Author's Profile Photo

KhatSit

4/10/2024

ဂန္တဝင်မြောက် သီချင်းတစ်ပုဒ်စတင်ရာ (သို့ ) ဝဏ္ဏကျော်ထင် ဆရာတင်

3 mins read
Life Style
History
18 Again
ဂန္တဝင်မြောက်  သီချင်းတစ်ပုဒ်စတင်ရာ  (သို့ ) ဝဏ္ဏကျော်ထင် ဆရာတင်'s photo


ယနေ့ကမ္ဘာပေါ်မှာ နိုင်ငံအသီးသီး ၊ လူမျိုးအသီးသီး ရှိသကဲ့သို့ ကိုယ်ပိုင်ယဉ်ကျေးမှုအနုပညာတွေရှိပါသည် ။ ဒီအနုပညာတွေထဲမှာ ဂီတ ဆိုတဲ့ အနုပညာသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည် ။ ဂီတဆိုသည်မှာ သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်များကို စည်းချက် ဝါးချက်ညီညီ သီဆိုတီးမှုတ်သော အနုပညာ တစ်ရပ်ဖြစ်ပေသည် ။ ဂီတဖန်တီးရေးသားခြင်း ၊ သီဆိုတီးမှုတ်ခြင်း နှင့် အဓိပ္ပါယ်သတ်မှတ်ချက်များမှာ လူမျိုးအလိုက် ၊ ယဉ်ကျေးမှုအလိုက်ကွဲပြားမှုရှိနိုင်ပါသည် ။

လူမျိုးအသီးသီးရဲ့ သမိုင်းမှာ ထင်ရှားခဲ့တဲ့ တေးသီချင်းတွေ ၊ ဂီတစာဆိုတွေ နဲ့ အဆိုတော်တွေ ရှိခဲ့သလို မြန်မာနိုင်ငံရဲ့ သမိုင်းမှာလည်း ကမ္ဘာမှာ မြန်မာဆိုတာ တည်ရှိနေသ၍ အမြဲတမ်းတည်ရှိနေမယ့် မြန်မာတမျိုးသားလုံးနှင့်သက်ဆိုင်တဲ့ တေးသီချင်းတစ်ပုဒ်ရှိနေပါသည် ။ ဒါကတော့ မြန်မာ့တေးဂီတသမိုင်းမှာ စွမ်းအင်အထက်မြတ်ဆုံးသော တေးတစ်ပုဒ် (သို့) မြန်မာတမျိုးသားလုံးနှင့်သက်ဆိုင်သည့် နိုင်ငံတော်သီချင်းပဲ ဖြစ်ပါသည် ။

နိုင်ငံတော်သီချင်း၏ ဂီတသံစဉ်သည် သီဆိုရန်အတွက် လွယ်မယောင်နှင့်ခက် ၊ သီချင်းရဲ့ အဓိပ္ပါယ်သည်လည်း တိမ်မယောင်နှင့် နက်သည့် သီချင်းတစ်ပုဒ်ဖြစ်တယ်လို့ ဂီတဆရာကြီးများပြောဆိုခဲ့ကြသည်ကို လေ့လာ သိရှိ ခဲ့ရပါသည် ။ ဒီလို သမိုင်းဝင်တဲ့ တေးသီချင်းတစ်ပုဒ်က ဘယ်လိုပေါက်ဖွားလာခဲ့သလဲဆိုတာကို လေ့လာကြည့်လိုက်သောအခါ....

ခရစ်သက္ကရာဇ် ( ၁၈၉၄ ) ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၁ ) ရက်နေ့တွင် မန္တလေးမြို့ ၊ ရွှေဘုန်းရှိန် ၊ မင်းသားစုရပ်၌ အဖ ဦးရန်အောင် နှင့် အမိ ဒေါ်သိန်းတို့မှ မြန်မာနိုင်ငံတော်သီချင်းရဲ့ ပဲ့ကိုင်ရှင်ဖြစ်သည့် မောင်တင်ကို မွေးဖွားခဲ့ပါသည် ။ မွေးချင်း သုံးယောက်ရှိသည့်အနက် မောင်တင်မှာ အလတ်ဖြစ်သည် ။ မောင်တင် ခြောက်နှစ်သားအရွယ်တွင် ဘီ ၊ တီ ၊ အင် ခေါ် ဗုဒ္ဓသာသနနုဂ္ဂဟကျောင်းတွင် ပညာသင်ကြားခဲ့သည် ။ ထိုကျောင်း၏ ကျောင်းအုပ်ဆရာကြီးမှာ ၁၉၁၉ ခုနှစ်တွင် ဘိလပ်သို့ မြန်မာကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သော ဖေ ၊ ပု ၊ ရှိန် သုံးဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော ဦးထွန်းရှိန် ပင်ဖြစ်ပေသည် ။ ငယ်စဉ်ကပင် ဂီတကို နှစ်သတ်မြတ်နိုးသည့် မောင်တင်သည် ကျောင်းအားချိန်များတွင် တေးကိုသာညဉ်း၍ အချိန်ကုန်စေတတ်သည် ။ ဒါကို အတန်းပိုင်က ပညာသင်ကြားရာမှာ အခက်အခဲဖြစ်မည်ဆိုးသောကြောင့် ခေါ်ယူသတိပေးဆုံးမခဲ့သည် ။ ဒါကို မောင်တင်က သူ့အား မတရားချုပ်ချယ်သည်ဟု ယူဆကာ သတ္တမတန်းအောင်သည်နှင့် ကျောင်းမှထွက်လိုက်သည် ။

သို့သော် မောင်တင်သည် ဖခင်ကြီး၏ တိုက်တွန်းချက်အရ ကျောင်းဆက်လက်တက်ခဲ့ရာ ၁၉၀၉ ခုနှစ် ၊ အသက် ၁၇ နှစ်အရွယ်တွင် ကယ်လီကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည် ။

ဆယ်တန်းအောင်ပြီးနောက် အမ်ဘီတီ အလွတ်ပညာသင်ကျောင်း၌ ဆရာအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည် ။ ဆရာတင်သည် ကျောင်းသားများကို စာပြပြီးလျှင် လက်ဆွဲဘာဂျာတစ်လုံးဖြင့် တေးသီချင်းညဉ်းလေ့ရှိသည် ။ ဝါသနာကတခြား အလုပ်ကတခြား ဖြစ်နေသောကြောင့် သုံးနှစ်သာ ကျောင်းဆရာလုပ်ပြီး အလုပ်မှထွက်ခဲ့သည်။ ထို့နောက် တပည့်ဟောင်းများရဲ့ တိုက်တွန်းချက်ကြောင့် ဆရာတင်သည် ၁၉၁၈ ခုနှစ်ခန့်တွင် ဗုဒ္ဓဘာသာ လူငယ်များ အင်္ဂလိပ်ပညာရေးသင်ကျောင်းခေါ် ဝိုင် ၊ အမ် ၊ ဘီ အလွတ်ပညာသင်ကျောင်းကို စတင်ဖွင့်လှစ်ခဲ့သည် ။ ကျောင်းဖွင့်စမှာကျောင်းသား ၁၀ ယောက်ခန့်သာရှိသော်လည်း နောက်လအနည်းငယ်ကြာသောအခါ ကျောင်းသား ၅၀ ကျော်မျှဖြစ်လာခဲ့သည် ။
ဆရာတင် ပထမဆုံးစပ်ဆိုသော သီချင်းမှာ အာကာသဇိုး အမည်ရှိသီချင်းဖြစ်သည် ။ ထိုသီချင်းကို မြခြေချင်းမငွေမြိုင် အားသီဆိုစေရာ အတော်ပင်လူကြိုက်များခဲ့သည် ။ ထိုအချိန်မှစ ဝိုင် ၊ အမ် ၊ ဘီ ကျောင်းကိုအစွဲပြု၍ တေးရေးဆရာ “ ဝိုင်အမ်ဘီ ဆရာတင်” ဟူ၍ ကျော်ကြားလာခဲ့သည် ။

ထိုနောက် မြန်မာညွန့်အငြိမ့်အဖွဲ့ကို တည်ထောင်သော ဦးချစ်မောင်နှင့် ခင်မင်ရင်းနှီးရာ အငြိမ့်သီချင်းများကူညီရေးဖွဲ့ရင်း ၁၉၂၅ ခုနှစ်တွင် ထိုအဖွဲ့နှင့်အတူ ရန်ကုန်သို့ရောက်ခဲ့သည်။ ရန်ကုန်မှာနေရင်း ငယ်စဉ်ကျောင်းနေဘက် လည်းဖြစ် ညီအကိုလိုခင်သည့် သခင်ဘသောင်းနှင့် တွေ့ဆုံခဲ့သည် ။ ထိုအချိန်ကာလမှာ ၁၉၃၀ ခုနှစ်၏ ဝန်းကျင်ဖြစ်သောကြောင့် ဆရာတင်သည် သခင်ဘသောင်း၏ သခင်ဝါဒကိုလက်ခံကာ နိုင်ငံရေးကြိုးပမ်းမှုတွင် သူတတ်နိုင်သည့်နေရာမှ တာဝန်ထမ်းဆောင်ခဲ့သည် ။ “ မိုးကိုဒူးနဲ့တိုက်မယ်” သီချင်းကိုစပ်သောအခါ “ဝိုင်အမ်ဘီသခင်တင်” ဟုအမည်ခံယူလိုက်သည်။

ထို့နောက် တို့ဗမာ အစည်းအရုံးအတွက် သီချင်းတစ်ပုဒ်စပ်မည်ဟု သခင်ဘသောင်း နှင့်တိုင်ပင်ကာ “တို့ဗမာ” သီချင်းကိုရေးကြသည် ။ ပထမရေးစပ်သောအခါ “ နောင်ဥဒါန်းဘယ်မကျေစရာ “ ဟူသော အပိုဒ်မှ စတင်ရေးသည်းပြီးနောက် မိတ်ဆွေများနှင့်ထပ်မံဆွေးနွေးကာ “တကောင်း အဘိရာဇာ “ အစချီခြေဆင်း စာပိုဒ်ကို ထပ်မံဖြည့်သွင်းခဲ့သည် ။ တို့ဗမာသီချင်းကို ၁၉၃၆ ခုနှစ်ဇူလိုင်လတွင် မြင်းခြံမြို့၌ ကျင်းပသော တို့ဗမာ အစည်းအရုံး၏ ဒုတိယညီလာခံတွင် အမျိုးသားသီချင်းအဖြစ် ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ဆရာတင်သည် တို့ဗမာသီချင်းသာမက အခြားနိုင်ငံရေး သီချင်းများကိုလည်း စပ်ဆိုခဲ့သေးသည် ။

ဒဂုံဆရာတင် ၊ ဆရာရန်နိုင်စိန်၊ မြန်အောင်ဦးတင် ၊ ဝန်ကြီး ဗိုလ်ခင်မောင်ကလေး စသည့် လေးဦးအဖွဲ့မှ ဆွေးနွေးညှိနှိုင်းကာ “ တကောင်အဘိရာဇာ” အစချီသော တို့ဗမာအဖွဲ့အစည်း၏ တေးသွားကိုယူ၍ လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေးဖြစ်စေမည့် စာသားများကို ပြောင်းလဲ ထည့်သွင်းကာ နိုင်ငံတော်သီချင်းကို ပြုစုခဲ့ကြသည် ။ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက် ၊ တိုင်းပြည်ပြုလွတ်တော် တတိယညီလာခံတွင် နိုင်ငံတော်သီချင်းသည် တရားဝင်ဖြစ်လာခဲ့သည် ။

၁၉၄၇ ခုနှစ် ပထမမူကြမ်း( သီချင်းစာသား)

အမျိုးသားရေး ကြိုးပမ်းစို့လေ၊ ဒို့ပြေ ဒို့မြေ၊ အရှေ့က နေဝန်းထွန်းသစ်စပုံသို့ ဒို့ဆောင်သမျှအောင်ရမည်မှာ မလွဲပေ။ ဒို့ပြေ-ဟေ့ဒိုမြေ၊ ဒို့ပြည်ထောင်စုပေ၊ ဒို့တတွေ ရဲ့ပြေ၊ ဒို့တတွေရဲ့မြေ၊ တိုင်းရင်းသားအမွေ။
ကမ္ဘာမကြေ၊ ဗမာပြည်၊ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ။ ဒါဒို့ပြေ ဒါဒို့မြေ ဒို့ကိုယ်ပိုင်မြေ၊ ဒို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ၊ ဒို့ပြေဒို့မြေ အကျိုးကို ကာကွယ် သယ်ပိုးမလေ၊ ဒို့ပြည်ထောင်စုအမွေ အဖိုးတန် ဤမြေ ဒို့တာဝန်ပေ။

၁၉၄၇ ခုနှစ် တရားဝင်စာသား

တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ၊ တို့ပြည်၊ တို့မြေ၊ များလူခပ်သိမ်း၊ ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ၊ ဝါဒဖြူစင်တဲ့ပြည်၊ တို့ပြည်၊ တို့မြေ၊ ပြည်ထောင်စုအမွေ၊ အမြဲတည်တံ့စေ၊ အဓိဋ္ဌာန်ပြုပေ၊ ထိန်းသိမ်းစို့လေ
ကမ္ဘာမကြေ၊ မြန်မာပြည်၊ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ။ ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ၊ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ။ တို့ပြည် တို့မြေ အကျိုးကို ညီညာစွာတို့တတွေ ထမ်းဆောင်ပါစို့လေ တို့တာဝန်ပေ အဖိုးတန်မြေ။

ဆရာတင်သည် ဒေါ်သီတာ အမည်ရှိ မိုးကုတ်သူဖြင့် အိမ်ထောင်ကျပြီး သားသမီးမထွန်းကားခဲ့ပေ ။ ဆရာတင်သည် အရပ်ပုသည် ။ အသားညို ပြီး ပါးစပ်ပြဲ၍ မျက်လုံးအရောင်တောက်သည် ။ အဆိုပိုင်၍ မှင်နှင့်မောင်းနှင့် ဟန်ကောင်သည် ။ အင်္ဂလိပ်စကားပြောကောင်းသည်ဟုဆိုပါသည် ။ စာရေးရာတွင်လည်း မှင်နက်ကို အသုံးပြုလေ့မရှိ ရဲရင့်သည်ဟူသော အနက်ကိုဆောင်၍ မှင်နီကိုသာ အသုံးပြုသည်ဟု ပြောဆိုကြသည် ။

၁၉၅၀ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက် မြန်မာ့လွတ်လပ်ရေး၏ ဒုတိယနှစ်ပတ် လည်နေ့တွင် နိုင်ငံတော်အစိုးရက ဝိုင်အမ်ဘီဆရာတင်အား “ ဝဏ္ဏကျော်ထင်” ဘွဲ့ကိုပေးအပ်ခဲ့သည် ။ ၁၉၅၀ ခု ၊ ဩဂုတ်လ ၈ ရက် ၊ အသက် ၅၇ နှစ်အရွယ်တွင် ဆရာတင်သည် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည် ။ နောက်တစ်နေ့ ၊ ဩဂုတ်လ ၉ ရက်နေ့တွင် ကြံတောသုသာန်၌ သင်္ဂြိုလ်ခဲ့သည် ။

အနုပညာလောကတွင် ဘက်စုံ ၊ နယ်စုံသည့်အပြင် အမျိုးသားရေးအားမာန်ဖြင့် တေးသီချင်းလောကကို ဦးဆောင်ခဲ့သော ဂန္တဝင်မြောက် တို့ဗမာသီချင်းကို ရေးသားခဲ့သည့် ဝိုင်အမ်ဘီဆရာတင်အား ဂုဏ်ပြုဦးတင်လျှက်ရေးသားလိုက်ပါသည် ။


ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၂ )
တို့ဗမာသီချင်း (၃၅ ) နှစ်မြောက် နှင့် ဝိုင်အမ်ဘီသခင်တင် အထိမ်းအမှတ်စာအုပ်
ဝိုင်အမ်ဘီ သခင်တင် အတ္ထုပ္ပတ္တိ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)