မိုးနှောင်းအလင်္ကာ
ကမ္ဘာ့ဆရာများနေ့ အောက်တိုဘာလ၊ငါးရက်နေ့ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့ဆရာများနေ့ဖြစ်တယ်။ဆရာဆိုတာနဲ့ ငယ်စဥ်တောင်ကျေးကလေးဘ၀ထဲကနေ ယနေ့အချိန်ထိ ပညာသင်ကြားပေးတဲ့ဆရာတွေ၊တခြားသော သင်ဆရာ၊မြင်ဆရာ၊ကြားဆရာတွေကို ဂါရ၀ ပြုတဲ့နေ့ထူးနေ့မြတ်ဖြစ်တယ်။ဆရာ ဆိုတာနဲ့ ရိုသေလေးစွာ၊ဂုဏ်မြင့်သူ လို လေးစားတန်ဖိုးထားထိုက်ပါတယ်။
ဒါပေမဲ့ ဂျပန်မှာတော့ ဆရာများနေ့မရှိပါဘူး။ဂျပန်မှာကျောင်းသွားတတ်နေတဲ့ ကျွန်တော့်သူငယ်ချင်းကို ဂျပန်မှာ ဆရာများနေ့ကို ဘယ်နေ့ကျင်းပပြီး၊ဘယ်လိုအခန်းအနားတွေလုပ်သလဲလို့ မေးတော့ သူက "ဂျပန်မှာဆရာများနေ့မရှိဘူး" လို့ သာမာန်ဘဲ ပြန်ဖြေပါတယ်။ သူ့အဖြေကို ကြားရတော့ ယုံရခက်၊ မယုံရခက်ပါဘဲ။ စီးပွားရေး၊ သိပ္ပံနဲ့ နည်းပညာတွေ ဒီလောက်ထွန်းကားတဲ့ နိုင်ငံမှာ ဆရာ၊ ဆရာမတွေနဲ့ သူတို့ရဲ့ အလုပ်ကို မလေးစားကြတာ ဘာကြောင့်ပါလဲ။
ကျွန်တော်အဲ့ဒီလိုမေးလိုက်တော့ ကျွန်တော်သူငယ်ချင်းကပြောတယ်။သူက ဂျပန်သွားတာ5နှစ်လောက်ကြာပြီကိုး။သူပြောတာက "ဂျပန်မှာ ဆရာများနေ့ဆိုပြီးမရှိပေမဲ့ နေ့တိုင်းကဆရာများနေ့"ဖြစ်နေလို့ပါဘဲတဲ့။ ဘာလို့လည်းဆိုရင် ဂျပန်နိုင်ငံမှာပညာသင်ကြားတဲ့ အလုပ်ဟာ အလေးစားဆုံးအလုပ် ဖြစ်ပြီးတော့ ဆရာ၊ ဆရာမတွေဟာ အလေးစား ခံရဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။
ဂျပန်လုပ်ငန်းရှင်၊ စတိုးဆိုင်ပိုင်ရှင်တွေကဆရာ၊ ဆရာမတွေ သူတို့ဆီ လာလည်ရင် အရမ်း ပျော်ကြပြီးတော့ အဲဒါဟာ ဂုဏ်ရှိတယ်လို့ ယူဆကြပါတယ်။ဂျပန်မှာ ဆရာ၊ ဆရာမတွေအပေါ်မှာ ဂျပန်လူမျိုးတွေရဲ့လေးစားမှုကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
ရထားမှာ ဆရာ၊ ဆရာမများအတွက် ထိုင်ခုံတွေ သီးသန့်ထားပေးတယ်။ ဆရာ၊ ဆရာမများအတွက် အထူးဆိုင်တွေ ရှိတယ်။
အဲ့ဒီအထူးဆိုင်တွေမှာ ဆရာ၊ဆရာမတွေအတွက် အထူးလျော့စျေးတွေနဲ့ရောင်းချပေးကြတယ်။ပြီးတော့ ဘယ်ခရီးကို သွားသွား လက်မှတ် တန်းစီစရာ မလိုဘူး။ ဆရာ ဆိုတာနဲ့ ပိုပြီးအလေးပေးခံရတယ်လို့ လည်းသိရပါတယ်။
ဒါ့ကြောင့် ဂျပန်မှာ ဆရာဆရာမများအတွက် သီးသန့်
နေ့ထူးနေ့မြတ် မလိုဘူး။ အဲ့တာကြောင့်မို့ဘဲ ဂျပန်မှာရှိတဲ့ ဆရာ
ဆရာမများအတွက် နေ့တိုင်းဟာဆရာများနေ့ပါပဲ။ဒါ့ကြောင့် ကျွန်တော်တို့လည်း နေ့တိုင်းဆရာများနေ့အဖြစ် ဆရာတွေကိုလေးစားသင့်ပြီး မြတ်ဆရာရဲ့ ဂုဏ်ကျေးဇူးကိုလည်း မမေ့ထိုက်ပါဘူး။
"ပူဇာစ ပူဇ နေယျာနံ" ပူဇော်ထိုက်သောသူကို ပူဇော်ရ ခြင်းဟာ မြတ်သောမင်္ဂလာပင်ဖြစ်ကြောင်း (၃၈) ဖြာ မင်္ဂလာတရားတော်၌ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ပေတယ်။ ထိုပူဇော်ထိုက်သော အနန္တဂိုဏ်းဝင်များတွင် ဘုရား၊ တရား၊ သံဃာ၊ အနန္တမိဘနှင့်အတူ အာစရိယဆရာတွင် ဆရာသည်လည်း တစ်ဆူအပါအဝင် ဖြစ်ပါတယ်။
ဆရာ ဆရာမများသည် ပညာကို သင်ကြားတတ်မြောက် စေရန်မကဘဲ ဘဝအတွက် လမ်းပြကြယ်များ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တိုင်းပြည်ကို ဖွံ့ဖြိုး တိုးတက်အောင် စွမ်းဆောင်ပေးနိုင်သော အနာဂတ် မျိုးဆက်သစ် လူငယ်များကို မွေးထုတ်ပေးနေကြ သူများ ဖြစ်တယ်။မွန်မြတ်သောသူတို့ဖြစ်တာကြောင့်လေးစားကြပါ။
ဆရာဆရာမများ၏ ဂုဏ်ကျေးဇူးကို မမေ့အပ်ပေ။ ဆရာဆရာမများအား ကျေးဇူးဆပ်ခြင်း၊ ကျေးဇူးသိခြင်း၊ ကျေးဇူးကိုအောက်မေ့သတိရခြင်းတို့ ဖြင့် ဆရာနှင့်တပည့် အပြန်အလှန်ကျေးဇူးသိတတ် ခြင်း၊ တန်ဖိုးထားလေးစားခြင်းတို့ဖြင့် လောက ကောင်းကျိုးတရားများ ရှင်သန်တိုးပွားစေမှာဖြစ်ပါတယ်။ဒါ့ကြောင့် ဆရာ့ကျေးဇူး ဂုဏ်အထူးကို မမေ့လျော့ပါစေနှင့်။
#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)
Keep Reading