Author's Profile Photo

အက္ခရာ - Haruki

6/10/2024

နည်းနည်းလေးတော့ လွဲနေတယ်

1 min read
Life Style
Health
General Knowledge
နည်းနည်းလေးတော့ လွဲနေတယ်'s photo

တကယ်တော့ အခုကျွန်တော်ပြောမယ့်အကြောင်းအရာလေးတွေက စာရေးဆရာအတော်များများလည်း ရေးခဲ့ဖူးကြ၊ လူတော်တော်များများလည်း ဖတ်ခဲ့ဖူးကြတဲ့ သိပ်မဆန်းတဲ့ အကြောင်း အရာလေးတွေပါ။

ဟုတ်ပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း ဒီထဲကအကြောင်းအရာတွေကို တချိန်ကဖတ်ဖူးခဲ့တာပါပဲလေ။ ဘာမှမထူးဆန်းလှတဲ့ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲက အမူအကျင့်အလွဲလေးတွေပေါ့။

မျက်နှာသစ်တာတို့၊ သွားတိုက်တာတို့လို အရေးမကြီးပါဘူးလို့ထင်ရတဲ့ အမူအကျင့်လေးတွေအကြောင်းပဲဆိုပေမယ့် တကယ်ကိုပြုပြင်သင့်တဲ့ အမူအကျင့်လေးတွေပါ။

? သွားတိုက်ပြီးမှ အစားစားရတယ်ဆိုပဲ

ကျွန်တော်တို့လူမျိုးတွေဟာ သွားကိုအမျိုးမျိုးတိုက်တဲ့လူမျိုးပေါ့။ ဟိုးအရင်တုန်းကဆို သွားကိုဆားနဲ့ တိုက်ခဲ့ကြတယ်။ တချို့ကတော့ သွားပိုဖြူလို့ဆိုလားပဲ။ မီးသွေးခဲနဲ့ တိုက်တတ်ကြပြန်ရော။ တချို့ဆို တမာရိုးလေးတွေနဲ့ တိုက်နေလိုက်တာက အဆစ်ပါသေး။

ဘယ်လိုပဲတိုက်တိုက်ပါလေ... အခုနောက်ပိုင်းများကတော့ ခေတ်မီသွားတိုက်ဆေးတွေ ပေါ်လာလိုက်ကြတာ အမျိုးစုံပါပဲ။

ကျွန်တော်တို့ဆီက လူအများစုဟာ မနက် အိပ်ရာထပြီဆိုတာနဲ့ မျက်နှာသစ်၊ သွားတိုက်၊ ပြီးရင် တစ်နေကုန် စားချင်ရာစား၊ သွားချင်ရာသွား၊ ညအိပ်ရာဝင်ရင်တောင် သွားတိုက်ချင်မှ တိုက် ကြတော့တာ။ ဒီထဲကျွန်တော်လည်း ပါပါတယ်။ အကုန်လုံးလည်း ပါမှာပါ။

တကယ်တော့ သွားတိုက်ပြီးမှ အစာစားတာဟာ သိပ်ကိုမှားတဲ့အမူအကျင့်လို့ ဆရာတစ်ယောက်ယူဆမိထားတာ ဖတ်ဖူးပါတယ်။ ဟုတ်လည်းဟုတ်တယ်..။

ဖြစ်သင့်တာက ကိုယ်စားချင်တာစားပြီးမှ ညစ်ပတ်ပေရေနေတဲ့သွားကို တိုက်ချွတ်သန့်စင်ပစ်ရမှာတဲ့လေ။ အခုတော့ ကိုယ်တို့က သန့်ရှင်းရေးလုပ်ပြီးမှ ပြန်ညစ်ပတ် ပေရေအောင်လုပ်သလို ဖြစ်နေကြတာကိုး။

ကျွန်တော်တို့လည်း ဒီအကျင့်လေးကို ပြင်သင့်ပြီထင်ပါတယ်။ အိပ်ရာထ၊ ပြီးရင် ကြိုက်တာ စားသောက်၊ ပြီးမှသွားတိုက်ပေါ့။ ကျွန်တော်တို့ရဲ့လွဲမှားနေတဲ့ နေ့စဥ်ဘဝထဲက ဒီအကျင့်လေးကိုရော အခုလိုမျိုး တွေးဖူးကြခဲ့ရလား။

? ထမင်းစားပြီးမှ လက်ကိုပြောင်အောင်ဆေး

နောက်တစ်ခုပေါ့...။ စားပုံသောက်ပုံဘက်ကို လှည့်ကြပါဦးစို့။ ကမ္ဘာအနှံ့ကလူတွေ အစားအသောက် စားကြတဲ့အခါ ဇွန်းခက်ရင်းနဲ့ စားသူလည်းရှိ၊ တူနဲ့ စားသူလည်း ရှိကြပေမယ့် အများစုကတော့ လက်နဲ့ပဲမဟုတ်လား။ ကျွန်တော်ကိုယ်တိုင်လည်း လက်နဲ့စားမှ ထမင်းစားရတာ အားရသကိုး။

ဘာနဲ့စားစားပါ ကျွန်တော်အဓိကပြောချင်တာက ....အများစုဟာ ထမင်းမစားခင်မှာ လက်ကို သေသေချာချာ သန့်ရှင်းအောင် မဆေးကြဘဲနဲ့ လက်ကလေး စိုတယ်ဆိုရုံ၊ စွတ်တယ်ဆိုရုံလုပ်ပြီး ထမင်းဝင်စားကြတယ်။

စားပြီးတော့မှ ဆပ်ပြာနဲ့ ဘာနဲ့ သေသေချာချာ ဆေးကြော သန့်စင်လေ့ရှိတာကို စာဖတ်သူလေးသတိထားမိသလား မပြောတတ်ဘူး။ ဒါကလည်း ပြောင်းပြန်ကြီးပဲနော်။ ?

တကယ်ဖြစ်ရမှာက မစားမီလက်ကို သန့်ရှင်းနေဖို့ ပိုအရေးကြီးတာလေ။ သူက အစာကိုယူစားမယ့်အရာဆိုတော့လေ။ စားပြီးသွားတဲ့လက်က ပြောင်ပြောင်မပြောင်ပြောင် သည်လောက် အရေးကြီးတော့တာမှမဟုတ်တာ။

ဒါပေမယ့် ကျွန်တော်တို့ဟာ လက်မှာ ဗက်တီးရီးယားတွေ၊ ဘာတွေ ဘယ်လောက်ရှိနေနိုင်တယ်ဆိုတာ လုံးဝမစဉ်းစား၊ ဖြစ်သလိုဆေး၊ စားပြီး သောက်ပြီးမှ သေချာသန့်စင်.... တကယ့်ပြောင်းပြန်ကြီးပဲနော်။

အဆိုးဆုံးကတော့ လူစုလူဝေးနဲ့ အခမ်းအနားတွေမှာပေါ့။ အဆီတွေဝေ့နေတဲ့ ဇလုံကြီးတွေထဲမှာ လက်ကလေး နှစ်ကာ နှစ်ကာနဲ့ ထမင်းဝိုင်းတွေထဲ ဝင်ဝင်သွားကြ၊ ပြီးတော့ အားရပါးရ စားကြ၊ ပြန်ထွက်လာတော့မှ ဆပ်ပြာနဲ့ဘာနဲ့ ဆေးကြ၊ ကြက်သီးထဖို့ ကောင်းလိုက်တာ။ ?

အင်း... ကျွန်တော်တို့ရဲ့ နေ့စဉ် လူမှုဘဝထဲမှာ ခုလို ရှေ့နောက်အစီအစဉ်လွဲနေတဲ့ အပြုအမူ၊ အလေ့အကျင့်တွေ ဘယ်လောက်တောင် များပြားနေပြီလဲ မသိဘူးနော်။

အခုတော့ ထိမိခေါက်မိ၊ စဉ်းစားမိသလောက်၊ ဉာဏ်မီသလောက်လေးတွေနဲ့ လွဲနေတာတွေကို ပြန်လည်တည့်မတ်ကြပါစို့လားခင်ဗျာ။

Akayar
အက္ခရာ ( 6, 10, 2024 . 4:22 PM )

Keep Reading

စိတ်ဓာတ်ကျနေတဲ့အခါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း