်မတော့ ကျပြီဟုတွေးပြီး စိတ်ဓာတ်ကျသွားကာ နှလုံးခုန်နှုန်းပင် အတော်မြန်လာသည်။ ချက်ချင်းပင်စိတ်ကို တည်ငြိမ်အောင်စုစည်းလိုက်သည်။ ကျွန်မသည် ထိုစာမေးပွဲကို ကျရှုံးပြီဟုပင် ထားလိုက်တော့မည်။ သို့သော် ရမှတ်တစ်မှတ်မှ မရဘဲတော့ ကျရှုံးမခံနိုင်။ မေးခွန်းလွှာမှ မေးခွန်းများသည်လည်း ကျွန်မအပိုင်မကျက်မှတ်ခဲ့သည်သာရှိသည်။ သင်တော့သင်ခဲ့ဖူးသည်ချည်းပဲ့ဖြစ်သည်။ ထို့ကြောင့် ရသလောက်တော့ ကြိုးသားဖြေဆိုမည်ဟုတွေးကာ စိတ်ကို တည်ငြိမ်ဆုံးထား၍ ဖြေဆိုနေမိလေသည်။ စာမေးပွဲပြီးဆုံးကြောင်း အခန်းစောင့်ဆရာမက လာပြောမှပင် ဖြေဆို၍ပြီးတော့သည်။ စာရွက်မထပ်ခင်ရေးထားသည့်စာများကို ပြန်စစ်လိုက်ရာ ကျွန်မဖြေဆိုထားသည်တို့မှာ အတော်များသည်ကို ကိုယ့်ကိုယ်ကိုယ်ပင် မယုံနိုင်ပောင်ဖြစ်မိသည်။ အောင်စာရင်းထုတ်ပြန်တော့ ရှုံးမည် ဆိုသည်ကို သိနှင့်ပြီးသားမို့ သွားကြည့်ရသည်မှာ စိတ်မပါလက်မပါ ရှိလှသည်။ အောင်စာရင်းထုတ်ပြန်ရာ Notice board ရှေ့အရောက် ကျွန်မခုံနံပါတ်ဘေးမှ ရမှန်ကိုကြည့်လိုက်သောအခါ မှေးစင်းနေသော မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့သည်။ ရမှတ်က အောင်မှတ်ပင်ကျော်ကာ (၇၀)မှတ်အထိ ရနေသည်လေ။အကျပ်အတည်းတစ်ခုကို တည်ငြိမ်စွာ ဖြေရှင်းခဲ့မိသော အကျိုးကျေးဇူးကို ကျွန်မကိုယ်တိုင် ကျောင်းသူဘဝတွင် ခံစားခဲ့ရဖူးလေသည်။

"ဘဝရဲ့အကျပ်အတည်းအများစုကို ဘယ်လိုဖြေရှင်းရမလဲ"


လူတိုင်းလူတိုင်းသည် အကျပ်အတည်းများစွားနှင့် တစ်နည်းမဟုတ်တစ်နည်း ရင်ဆိုင်တွေ့ကြုံမိကြမည်။ သို့သော် မည်သို့‌သော လူမျိုးတို့သည် အကျပ်အတည်းများကို ကျော်လွှားနိုင်သွားသနည်း။ မည်သို့သော လူမျိုးတို့သည် အကျပ်အတည်းမျှပင် မဖြစ်ထိုက်သည့်အခြေအနေကို အကျပ်အတည်းဖြစ်အောင် ဖန်တီးမိကာ ဆုံးရှုံးခြင်းတို့ကို ရင်ဝယ်ပိုက်သွားရ သနည်းဆိုတာကို ဖော်ပြခဲ့သော ဖြစ်ရပ်များကို ‌အခြေပြု၍စဉ်းစားမိပြီဟု ထင်ပါသည်။လူအတော်များများသည် အကျပ်အတည်းတစ်ခုကြုံတွေ့လာသည်နှင့် သွေးပျက်သွားကြသည်။ တည်ငြိမ်မှုကင်းမဲ့သွားကြသည်။ ထို့ကြောင့် လုပ်သင့်သည့် ကိစ္စရပ်များအစား မလုပ်သင့်မလုပ်ထိုက်သည်တို့ကို အသိညဏ်ကင်းမဲ့သူတို့အလား သွေးရူးသွေးတန်း လုပ်ဆောင်မိကြတော့သည်။ အကျပ်အတည်းများကို ကျော်လွှားလိုသူတို့သည် တည်ငြိမ်မှုဟူသည့်အရာကို ကိုယ်လိုသည့်အချိန် သုံးစွဲနိုင်အောင် မိမိ၏ စိတ်သန္တာန်အတွင်း ကြိုတင်တည်ဆောက်ထားရန် လိုသည်။

ပွဲမဝင်ခင် ပြင်ပကျင်းပဆိုသလို အကျပ်အတည်းကြီးကြီးမားမား မကြုံတွေ့ခင်ကတည်းကပင် အကျပ်အတည်းကြုံတွေ့လျှင် တည်ငြိမ်စွာတုံ့ပြန်နိုင်စေရန် မိမိကိုယ်ကိုယ် ပြင်ဆင်ထားသင့်သည်။ အရေးကြုံမှ စိတ်တည်ငြိမ်မှုကို တည်ဆောက်မည်ဆိုလျှင် မည်သို့မှ ဖြစ်နိုင်မည်မဟုတ်ကြောင်း သိစေလိုပါသည်။ မိမိတို့သည် အကျပ်အတည်းတစ်ခုတွင် အဘယ်ကြောင့် စိတ်တည်ငြိမ်မှု မရနိုင်ကြသနည်း။ ရှုံးနိမ့်သွားမှာ ဆုံးရှူံသွားမှာ လွန်ကဲစွာကြောက်ရွံ့မိသွားသောကြောင့်ပင် ဖြစ်သည်။ ရှုံးနိမ့်တော့မှာ ဆုံးရှုံးတော့မှာ သေချာသွားသော အခြေအနေတွင်မူ လူတို့၏ စိတ်သည် တည်ငြိမ်သွားကြပြန်လေသည်။ ဂိုးတစ်ဂိုးအကွာဖြင့် ရှုံးနေသော ဘောလုံးအသင်းတစ်သင်းသည် မတည်မငြိမ်ကစားနေသော်လည်း ဂိုးပြတ်ရှုံးနေပြီး ပြန်မလာနိုင်တော့မှာ သေချာနေသော အသင်းတစ်သင်းသည် ရသလောက်သာ ဂိုးပြန်ယူတော့မည်ဟု စိတ်ပိုင်းဖြတ်သွားနိုင်သောကြောင့် တည်ငြိမ်စွာ ကစားသွားနိုင်သည်ကို နမူနာထား လေ့လာနိုင်သည်။ ထိုဖြစ်ရပ်များမှ သင်ခန်းစာတစ်ခု တွေ့လိုက်ရသည်။ ဆုံးရှုံးမှုကြိမ်းသေဖြစ်တော့မည်ဟု နှလုံးသွင်းလိုက်နိုင်လျှင် တည်ငြိမ်မှုရသွားနိုင်သည်ဟူ၍ပင်။

ထို့ကြောင့် အကျပ်အတည်းတစ်ခု ကြုံတွေ့ပြီဆိုလျှင် ကနဦး နှလုံးသွင်းထားရမည်မှာ ထိုအကျပ်အတည်း၏ အဆိုးဆုံးအနေအထားကို ဖြစ်သည်။ ထိုထက်ပို၍ဆိုးစရာ မရှိတော့သော အနေအထားအထိ တွေးထားနိုင်လျှင် ကိုကောင်းသည်။ ထိုသို့တွေးမိလျှင် အတော်များများက တည်ငြိမ်မှု မရလာဘဲ သွေးပျက်ကာ အခြေအနေပိုဆိုးသွားလေ့ရှိသည်။ ထိုကြောင့် ပွဲမဝင်ခင် ပြင်ပကျင်းပဆိုသလို အကျပ်အတည်းများ အမှန်တကယ် ကြုံတွေ့မလာခင်ကတည်းက မိမိ၏ စိတ်အတွင်းတွင် အကျပ်အတည်းများကို ဖန်တီးကာ ဖြေရှင်းကြည့်နေသည့် အလေ့အထကို မွေးမြူထားကြဖို့ လိုသည်။ မိမိ၏ ပတ်ဝန်းကျင်ရှိ လူတို့၏ အကျပ်အတည်းများကို လေ့လာ၍ မိမိသာဆိုလျှင် မည်သို့အကောင်းဆုံး လုပ်ဆောင်လိုက်မည်ကိုလည်း တွေးတောကြည့်နေဖို့ လိုသည်။ တွေးပါများလျှင် လက်တွေ့ကြုံလာသည့်အခါ ထိုအတိုင်းပင် ပြုမူတတ်လာသည်။ တည်ငြိမ်မှုကို ရရှိလာနိုင်လေသည်။
အကျပ်အတည်းများတွင် တည်ငြိမ်မှုကို ရအောင် မွေးမြူနိုင်ရုံနှင့် အကျပ်အတည်းများကို ကျော်လွှားခြင်း မပြုနိုင်သေးပေ။ အကျပ်အတည်းက ပေးသည့် ဖိအားဒဏ်ကို ခံနိုင်ရုံမျှသာ ရှိသေးသည်။ အကျပ်အတည်းကို အမှန်တကယ် ကျော်လွှားလိုပါလျှင် မိမိအဆိုးဆုံး တွေးထားသည့် အနေအထားမှ အကောင်းဆုံးအနေအထားအထိ မည်သို့ ပြန်လည်လှမ်းတက်နိုင်မည်နည်းဟု တွေးတောပေးရမည်ဖြစ်သည်။ မည်မျှအထိ အကောင်းဆူံဖြစ်နိုင်မည်နည်းဆိုသည်ကတော့ လူတစ်ဦးချင်းစီ၏ အတွေးအခေါ်၊ ညဏ်ရည်ညဏ်သွေးတို့အပေါ် မှီခိုနေပေသည်။ များသောအားဖြင့် စာဖတ်နာသူ၊ အတွေ့အကြုံ ဗဟုသုတကြွယ်ဝသူတို့သည် တည်ငြိမ်မှုနှင့် သူတို့၏အတွေးအခေါ်တို့ကို ပေါင်းစပ်ပြီး အကျပ်အတည်းတစ်ခုကို အကောင်းဆုံးအနေအထား အထိမြှင့်တင်ပေးနိုင်ကြလေသည်။ထိုကြောင့်အကျပ်အတည်းများကို ကျော်လွှားလိုသူသည် တည်ငြိမ်မှုကို လေ့ကျင့်ရန်လိုအပ်သလို စာဖတ်နာအောင်၊ ပတ်ဝန်းကျင်ဗဟုသုတကြွယ်ဝအောင် အားထုတ်ဖို့လည်း လိုအပ်ပေသည်။

လူတစ်ခု၊ ပူမှုရယ်တဲ့ ဆယ်ကုဋေ ဆိုသည့်စကားပုံအတိုင်း လူတို့သည် နေ့စဉ်နေ့တိုင်း အကျပ်အတည်းများစွာကို ရင်ဆိုင်ကြုံတွေ့နေကြရလေသည်။ သို့သော် လူနည်းစုသာထိုအကျပ်အတည်းများကို ကျော်လွှားနိုင်ကြပြီး အများစုကမူ အကျပ်အတည်းတို့ကို ပရမ်းပတာနည်းလမ်းများဖြင့်သာ ဖြေရှင်းနေကြရသည်ကို လေ့လာတွေ့ရှိရပါသည်။ အကျပ်အတည်းများ ကြံတွေ့လာရတိုင်း သွေးမပျက်သွားကြဘဲ တည်ငြိမ်မှုဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်မည်ဆိုလျှင် အကျပ်အတည်းတော်တော်များများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟု ယူဆမိပါသည်။ စိတ်လှုပ်ရှားမှုဖြင့် ဖြေရှင်းသည်ထက်တည်ငြိမ်မှုဖြင့် ဖြေရှင်းသည်က ပို၍ ရလဒ်သာမည်မှာတော့ သေချာလွန်းလှပေသည်။



-Nu Yee(နုရီ)☘️
-7.10.2024?



Keep Reading

နှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်Oppenheimer ရုပ်ရှင်ကိုလေ့လာခြင်းညမင်္ဂလာ (Movie Review)၂၁ရာစု မြန်မာ​ခေတ်ပြိုင် ပန်းချီ - ၁မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)လွင့်မျောနှင်းစက်များ❝ဈေးရောင်းခြင်း အနုပညာ❞ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃)