Author's Profile Photo

Nuu Yee(နုရီ)

5/10/2024

"အောင်မြင်လိုသည့်စိတ်နှင့် ပတ်ဝန်းကျင်"

3 mins read
Art
18 Again
"အောင်မြင်လိုသည့်စိတ်နှင့် ပတ်ဝန်းကျင်"'s photo

ကျောင်းသားတိုင်းကို မင်းတို့ ဘယ်ကြောင့် ပညာသင်ကြားနေရသနည်းဟု စစ်ကြောမေးမြန်းကြည့်ပါက စာမေးပွဲအောင်မြင်ချင်သောကြောင့်၊ ထူးချွန်ချင်သောကြောင့်ဟူသော ‌အဖြေမျိုးကိုသာ များသောအားဖြင့်ပေးတတ်ကြလေသည်။ ဘဝဟူသည် မည်သည့်အရာတို့နှင့် ဖွဲ့စည်းထားသနည်းဟု အသေအချာမသိသော သူတို့အတွက် စာမေးပွဲအောင်မြင်မှုသည်သာ အောင်မြင်မှုဖြစ်သည်ဟု တွေးတောနေတတ်သည်မှာလည်း အံ့ဩစရာကိစ္စတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည်လည်း အောင်မြင်မှုဟူသရွေ့ကို တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းအပေါ်တည်မှီ၍ ဆုံးဖြတ်ထားသည် မဟုတ်လော။ ထို့ကြောင့်လည်း တက္ကသိုလ်ဝင်တန်း တက်ရောက်နေသော ကျောင်းသားများအဖို့ အောင်မြင်မှုတည်းဟူသော ပျားရည်ကို သောက်သုံးနိုင်ရန် အလို့ငှာ မိမိတို့လေ့လာနေသော ဘာသာရပ်အသီးသီးတွင် အမြင့်ဆုံးအမှတ်များကို ရယူပိုင်ဆိုင်နိုင်ရန် လိုအပ်လှပေသည်။ထိုကဲ့သို့ အောင်မြင်မှုများ ဆွတ်ခူးနိုင်ရန် အရေးအကြီးဆုံးလိုအပ်ချက်များရှိသည်။ ၎င်းတို့ထဲမှ အောင်မြင်လိုသည့်စိတ်နှင့် အောင်မြင်နိုင်ဖွယ် ပတ်ဝန်းကျင်တို့သည် အဓိက လိုအပ်ချက်များဖြစ်သည်ဟု ရှုမြင်သုံးသပ်မိသည်။

""အောင်မြင်လိုသည့်စိတ်""

ရှေ့ဦးစွာ အောင်မြင်လိုသည့် စိတ်နှင့် ပက်သက်ပြီး ဆွေးနွေးတင်ပြချင်ပါသည်။ လူတိုင်းသည် အောင်မြင်လိုကြသည်ချည်းဖြစ်သည်။ ကြိုးစားအားထုတ်မှု တစ်စုံတစ်ရာမျှ ပေးဆပ်ထားခြင်းမရှိသူပင် အချိန်တန်လျှင် အောင်မြင်လိုကြသည်။ ထို့ကြောင့် လောက၌ မအောင်မြင်ချင်ကြသူများ လုံးဝနီးပါး မရှိဟု သုံးသပ်၍ရပါသည်။ သို့သော် ထိုသူတို့အတွက် အောင်မြင်ချင်စိတ်ကွာခြားကြပါသည်။ ပြောချင်သည်မှာ အောင်မြင်မှုကိုဆာလောင်မွတ်သိပ့်သည့် စိတ်ဖြစ်လေသည်။ အောင်မြင်ခြင်း၊ ‌မအောင်မြင်ခြင်းက ကံတရားသာဖြစ်သည်ဟု အပျက်သဘောကို ကြိုတင်တွေးတတ်ကြလေသည်။
ထိုကဲ့သို့စိတ်နေသဘောထားမျိုးသည် အောင်မြင်ခြင်းသို့ရောက်ရှိစေရန် အလားအလာ အတော်နည်းပါးလေသည်။ "စိတ်ကြောင့် အလုပ်ဖြစ်လာရသည်"။ စိတ်ကပင် အပျက်သဘောကိုတွေးနေတတ်သူအဖို့ အလုပ်တွင်လည်း လျော့ပါးလာမည်မှာ အသေအချာပင်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် မိမိတို့၏ ရည်မှန်းချက်များသို့ ရောက်ရှိနိုင်ရေးအတွက် မိမိ၏ စိတ်ကပင် တားဆီးလိုက်သလို ဖြစိကြလေတော့သည်။ များသောအားဖြင့် ထိုကဲ့သို့စိတ်ဓာတ်မျိုးနှင့် ကျောင်းသားမျသည် ကံတရားအလွန်ကောင်းမှ သာယာအောင်မြင်မှုကို ကိုင်ဆုပ်နိုင်ကြသည်။
တစ်ချို့သူများကတော့ အောင်မြင်မှုကို ထမင်းဆာလောင်မွတ်သိပ်သလို တမ်းတကြသည်။ အောင်မြင်မှုမှမရရှိခဲ့လျှင် မိမိတို့၏ ဘဝပျက်လုမတတ် သဘောထားကြသည်။ ထို့ကြောင့်လည်း အောင်မြင်မှုပန်းတိုင်ကိုမရောက်ရောက်အောင် ထက်သန်သောစိတ်ဓာတ် ၊ ပြင်းပြသော သန္နိဋ္ဌာန်နှင့် မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် ရေကုန်ရေခန်း ကြိုးစားကြသည်။ အောင်မြင်မှုလမ်းမထက် ‌မရောက်ရောက်အောင် လမ်းရှာကြသည်။ လမ်းဟောင်းလိုက်၍ အဆင်မပြေဖြစ်နေလျှင်လည်း လမ်းဟောင်း၊ နည်းလမ်းဟောင်းကို ရဲရဲစွန့်ပယ်နိုင်ကြသည်။ လမ်းသစ်ကို မိမိ၏ စိတ်ကူးစိတ်သန်းဖြင့်ဖောက်ကြသည်။ စိတ်ကဆောင်သဖြင့် အလုပ်ကလည်း ထက်မြက်လာသည်။ နဂိုရှိရင်းစွဲ မိမိ၏ ညဏ်ရည်ကလေးဖြင့် မဆောင်ရွက်နိုင်သော ကိစ္စရပ်ကလေးများကိုပင် ဆောင်ရွက်နိုင်လာသည်။ နောက်ဆုံးတွင် မိမိတို့တွင် မျှော်မှန်းခြင်းငှာ မတတ်နိုင်ဝံ့ခဲ့သော အောင်မြင်မှုများကို လက်ဝယ်ပိုင်ပိုင် ရရှိခံစားသွားကြရတော့သည်။ ထို့ကြောင့် အောင်မြင်မှုတစ်ခု ရရှိခံစားနိုင်ရန် မိမိတို့၏ ရင်တွင်းဝယ် ထက်သန်သော ၊ မွတ်သိပ်သော၊ ပြင်းပြသော စိတ်ဆန္ဒများ နှလုံးသွင်းထားရမည့် အကြောင်းကို စာသင်သားတို့သတိမူကြရန် လိုအပ်ပါသည်။

ပတ်ဝန်းကျင်"

နောက်တစ်ချက်အနေဖြင့် ဆွေးနွေးပေးလိုသည်က ပတ်ဝန်းကျင်။
ကလ၏ အောင်မြင်မှုသည် ကလေး၏ ပင်ကိုညဏ်ရည်
ညဏ်သွေးနှင့် ပတ်ဝန်းကျင်၏ မြှောက်လဒ်အပေါ် တည်မှီလျက်ရှိလေသည်။ ပတ်ဝန်းကျင်အနေအထားအရ မည်မျှပင် အားပေးကူညီနိုင်သော်လည်း ညဏ်ရည်ညဏ်သွေးမရှိသော ကလေးများအဖို့ အောင်မြင်မှုက ဝေးလှသည်။ ညဏ်ရည်
ညဏ်သွေးကောင်းပါသော်လည်း ပတ်ဝန်းကျင်အနေအထက ဆိုးရွားလွန်းနေသေယ အနေအထားတွင်လည်း ကလေး၏ အောင်မြင်မှုလမ်းကြောင်းမှာ လွန်စွာခက်ခဲ ကြမ်းတမ်းနေတတ်သည်။ သို့ဆိုလျှင်မည်သို့သော ပတ်ဝန်းကျင်ကို ရွေးချယ်ကြမည်နည်း။ မိမိဆွေးနွေးလိုသော ပတ်ဝန်းကျင်သည် ဆင်းရဲ ၊ ချမ်းသာ ပတ်ဝန်းကျင်မဟုတ်ပေ။ စိတ်ပိုင်းဆိုင်ရာအရ ‌အထောက်အပံ့ဖြစ်စေတတ်သော၊ စိတ်ကို အထိအခိုက် ပျက်စီးစေတတ်သော ပတ်ဝန်းကျင်သာဖြစ်ပါသည်။ မိမိ၏ အမြင်အရ ကလေးတစ်ယောက်သည် မိမိတို့ကို အားပေးသော်လည်း မမြှောက်ပေးတတ်သော၊ မခံချင်စိတ် မွေးမြူပေးသော်လည်း စိတ်ကိုနာကျင်အောင် မနှိပ့်ချတတ်သော ပတ်ဝန်းကျင်တွင် အောင်မြင်မှုရရှိရန် အဖြစ်နိုင်ဆုံးဖြစ်သည်ဟု တွေးမိပါသည်။
အချို့မိဘ၊ ဆရာများက ကလေးအချို့၏ ညဏ်ရည်ညဏ်သွေးနှင့် ပက်သက်ပြီး လူရှေ့တွင် ပေါ်ပေါ်ထင်ထင် ချီးကျူးပြောဆိုကြသည်။ မြှောက်ပေးကြသည်။ ငါ့သားကလေး၊ ငါ့တပည့်ကလေးဟူသော စကားများကို ရေလဲသုံးစွဲကြသည်။ ထိုကဲ့သို့စကားများသည် မိမိတို့၏ သားသမီးများ၊ တပည့်များကို အဆိပ်အတောက်ဖြစ်စေလိမ့်မည်ဟု စိုးစဉ်းမျှပင်တွေးတောမိခြင်းမရှိတတ်ကြပေ။ ထို့သို့ဆို၍ မချီးကျူးရဟု ပြောသလိုခြင်းမဟုတ်ပါ။ချီးကျူးခြင်းတစ်စုံတစ်ရာ မရှိပါပဲနှင့်လည်း ကလေးတစ်ယောက် စိတ်ဓာတ်ခွန်အား မရနိုင်၊ အောင်မြင်မှု မရနိုင်သည်ကိုကောင်းစွာ သိနားလည်ထားပါသည်။ မိမိပြောလိုသည်မှာ လွန်ကျူးစွာ မြှောက်ပင့်ပြောဆိုနေကြခြင်းကို ဖြစ်ပါသည်။ ကလေးတစ်ယောက်ကို အပေးခြင်းမှာ ကလေးအတွက် အားဖြစ်သည်။ သို့သော် အားပေးခြင်းထက် လွန်ကဲသွားသော မြှောက်ပေးခြင်းမျးကို ခုံမင်စွာ ပြုလုပ်နေသည့် ပတ်ဝန်းကျင်သည် ကလေးအတွက် ဆက်လက်ကြိုးစားဖို့ထက် မိမိကိုယ်ကိုယ် အထင်ကြီးစိတ်ဝင်ပြီး အားထုတ်မှုလျော့ပါးသွားနိုင်ပါကြောင်း သတိချပ်ကြရန် လိုပါသည်။
ဆရာအချို့နှင့် မိဘအချို့၏ ရေလိုက်လွဲသော အတွေးအခေါ်တစ်ရပ်ရှိပါသေးသည်။ မိမိတို့၏ သားသမီးများ၊ တပည့်များကို ကြိုးစားစေလိုလျှင် လွန်ကဲစွာ ဖိနှိပ်ထားရမည်ဟူသော အတွေးပင်ဖြစ်သည်။ မိမိတို့အနေဖြင့် သူတို့ကို ဖိနှိပ်ထားကာမှ သူတို့တွင် ဖြစ်ပေါ်လာသော မခံချင်စိတ်များက ကြိုးစားမှုများ အသွင်ဆောင်သွားမည်။ ဖိုမှတစ်ဆင့် မိမိတို့၏ ဖိနှိပ်ထားသော စကားရပ်များအပေါ် မကျေမနပ်ချက်များက ပြင်းပြင်းထန်ထန် အားထုတ်မှုများအဖြစ်သို့ ပြောင်းသွားမည်။ အကျိုးဆက်အားဖြင့် အောင်မြင်မှု ကြီးကြီးမားမားတစ်ခု မိမိတို့၏ တပည့်သားများထံသို့ ကိန်းအောင်းလာကြမည်ဟူသတည်း။ ကလေးတစ်ယောက်ကို တော်သင့်ရုံမခံချင်စိတ်ဖြစ်စေခြင်းသည် ကောင်းမွန်သော လုပ်ရပ်ဖြစ်ပါသည်။ ကလေးအတွက်လည်း‌ အောင်မြင်မှုရရန် အရေးပါသော လာပ်ဆောင်ချက်ဖြစ်သည်ကို မိမိမငြင်းလိုပေ။ သို့သော် ကလေးတစ်ယောက်ကို လွန်ကဲစွာ ဖိနှိပ်ခြင်းသည် ကလေးအတွက် မခံချင်စိတ်ဖြစ်ပေါ်ခြင်းထက် အငုံ့စိတ်ဝင်သွားခြင်း ဖြစ်သွားရန်သာ ရာနှုန်းပိုများလေသည်။ မိမိကိုယ်ကိုယ် ဘာမှ မဖြစ်နိုငိပါဘူးဟူသော အတွေးကိုတွေးမိသွားသည့် ကျောင်းသားသည် အဘယ်မှာ အောင်မြင် နိုင်ပါတော့မည်နည်း။ မိဘ၊ ဆရာများ သတိချပ်ကြဖို့ တင်ပြခြင်းဖြစ်ပါသည်။

ထို့ကြောင့် ကလေးတစ်ယောက်ကို အောင်မြင်စေလိုကြလျှင် မိဘ ဆရာများအနေဖြင့် အဓိက နှလုံးသွင်းထားရမည့် အရာနှစ်ခု ရှိပါသည်။ကလေးကို အောင်မြင်မှုအား ဆာလောင်မွတ်သိပ်တတ်လာအောင် ပျိုးထောင်ပေးရန်နှင့် မြှောက်ပေးခြင်းမဟုတ်ဘဲ ကလေး၏ စိတ်ဓာတ်ခွန်အားအတွက် အားပေးကူညီသောပတ်ဝန်းကျင်ကောင်းနှင့် ကလေးကို အငုံ့စိတ်ဝင်သွားစေရန် နှိမ့်ချဆက်ဆံခြင်းမဟုတ်ဘဲ မခံချင်စိတ် မှတစ်ဆင့်ဆင့် အားထုတ်မှုဆီသို့ တွန်းပို့ပေးနိုင်မည့် ပတ်ဝန်းကျင်ကောင်းတို့ကို ဖန်တီး ပေးရန်တို့ ဖြစ်ပါသည်။ အောင်မြင်မှုကိုလည်းဆာလောင်မွတ်သိပ်နေ၊ ပတ်ဝန်းကျင်ကောင်းများကိုလည်း ရရှိနေသည့် ကလေးတစ်ဦးကား ဖြေဆိုပြီသည့် စာမေးပွဲအတွက် အောင်စာရင်းပင် ကြည့်စရာ လိုတော့မည်မဟုတ်ပါဘူး။



#sarpaht
-Nu Yee(နုရီ)?
-5.10.2024

Keep Reading

မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း (5) ဇာတ်သိမ်းမိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)အရမ်းလွမ်းတယ်အဖေမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 4 )မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 3 )Elio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )