Author's Profile Photo

Honey cho

6/10/2024

ရေကြီးလာချိန်သတိထားရမဲ့အချက်များ

1 min read
Life Style
General Knowledge
Environment & Sustainability
ရေကြီးလာချိန်သတိထားရမဲ့အချက်များ's photo

ရေကြီးတဲ့အခါ သတိထားရမယ့် အချက်များ

မိုးတွင်းရောက်ပြီဆိုတော့ မိုးများတဲ့အခါ ရေကြီးနိုင်ပါတယ်။ ရေကြီးတာက သဘာဝဘေးပဲ ဖြစ်တာကြောင့် တကယ်တမ်း ကြုံလာပြီဆိုရင် အန္တရာယ်များပါတယ်။ ဒါကြောင့် ကိုယ်နေတဲ့ဒေသမှာ ရေကြီးတဲ့အခါ ဘာတွေသတိထားရမလဲ၊ ဘယ်လိုတွေ ပြင်ဆင်ထားသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ရေကြီးတဲ့အခါ ကြုံရနိုင်တဲ့ အန္တရာယ်တွေကတော့

ရေနဲ့အတူ မြောပါသွားတာ
ဒါက အန္တရာယ်အများဆုံးပါပဲ။ NOAAရဲ့ အဆိုအရဆိုရင် ၆လက်မလောက်ပဲ နက်ရင်တောင် ရေစီးအရှိန်ပါနေမယ်ဆိုရင် လူကြီးတစ်ယောက်လောက်ကို ကောင်းကောင်းကြီး မြောပါစေနိုင်ပါသတဲ့။ ဒါကြောင့် တိမ်တိမ်လေးပဲဆိုပြီး မစွန့်စားပါနဲ့။

အကောင်ကိုက်ခံရနိုင်တာ
ရေနဲ့အတူ မြွေလိုမျိုး အကောင်တွေ ပါလာနိုင်သလို ရေပြန်ကျသွားရင်တောင် ဟိုကြား ဒီကြားမှာ အောင်းနေနိုင်တာကြောင့် ပစ္စည်းတွေ ရှင်းရင်း၊ သန့်ရှင်းရေးလုပ်ရင်း အဆိပ်ရှိ အကောင်တွေ ကိုက်ခံရနိုင်ပါတယ်။

ကျန်းမာရေးပြဿနာ
ရေမသန့်တာကြောင့် ဝမ်းပြဿနာ၊ အရေပြားရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဓာတုအရည်တွေက ဖိတ်စင်ပြီး လူသုံးရေနဲ့ ရောသွားတာကြောင့် အဆိပ်သင့်တာတွေလည်း ဖြစ်နိုင်ပါတယ်။

မတော်တဆထိခိုက်အန္တရာယ်
မီးကြိုးတွေက ရေထဲကျနေတာကို မသိလိုက်ဘဲ ထိမိတာ၊ မြောလာတဲ့ ပစ္စည်းတွေနဲ့ မတော်တဆ ထိခိုက်မိတာ၊ ပြတ်ရှဒဏ်ရာ၊ ချော်လဲတာ၊ မြောင်းပေါက်ကျွံတာ စတဲ့ မတော်တဆ ထိခိုက်မှုတွေလည်း ဖြစ်နိုင်ပါသေးတယ်။

ဒါကြောင့် ရေကြီးပြီဆိုတာနဲ့ အောက်ပါတို့ကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

ရေမကြီးခင် ပညာရှင် ကြိုတင်သတိပေးတာကို ဂရုစိုက်ပါ။
အိမ်မှာ သောက်ရေ၊ သုံးရေသန့်သန့်ကို ကြိုတင်သိုလှောင်ထားပါ။
အရေးကြီးပစ္စည်းတွေကို ရေမစိုအောင် သိမ်းဆည်းပါ။
အိမ်ပြင်ပမှာရှိပြီး ရေစီးနဲ့အတူ မြောနိုင်တာတွေ၊ ပျက်စီးနိုင်တာတွေကို အိမ်ထဲ သွင်းပါ။
နေရာရွှေ့ပြောင်းရမယ်ဆိုရင် အသင့်ဖြစ်စေဖို့ အရေးကြီး စာရွက်စာတမ်း၊ ဆေးဝါး၊ အဝတ်အစား၊ အခြောက်အခြမ်း၊ ရေနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို အရေးပေါ် အိတ်ထဲ ထည့်ထားပါ။
ရေကြီးနေချိန်မှာ မိန်းခလုတ်တွေ ချထားပါ။

တကယ်လို့ ရေကြီးနေချိန် အပြင်ရောက်နေတယ်ဆိုရင်တော့
ရေမတက်နိုင်တဲ့ အမြင့်တစ်နေရာမှာ ရှောင်နေပါ။
ရေစီးနေတဲ့နေရာတွေ၊ ရေကြီးနေတဲ့နေရာတွေကို ဖြတ်ပြီး မသွားပါနဲ့။
ကားထဲရောက်နေတုန်း ရေကြီးလာတယ်ဆိုရင် ရေမကြီးတဲ့နေရာကို ပြန်လှည့်ပါ။

ရေပြန်ကျသွားပြီဆိုရင်လည်း
အလောတကြီးနဲ့ ဟိုဟိုဒီဒီမကိုင်ပါနဲ့။
အိမ်မှာ အပျက်အစီးတွေ၊ ပြိုကျနိုင်တာတွေကို အရင်စစ်ဆေးပါ။
အိမ်ထဲမှာ ရေကျမှ အိမ်ထဲဝင်ပါ။
အိမ်ထဲဝင်တဲ့အခါ လည်ရှည်ဖိနပ်လိုမျိုး လုံခြုံတာကို စီးပါ။
ပစ္စည်းတွေ၊ ချောင်တွေကို ကိုင်တော့မယ်ဆိုရင် မြွေနဲ့ အခြားသတ္တဝါတွေ ထွက်သွားအောင် အရင်ခြောက်လှန့်ပါ။
ဓာတ်ကြိုးတွေ၊ မီးကြိုးတွေ ပြတ်ကျနေလားဆိုတာ အရင်စစ်ဆေးပါ။ အလျင်စလို မီးမဖွင့်ရပါ။
အိမ်ရဲ့ ရေပိုက်ခေါင်းတွေ၊ ရေရင်းမြစ်တွေကို စစ်ဆေးပါ။ အထူးသဖြင့် တခြားဓာတုအရည်တွေ၊ မိလ္လာတွေ ရောနေလားဆိုတာကို စစ်ဆေးရပါမယ်။
မိလ္လာပိုက် ပေါက်သွားလားဆိုတာလည်း စစ်ဆေးပါ။ မိလ္လာပိုက်ပေါက်နေရင် ရေညစ်ညမ်းနိုင်လို့ပါ။
အစားအသောက်တွေ၊ သောက်သုံးရေတွေက ရေကြီးတဲ့ရေနဲ့ ထိတွေ့ထားရင် အကုန်လွှင့်ပစ် ရပါမယ်။
ရေကျသွားပြီး ရက်ပိုင်းလောက်ထိ သောက်ရေ၊ သုံးရေကို သန့်စင်ပြီးမှ အသုံးပြုရပါမယ်။

ရေကြီးတာက သာမန်လည်း ဖြစ်နိုင်သလို သိပ်ဆိုးလွန်းရင် အသက်အန္တရာယ်ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။ ရေကြီးချိန်မှာ အန္တရာယ်ကင်းစေဖို့ ရေမကြီးခင်တည်းက ကြိုတင်ပြင်ဆင်ရမှာဖြစ်သလို ရေပြန်ကျသွားရင်လည်း သတိကြီးကြီးနဲ့ ပြန်လည်ရှင်းလင်းရပါမယ်။ ဒါမှ ရေကြီးခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Credit to Dr Htet Htet Zaw Win

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်