Author's Profile Photo

စာကြမ်းပိုး

4/10/2024

"နာရီ"

2 mins read
Life Style
Personal Development
Entertainment
"နာရီ"'s photo

လက်မှာနာရီ မပတ်ပဲမနေနိုင်တဲ့အကျင့်ကြောင့် နာရီဓာတ်ခဲရပ်သွားပြီဆိုတာနဲ့ ဈေးကိုပြေးပြီး နာရီ ဓာတ်ခဲလဲဖို့ စိတ်အားထက်သန်နေခဲ့ကာမှ အလုပ်တွေကလည်း လုံး၀ လက်မလည်။ လူနာရှင်းချိန်ကို စောင့်ရင်း ဈေးဖက်ခဏ အပြေးတပိုင်းထွက်ခဲ့မိတယ်။ ဒါနဲ့ဆို ဈေးကို လာတာ နှစ်ခေါက်ရှိပြီ။ နှစ်ခေါက်လုံးမှာ နာရီပြင်ဆိုင်က ပိတ်ထားတာတွေ့တော့ စိတ်တွေအတော်ပျက်မိသွားခဲ့တယ်။ ဒီတစ်ခါတော့ မဖြစ်ဖြစ်အောင် ဓာတ်ခဲလဲမယ်လို့ ဆုံးဖြတ်ပြီး လိုက်ရှာကြည့်ပေမယ့် ဘယ်ဆိုင်မှမဖွင့်။

ဟိုဒီလျှောက်သွားကြည့်လိုက်တော့ ဈေးရုံထဲက ဈေးတန်းတစ်ခုနဲ့တစ်ခုအကူးမှာ ခပ်စုတ်စုတ် နာရီပြင်ဆိုင်လေးကိုတွေ့တယ်။ မြင်လိုက်တာနဲ့ လုံး၀ အထင်ကြီးစရာမကောင်းတဲ့ဆိုင်မျိုး။ ဆိုင်က ဟောင်းနွမ်းရုံသာမက ဆိုင်မှာထိုင်နေတဲ့ အဘိုးအဘွားနှစ်ယောက်ကလည်း တော်တော်လေးကို အဆင်မပြေနေတဲ့ပုံစံ နွမ်းနွမ်းညှိုးညှိုးလေးတွေ။ ဘာကြောင့်မှန်းမသိစိတ်မကောင်းဖြစ်သွားမိပြီး အဲ့ဒီဆိုင်ထဲကို ၀င်ခဲ့လိုက်တယ်။ နာရီဓာတ်ခဲလဲမယ်လို့ ပြောလိုက်တာပေါ့။

ဆိုင်ရှင်အဘိုးကြီးက နာရီကို သေချာကြည့်ပြီး ဖွင့်ဖို့ပြင်တယ်။ ဘာမှန်းတော့မသိပါဘူး။ ကိရိယာတစ်ခုယူဖို့ အဘွားကြီးကို လှမ်းမေးတယ်။ နောက်တော့သူ့ဘာသာရှာတွေ့သွားတဲ့ပုံနဲ့ အဲ့ဒါလေးနဲ့ နာရီကိုဖွင့်တယ်။ ဆီလားဘာလားတော့မသိဘူး
ဘူးလေးထဲကနေ နာရီအကြိုအကြားကို တို့တို့ပေးတယ်။ပြီးတော့ ကျိုးကျိုးနွံနွံဟန်နဲ့ လှမ်းပြောလိုက်တယ်။

"ဓာတ်ခဲက ငါးထောင်တန်ရှိတယ် ၊ ရှစ်ထောင်တန်ရှိတယ် ရှစ်ထောင်တန်ဆိုတော့ပိုခံတာပေါ့ သမီးရယ်"

အဲ့ဒါနဲ့ကိုယ်လည်း ပြန်ဖြေလိုက်တယ်
"အဲ့ဒါဆိုလည်း ကောင်းတာသာ ထည့်လိုက်ပါ အဘ"

အဘိုးကြီးက နာရီကို ဖြုတ် ၊ဓာတ်ခဲကိုထည့်တယ်။ ကိုယ်သိသလောက်က အရင်ကဆိုင်တွေမှာဆို "ဂွပ်" ဆိုပြီးပြီ။ ဒါပေမယ့်နာရီကတော်တော်နဲ့မရသေးဘူးဖြစ်နေတယ်။ အဘွားကြီးက ထိုင်စောင့်ပါဦး ဆိုတာနဲ့ ထိုင်စောင့်နေလိုက်တယ်။အဘွားကြီးနဲ့ ကိုယ်နဲ့ စကားစမြည်ပြောရင်း တန်းလန်းကနေ အဘိုးကြီးကလှမ်းပြောတယ်။

"နာရီက ရေတွေ၀င်နေတယ်" တဲ့

ဪ ဟုတ်မှာ ငါနာရီကို အမြဲ၀တ်ထားတော့ ရေစိုနေတာနေမှာလို့တွေးမိသွားပြီး သေချာလေးတော့ကြည့်ပေးရှာသားဆိုပြီး ကျေးဇူးတွေတင်မိတာပေါ့။ ဒါပေမယ့် နောက်ကြောင်းကလည်းမအေးတော့ ‌မတတ်နိုင်ဘူး ထားခဲ့ရမှာပဲဆိုပြီး ဈေးမပိတ်ခင်လာယူမယ်ပြောပြီး ထွက်ခဲ့လိုက်တယ်။

ညနေလေးနာရီလောက် သွားယူတော့ အဘွားကြီးရော အဘိုးကြီးရော စက်ဘီးအစုတ်လေးပေါ်တက်ပြီးနာရီလေးကိုင်လို့ ထိုင်စောင့်နေတာတွေ့တယ်။ သူတို့ရဲ့ ဆိုင်လို့မည်ကာမတ္တခေါ်လို့ရတဲ့ တွန်းလှည်းလိုလိုဘာလိုလိုလေးကို မိုးကာအစုတ်လေးနဲ့ပတ်ထားပြီးနေပြီ။

"ဘယ်လိုက်ပေးရမလဲမသိလို့" တဲ့ အဘိုးကြီးကပြောတယ်။ပြီးတော့ဆက်ပြောသေးတယ်။

"သမီးရယ်..နာရီက ရေ၀င်တာ‌တွေဘာတွေ နဲ့ဆိုတော့ ပစ္စည်းဖိုးနဲ့ဘာညာဆို တစ်သောင်းခွဲလောက်ကျမယ် အဆင်ပြေလား" တဲ့

စိတ်ကူးထဲမှာ တလွဲ တွေလုပ်လာ ဘာညာ ဆိုပြီးပွစိပွစိပြောတော့မယ် တစ်စုံတစ်ယောက်ကို တန်းကနဲမြင်လိုက်မိပေမယ့် ဒီလောက်ကတော့ အဘိုးအဘွားတွေ အလှူပေးသလောက်ရှိပါတယ် ဆိုပြီး ပေးချခဲ့ပစ်လိုက်တယ်။အခုသာတန်ကြေးမရှိတာ အဲ့ဒီအချိန်က အဲ့လောက်ပမာဏဆိုတာလည်း နည်းတော့မနည်းလှဘူး။အပြင်ဆိုင်မှာဓာတ်ခဲကောင်းကောင်းဆိုရင်တောင် သုံးလေးထောင်လောက်ပဲရှိတာ။

"ယုံယုံကြည်ကြည်အားပေးလို့ကျေးဇူးပါသမီးရယ် " တဲ့ လှိုက်လှိုက်လှဲလှဲ ပုံစံတွေနဲ့ပြောတော့ ငါကုသိုလ်တစ်ခုလုပ်လိုက်တာပဲဆိုပြီး ပီတိတွေဘာတွေဝေဖြာပြီး စက်ပြန်လည်နေတဲ့နာရီလေးပတ်ပြီး ပြန်ခဲ့တာပေါ့။

တစ်လလောက်နေမှ ဇာတ်လမ်းစတာ။ နာရီက သွားတစ်လှည့်မသွားတစ်လှည့်ဖြစ်နေတာ။ အရင်ကများ ဓာတ်ခဲလဲထားလို့ကတော့ အနည်းဆုံးတစ်နှစ်လောက် ပတ်စမ်း အကြိုက်ပဲ။ နာရီကရပ်နေတာ မသိပဲ အေးဆေးနေမိလို့အလုပ်နောက်ကျတာလည်း အခါခါပဲ။အဲ့ဒီနာရီလေးက တစ်စုံတစ်ယောက်ဆီက လက်ဆောင်ရတဲ့အမှတ်တရပစ္စည်းလေးမို့ ကိုယ်သိပ်တန်ဖိုးထားပြီး ကိုယ်နဲ့မကွာဆောင်ခဲ့ရတာ။ တန်ဖိုးဆိုတာထက်အမှတ်တရတွေအများကြီးရှိတယ်။ တော်တော်ကြာကြာလည်း လက်မှာပတ်ထားခဲ့တာမို့စိတ်မကောင်းဘူး။ ဒါပေမယ့် ထပ်လည်း မပြင်တော့ပါဘူး။ တော်ကြာ သွားပြကြည့်လိုက်မှ အထဲက ပစ္စည်းတွေပါ လဲထားတယ်ဘာညာဆို ပိုပြီးစိတ်မကောင်းဖြစ်နေရမစိုးလို့ သေချာပဲသိမ်းထားလိုက်တော့တယ်။တကယ်‌တော့ ကိုယ်လည်းနားမလည်တော့ လဲလို့ရလားမရလားလည်း မသိပါဘူး။ဒါ‌ ပေမယ့် စိတ်အရမ်းတိုမိသွားမှာကြောက်လို့မပြင်ပဲထားလိုက်ချင်ပေမယ့် မြုပ်ကွယ်နေတဲ့စိတ်ရဲ့တစ်ဖက်ကလည်း ရသလောက်လေးပြင်ပြီး ပတ်ကြည့်ချင်ခဲ့မိတယ်။

တစ်ခုတော့ တွေးမိသွားတယ်။ ဆင်းရဲတဲ့သူတွေထက်စာရင် နေမကောင်းဖြစ်နေတဲ့သူတွေကို ကူညီတာများပိုကောင်းမလားဆိုပြီးတော့လေ။ ဆင်းရဲတယ်ဆိုတာ အချို့ကျတော့ အတိတ်ကံကြောင့် ဖြစ်ပေမယ့် အချို့ကျတော့ ချမ်းသာရာချမ်းသာကြောင်းရှာဖွေဖို့မစဉ်းစားပဲ တစ်နပ်စား အကြံတွေကြောင့် ဆင်းရဲတာတွေလည်းရှိတာပဲလို့။ နေမကောင်းဖြစ်နေတဲ့သူတွေကျတော့ သူတို့ဖြစ်ချင်လို့ဖြစ်နေတာမဟုတ်ပဲ မတတ်သာတဲ့အခြေအနေမှာ ဖြစ်နေကြရတာ။ သူတို့ကို ကူညီတဲ့သူမှမရှိရင် အတိဒုက္ခရောက်ကြရတော့မှာ ဆိုပြီးလျှောက်တွေးမိသွားတယ်။

နောက်အခါ‌ေတွကျရင်တော့ တစ်ယောက်ယောက်အပေါ်မှာ သနားစိတ်ကလေးဖြစ်လာရင် တစ်ခုခုနဲ့အလဲအလှယ်မလုပ်တော့ပဲ စေတနာသန့်သန့်ထားပြီး တတ်နိုင်သလောက် ပမာဏကိုပဲလှူလိုက်တော့မယ်လို့စဉ်းစားမိသွားခဲ့ပါတယ်။

လတ်တလောမှာ နာရီမရှိတော့တဲ့
စာကြမ်းပိုး

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်