Tapathi (တပသီ)
မီးအိမ်တစ်ခုသည် ထွန်းလင်းတောက်ပရန်အတွက် အလင်းရောင်ဟူသည် လိုအပ်ပေသည် ။ ထိုသို့ပင် နေမရှိသည့်နေ့ ၊ လမသာသည့်ည ၊ ရနံ့မရှိသည့်ပန်း ၊ ရေမရှိသည့်စမ်းတို့သည် မလှပ မတင့်တယ်သကဲ့သို့ပင် ဆရာ မရှိသည့် တပည့်ဘဝသည် တက်မဲ့ လှေတစ်စင်းသာဖြစ်၏ ။
မိမိတို့သည် မွေးဖွားလာသည့် အချိန်မှစ၍ "ဆရာ မပြ နည်းမကျ" ဟူသည့်အတိုင်း ကိစ္စရပ်တိုင်းကို ပြုလုပ်ဆောင်ရွက်နိုင်စွမ်းမရှိပေ။"လက်ဦးဆရာ မည်ထိုက်စွာသား ပုဗ္ဗစရိယ မိနှင့်ဖ" ဟူသော မိဘတို့သည် စတင်မွေးဖွားလာသည့်အချိန်မှ လူလားမြောက်စေရန် ကိစ္စအဝဝကို သင်ကြားပေးရသည် ။ ထိုကဲ့သို့ပင် သိတတ်စအရွယ်ရောက်သည့်အခါ ရင်ခွင်သစ်ဖြစ်သော ဆရာများထံတွင် ဝလုံးကလေးဝိုင်းအောင်ရေးတတ်သည်မှ အစပြုကာ ဘဝတက်လမ်းနှင့် ရည်မှန်းချက်များအတွက် လမ်းပြသူဆရာများက မရှိမဖြစ်အရေးပါသည့် ကဏ္ဍတွင် ပါဝင်နေသည် ။
မိဘတို့သည် မိမိတို့၏ ရင်ဝယ်မွေးဖွား ရင်သွေးများအတွက်သာ စိုးရိမ်ပူပန်ကြသော်လည်း မေတ္တာရှင်ဆရာတို့သည် "မည်သူမွေးမွေး ငါတို့ကလေး " ဟုဆိုကာ မတစ်ထောင်သား တပည့်များအား ရင်သွေးရင်နှစ်ပမာ သွန်သင်ဆုံးမကြလေသည် ။ထို့ကြောင့်ပင် ဆရာတို့ကို မိဘနှင့်တစ်ဂိုဏ်းတည်းထား၍
အနန္တော အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များအဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည် ။ မည်မျှပင် ထူးချွန်ထက်မြက်ကြသော ပညာရှင်ကြီးများ၏ နောက်ကွယ်တွင် ဆရာကောင်းများ ရှိစမြဲပင်
ဖြစ်၏ ။
အရိယာများကို မွေးထုတ်ပေးသည်မှာ တောအုပ် ဖြစ်သကဲ့သို့ပင် နိုင်ငံ့ခေါင်းဆောင်များကို မွေးထုတ်ပေးသည်မှာ ကျောင်းတော်ကြီးနှင့်ဆရာများပင် ဖြစ်၏ ။ ကြီးကြယ်မြင့်မြတ်သော အရာတို့ကို တောင်ကြီးများနှင့် တိုင်းတာနှိုင်းဆကြလေသည် ။ သို့ဖြစ်ပါ၍ မြတ်ဆရာတို့၏ ဂုဏ်ကျေးဇူးသည် တောင်မြင်းမိုရ်ပမာ ကြီးမားလှသည်မှာ
ပေါ်လွင်နေ၏ ။ ထိုဂုဏ်ကျေးဇူးတို့ကို သိမြင်ကာ နှစ်စဉ် အောက်တိုဘာလ ၅ရက်နေ့တွင် ကမ္ဘာ့ဆရာနေ့အဖြစ် သတ်မှတ်ကျင်းပ၍ လေးစားဂုဏ်ပြုကြပါသည် ။ အမိမြန်မာပြည်၌ ကမ္ဘာ့ဆရာများနေ့ဟူ၍
မကျင်းပမီကပင် ဗုဒ္ဓဘာသာ၏ အစဉ်အလာအရ ဆရာကန်တော့ပွဲများ ပြုလုပ်ကျင်းပကာ လက်ဆယ်ဖြာမိုး၍ ရိုသေစွာဂါရဝပြု ကန်တော့ကြပါသည် ။
ဂျပန်နိုင်ငံတွင် ဆရာများအတွက် နေ့ရက်တိုင်းသည် ဆရာများနေ့ပင်ဖြစ်၏ ။ ထိုနိုင်ငံတွင် ဆရာများအတွက် ကားများတွင် ဆရာများသာထိုင်ရန် သီးသန့်နေရာထားပေးခြင်း ၊ ဈေးဆိုင်များတွင် ဈေးနှုန်း လျှော့ကာ ရောင်းချခြင်း စသည့် နေရာတိုင်းတွင် အခွင့်ထူးခံ လေးစားကြသည်ကို မိမိတို့လည်း အတုယူကာ တန်ဖိုးထားသင့်၏ ။ ဆရာဆိုသည့်ဝေါဟာရ၏အနက်မှာ ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမ နည်းလမ်းပြသူ ဖြစ်၍ စိတ်နှလုံးသားပြည့်ဝမှုဖြင့် တတ်သိသမျှ ပညာ၊ ဗဟုသုတများကို မချွင်းမချန်ဘဲ ဖယောင်းတိုင်ပမာ အလင်းပေးကြသည် ။ လမ်းပြကြယ်ဆရာကောင်းတို့၏ စစ်မှန်သော မေတ္တာရိပ်သည် အရိပ်ကောင်းလှသည့် သစ်ပင်ကြီးပမာ အေးမြပေသည် ။
အသက်မွေးဝမ်းကြောင်းလုပ်ငန်းဟူသမျှတွင် ပညာဖြင့် အသက်မွေးခြင်းသည် အမြတ်ဆုံးဟု မြတ်ဗုဒ္ဓ ဟောကြားခဲ့ပါသည် ။ ဤသည်ကို အကြောင်းပြု၍ အသိပညာမျှဝေရုံသာမက နှလုံးရည်ပြည့်ဝကြသော ဆရာတို့သည် အလွန်ပင် မွန်မြတ်ကြ၏ ။
မြတ်ဆရာတို့သည် ဝါသနာကို အရင်းခံ ၊ စေတနာကို ကျောရိုးပြု ၊ အနစ်နာကို ထမ်းပိုးကာ မေတ္တာအရင်းခံဖြင့် ပေးဆပ်ကြသူများပင်ဖြစ်သည် ။ အနာဂတ်၏ မျိုးဆက်များကို မွေးထုတ် ကြရာဝယ်“စိတ်ကိုလည်ပြင် စာလည်းသင်" ဟူသည်အတိုင်း နောင်တခေတ်ရဲ့ ခေါင်းဆောင်မျာအား အရေးပါဆုံးသော ကာယ၊ ဉာဏ၊စာရိတ္တ၊ မိတ္တ၊ ဘောဂ တည်းဟူသော ဗလငါးတန် မဏ္ဍိုင်ငါးရပ် တို့ကို သိရှိစေရန် လိုရာပုံသွင်းနိုင်သည့် ဖယောင်းကဲ့သို့ ပျော့ပျောင်းငယ်ရွယ်သေးသည့်အရွယ် တွင် လေ့ကျင့် သင်ကြားပေးပါသည်။ “တပည့်မရှား တစ်ပြားမရှိ၊ ပီတိကိုစား အားရှိပါ၏ " ဟူ၍ ဆရာတို့သည် ဂုဏ်ငွေကို မမက်မောကြပေ။ တပည့်များထံမှလည်း အကျိုးတစုံတရာ မျှော်လင့်ခြင်း ကင်းမဲ့ကြသော အနှိုင်းမဲ့ ဂရုဏာရှင်များပင် ဖြစ်တော့သည် ။
မျိုးစေ့ကဲ့သို့ အတွေ့အကြုံနုနယ်လှသော ကလေးငယ်များအတွက် ကောင်းစွာအပင်သန်စေရန် လမ်းပြသူဆရာများက ပျိုးထောင်ပေးကြ၏ ။ " ချင့်ချင့်ချိန်ချိန် သုခမိန် "ဟူသည့်အတိုင်း အမှားအမှန်ကို ကောင်းစွာသိမြင် ဝေဖန်ပိုင်းခြားနိုင်သော ဆရာတို့သည် "ယနေ့လူငယ် နောင်ဝယ်လူကြီး" ဟူ၍ ထွန်းတောက်လာမည့် မျိုးဆက်သစ်လူငယ်များဘက်မှ အစဉ်ရပ်တည်ကာ ကိုယ်ကျိုးမပါဘဲ အနစ်နာခံ ပေးဆပ်နေကြသူများပင် ဖြစ်သည် ။
ကမ္ဘာပေါ်ဝယ် သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ အားလုံးတို့သည် ဆပ်၍မကုန်သော ကျေးဇူးများဖြင့် ပြည့်နက်နေကြ၏ ။ ထို့အပြင် အမှောင်ကိုခွင်း အလင်းကို ဆောင်ကြသည့် လမ်းပြကြယ်ပမာ မြတ်ဆရာတို့၏ မေတ္တာတရားသည် ကမ္ဘာဆုံးတိုင် မယိုင်လဲနိုင်တော့ပေ ။
Keep Reading