Author's Profile Photo

Khai

4/10/2024

အိပ်မက်သေ

8 mins read
Art
18 Again
Fiction
အိပ်မက်သေ's photo


အိပ်မက်သေ


အိပ်ယာထဲရောက်ပြီဆိုမှ သေးကပေါက်ချင်လာသလိုလိုပင်။ ဤသည်ကား တစ်ရက်မဟုတ် နှစ်ရက်မဟုတ်။ နေ့တိုင်းနီးနီး။ ဆိုတော့ ထုံးစံအတိုင်း အောင့်အီးပြီး မနက်ကျမှ စုပြုံထုတ်ပစ်ရုံသာ။ အပျင်းကြီးတယ် ဆိုရင်ဆိုပါလေ။ အိပ်ယာထဲရောက်နေတဲ့ ဇိမ်ကိုတော့ ဘာနဲ့မှလဲနိုင်မည်မဟုတ်။

ဘာနဲ့မှလဲနိုင်မည်မဟုတ်ဆိုမှ အိပ်ယာထဲရောက်နေတုန်း ဖုန်းပြောချင်တယ်ဆိုလို့ အိမ်နောက်ဖေးသွားပြောရတာကို သတိရမိသည်။ အိပ်ယာထဲမှာက လိုင်းမကောင်း။ ခြင်ထောင်လဲမှ လိုင်းကောင်းမယ်ထင်တယ် လို့ သူက စနောက်ခဲ့ဖူးတာကလည်း မေ့မရတဲ့ အမှတ်တရတစ်ခုပင်။

သေးကတော့အတော်ကိုပေါက်ချင်နေသည်။ သို့ပေမယ့် ပျင်းရိခြင်းနှင့်သေးပေါက်ခြင်းကိုတော့ ဒဲ့မလဲနိုင်။ ထွက်ကျကာမှ ထွက်ကျရော ကိုယ်ကတော့ အိပ်မှာပဲ။ စောင်ခေါင်းမြှီးခြုံပြီး မျက်စိကိုဇွတ်မှိတ်ကာ ပေါင်ကိုစိထားလိုက်သည်။


"ငါ-ီး ဖက်ခေါင်းအုံးခွဖို့ မေ့ပြန်ပြီ"

ဤစကားမှာ ကျွန်တော်မှတ်မိသည့် အိပ်ယာဝင်စကားတစ်ခွန်းအဖြစ် နောက်နေ့မနက်မှာမှတ်တမ်းဝင်သွားလိမ့်မည်ဟု ထင်လိုက်မိသည်။

"ဒီချိန်ဆို သူလည်းအိပ်လောက်ပြီထင်တယ်"

ဖုန်းစခရင်ဖွင့်ပြီး နာရီကြည့်လိုက်တော့ ၂နာရီ ၃၇မိနစ်။ သူက စောစောအိပ်တတ်သူဖြစ်သည်။ ကျွန်တော်က ဘာကြောင့်စိတ်ပူနေမိလည်းဆိုတာကိုတော့ အခုထိမသိသေးချေ။

ကိုယ်ပိုင်အထင်အမြင်တွေတောင် မင်းနဲ့မှ လွဲလေရော့လား။

----


ဒီရက်ပိုင်း ကောင်မလေးတစ်ယောက်နှင့် စကားပြောဖြစ်သည်။ ဘာအကြောင်းရယ်မဟုတ်ပဲ ဟိုဟိုဒီဒီ

ပြောနေမိခြင်းမျိုးပင်။ ဆိုးတော့မဆိုးလှ။ ယခုလို ညညကျ အပျင်းပြေသည်။ ကိုယ့်ဖက်ကချည်း သွားသွားပြောရတာတစ်ခုတော့မမိုက်။ တစ်ခါတစ်ခါကျ သူ့ဖက်ကလည်း စပြောသင့်တယ်မဟုတ်လား။

ကောင်မလေးကတော့ အတော်ကိုချစ်စရာကောင်းသော်လည်း တကယ်တမ်းပြောရရင် ကိုယ့်အကြိုက်တော့မဟုတ်။ မာရဇ္ဇသီချင်းထဲကလို 'ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး' ဆိုတာမျိုးကမှ ကိုယ့်အကြိုက်။ သို့သော် ကိုယ့်ဘက်က ရင်ခုန်မိပြီဆို လုံးဝဆန့်ကျင်ဖက်ပင်။

သူနဲ့စတွေ့တုန်းကလည်း 'ငါ့အကြိုက်ကောင်မလေး မဟုတ်ပါဘူး' ဆိုတာမျိုးတွေးမိသေးသည်။ မှတ်မှတ်ရရ ထိုနေ့က သောကြာနေ့။ နောက်နေ့မနက်ကျ ကျောင်းသွားမယ်ဆိုပြီး စောစောထရေမိုးချိုးလိုက်သေးသည်။ ပြီးမှ စနေနေ့မှန်းသတိရတော့ ဟတ်ကော့ကြီးကျန်ခဲ့တာကို မှတ်မိနေသောကြောင့်ပင်။ ခံစားရတော့ သိပ်မမိုက်လှ။ အခုပြန်တွေးကြည့်တော့ အတော်ရယ်စရာကောင်းသည်။ အဲ့သလောက်တောင် ရင်ခုန်ခဲ့မိသည်မို့ ယခုလိုအချွတ်အချော်မရှိ စေ့စေ့စပ်စပ်ပြန်တွေးနေမိတယ်လို့ ကောက်ချက်ချလျှင်လည်း ငြင်းနိုင်စွမ်းမည်မထင်ပါ။

(messenger notification)

ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် မျက်ခုံးတွန့်သွားမိသည်။ ည၁နာရီကျော်ကြီး ဘယ်သူစာပို့လည်းမသိ။ messenger group တွေ အားလုံးကိုတောင် နားညီးမှာစိုးလို့ mute ထားသောကြောင့် ဘာ notiမှ မတက်ချေ။ အဆိုပါ group တွေကို mute ပြီးရင်လည်း စာလာပို့မည်သူက မရှိတော့ပြီမဟုတ်လား။

လိုင်းကသိပ်မတက်ချင်သောကြောင့် အသံသာကြားရပြီး စာနဲ့chat headက တက်မလာချေ။ သိချင်စိတ်နဲ့အတူ messenger ထဲကိုသာ ဝင်ကြည့်မိလိုက်သည်။

-ဓာတ်ပုံက မိုက်လိုက်တာ။

ဟိုကောင်မလေးပို့ထားတာဖြစ်သည်။ mydayမှာ တင်ထားတဲ့ပုံကို reply ထားပြီး love reactတောင် ပေးထားသေးသည်။ စာလာပို့သည့်အတွက် ပျော်သလိုလိုရှိသော်လည်း သိပ်တော့ဘဝင်မကျ။ အကြောင်းမှာ ကိုယ်က ဓာတ်ပုံရိုက်ရတာကို သဘောကျသူမဟုတ်။ အသိကင်မရာမန်းလက်စွမ်းပြလွန်း၍သာ တစ်ပုံပြီးတစ်ပုံ အရိုက်ခံနေရခြင်းပင်။ နောက်ပိုင်း ဓာတ်ပုံအရိုက်ခံရလွန်းလို့ facebook friend တွေကတောင် ကိုယ့်ကို photo modelဟု ထင်လာကြသည်။ မဟုတ်ကြောင်းရှင်းပြပါကလည်း 'မိုက်တယ် photo model လုပ်ပါလား' ဆိုတာမျိုးသာ ပြန်ပြောတတ်သည်။ အကောင်းနဲ့အဆိုးဒွန်တွဲနေတယ်ဆိုတာ ဒါမျိုးဖြစ်ရမည်။ အပြင်သွားပြီဆို 'ဓာတ်ပုံရိုက်ပေးပါ ဓာတ်ပုံရိုက်ကြမယ်' ပြောတတ်သူများကျ အရိုက်မခံရ။ မရိုက်ချင်ပါဘူးဆိုသူကမှ ကင်မရာမန်းနဲ့ သူငယ်ချင်းဖြစ်နေရသည်။ မလွယ်လှချေ။

အစကတော့ အဆင်မပြေသလိုလိုဖြစ်ပေမယ့် နောက်ပိုင်းကျ ဓာတ်ပုံရိုက်ရတာ အေးဆေးဖြစ်လာသည်။ သူနဲ့ရှိတုန်းက ဓာတ်ပုံတွေပိုရိုက်ဖြစ်ခဲ့ရင်ကောင်းသား ဟု ရံဖန်ရံခါတွေးတောမိတတ်သည်။ မဆီမဆိုင်လို့ပြောလည်း လက်ခံရမည့် အတွေးမျိုးပင်။ ထိုစဥ်အချိန်မှာ သူက ဓာတ်ပုံအရမ်းရိုက်ချင်သူဖြစ်ပြီး ကိုယ်ကတော့ ဓာတ်ပုံဆိုအရိုက်ခံဖို့မပြောနဲ့ရိုက်တောင်မရိုက်ပေးချင်သူဖြစ်၏။ အခုမှသာ photo model ယောင်ယောင်ဖြစ်နေတာကတော့ ဟာသတစ်ခုလိုပင်။ သူ့ဓာတ်ပုံအသစ်တွေထဲမှာတော့ အရင်ကလို လှမြဲလှဆဲ။ သူက အခုထိ ရင်ခုန်ချင်စရာကောင်းနေဆဲဖြစ်သည်။ ဒီလိုတွေးမိတော့မှ ဓာတ်ပုံတွေရိုက်ဖြစ်နေတဲ့ ငါကပဲပြောင်းလဲသွားလေသလားလို့ ထင်ယောင်းမှားလာသလိုပင်။

လောကကြီးက ခန့်မှန်းရခက်တဲ့အကြောင်း နောက်တစ်ခါ လက်ခံပေးလိုက်မိသည်။ ဒီတစ်ကြိမ်လက်ခံပေးရတာကတော့ သိပ်ပြီးမခံစားရ။ ပထမတစ်ခေါက်ကတော့ အတော်ခံစားရသည်။

တကယ်တမ်း ဝေးရပြီဆို "မုန်းတယ်" လို့တောင် ပြောစရာမလိုပါဘူး။ မမုန်းပဲလည်း ကိုယ်တို့ဝေးခဲ့ရတာပဲ မဟုတ်လား။

ထိုညက ကျွန်တော်စာမပြန်ဖြစ်ခဲ့ပါ။

----

သောက်ရေအိုးထဲမှရေကို ဂွက် ဂွက် ဂွက် မြည်အောင် နှစ်ခွက်ဆင့်သောက်ချလိုက်သည်။ ဒီနေ့အလုပ်မှာ ပင်ပန်းလွန်းသည်။ ဘာတွေဘယ်လို ပင်ပန်းခဲ့သည်တောင်မသိ။ အိမ်ပြန်ရောက်ထဲက အိပ်ပျော်သွားမိတာ ခုမှနိုးသည်။ ဗိုက်ကအတော်ဆာနေသော်လည်း ထမင်းမစားချင်။ ဘာစားလို့စားချင်နေမှန်းလည်းမသိ။

စီးကရက်တစ်လိပ်ထုတ်ပြီး မီးညှိလိုက်သည်။ ဖုန်းဖွင့်ပြီး newsfeed ပွတ်တော့လည်း စိတ်ရှုပ်စရာတွေချည်းသာ။ ဒါမှမဟုတ် ကိုယ်က အရာအားလုံးကို စိတ်ရှုပ်နေတယ်ဆိုလည်း မမှားပြန်ပါ။ ခေါင်းကအတော်ကို ရှုပ်ယှက်ခပ်နေသည်။

ပြန်အိပ်ချင်လာသလိုဖြစ်လာ၍ အိပ်ယာပေါ်လှဲချလိုက်မိသည်။

"သူရှိရင်ကောင်းမယ်"
"ဒီတိုင်းလေး..."
"ဖက်ထားပေးရင် ရပါပြီ"

ပင်ပန်းသည့်ဒဏ်ကို ဖြေနိုင်သည့်ဆေးမှာ ပျော်ရွှင်မှုတစ်ခုသာရှိသည်။ ဒီရက်ပိုင်း နားထောင်ဖြစ်သော သီချင်းစာသားတစ်ခုက ခေါင်းထဲဝင်လာသည်။

နှုတ်မှထုတ်ဆိုချင်သော်လည်း အဲ့သလောက်တောင်အားမရှိတော့ချေ။

"ဒို့ကတော့ ဒီ ဒီကမ္ဘာမှာ မပျော်နိုင်ခဲ့တာ ကြာပါပြီ"

စီးကရက်ပြာများ ကြမ်းပြင်ပေါ် တစ်စစကျလျက်ရှိပြီး စီးကရက်အငွေ့များကတော့ လေယူရာကို ယိမ်းနွဲ့စွာ မျောပါသွားလေသည်။

----


ဒီရက်ပိုင်း တစ်ခုခုကို အာရုံစိုက်ချင်နေသည်။ အကြောင်းကတော့ အခြားမဟုတ်။ ပိုက်ဆံလိုချင်သောကြောင့်ပင်။ တစ်နေ့ညနေက မြနန္ဒာအိမ်ယာထဲဖြတ်သွားမိတော့ အဲ့ကအိမ်တွေအတော်လှတာ သတိထားမိသည်။ ထို့ကြောင့်လည်း အခုလို အလောတကြီး ပိုက်ဆံရှာချင်လာရခြင်းဖြစ်သည်။

ခေါင်းထဲတော့အများကြီးတွေးမိသည်။ တကယ်ဖြစ်နိုင်လားဆိုပြီးမေးရင်တော့ ဖြစ်အောင်လုပ်ရင်ဖြစ်မှာပေါ့ လို့ဖြေရုံကလွဲ အခြားမရှိ။ ဆက်ပြီး 'ဘေးမှာ သူရှိရင်ကောင်းမယ်' လို့ တွေးလိုက်မိသည်။ မရှိနိုင်တာကိုလည်း သိသိကြီးနှင့်တွေးမိနေတာမျိုးပင်။

ကိုယ့်ကိစ္စကိုသာ အာရုံစိုက်ပြီး ဆက်တွေးနေမိသည်။ အလုပ်လုပ်၊ ပိုက်ဆံစု၊ အိမ်ဝယ် ဒါကတော့ အခြေခံစီမံကိန်း။ ပြီးမှ ဟိုဟာဝယ်၊ ဒီဟာဝယ်ပေါ့။ ပန်းခြံလေးတစ်ခုတော့ပါမှဖြစ်မည်။ ကိုယ်ပိုင်အခန်းတစ်ခုလည်းရှိမည်။ အဖေနဲ့အမေကိုပါ တစ်အိမ်ထဲအတူထားရမလား၊ သူတို့အတွက်သပ်သပ်တစ်လုံးဆောက်ပေးရမလားဆိုတာကတော့ မစဥ်းစားတတ်။ ပထမတစ်ခုကိုတော့ သိပ်ပြီးသဘောမကျ။ သို့သော် ဒုတိယတစ်ခုကျတော့လည်း အတော်လေးဝန်ပိစေသည်။ အဖေနဲ့အမေကလည်း အိမ်ခွဲနေရင် သဘောကျမည်မထင်။ ထို့ကြောင့် ပထမတစ်ခုကသာ အလေးသာနေသည်။

ကိုယ့်အတွေးနဲ့ဆိုရင်တော့ ဒုတိယတစ်ခုကိုသာ ရာနှုန်းပြည့်ရွေးချယ်မည်။ တစ်ယောက်ထဲလွတ်လွတ်လပ်လပ်နေလိုသည်က ငယ်စဥ်ထဲကဆန္ဒပင်။ ပြီးတော့ အမေက သူ့ကိုသိပ်ပြီး သဘောမကျလှ။ အတူတူနေရင် အဆင်ပြေပါ့မလားတွေးမိသည်။ မုန့်ဆီကြော်ကဘယ်မှန်းမသိ နှုတ်ခမ်းနာနဲ့တည့်ပါ့မလားဆိုတာမျိုးပင်။

"ဟူး...."

ဘာမှန်းမသိသော သက်ပြင်းရှည်ကြီးကိုသာ ဆွဲချလိုက်သည်။

"ငါ့ကို မင်းရှို့ခဲ့တဲ့မီးက
တစ်ဘဝစာ အလင်းပြန်ဖို့တော့ ခက်မယ်"

----

ညနေအိမ်ပြန်လာတော့ လမ်းမှာပန်းပွင့်တွေအတော်လှနေတာ သတိထားမိသည်။ ဘာကြောင့်ရယ်တော့ အတပ်အပြောတတ်။

ပန်းပင်ဆိုမှ ပြောရဦးမည်။ ဟိုးတစ်နှစ် သူ ကိုယ့်အိမ်လာတုန်းက လမ်းထိပ်က ပန်းပင်မှာဓာတ်ပုံရိုက်ချင်တယ်လို့ ပူဆာဖူးသည်။ သို့သော်မရိုက်ပေးမိခဲ့။ ထိုနေ့က တနင်္ဂနွေနေ့ဖြစ်ပြီး ပန်းပင်၏အနောက်တွင်ကား ချင်းဘုရားကျောင်းတစ်ခုရှိသည်။ ဘုရားကျောင်းတက်သူများ များလှသည်မဟုတ်သော်လည်း ရှုပ်ရှုပ်ယှက်ယှက်ဖြစ်စေသလို ခံစားရသောကြောင့် မရိုက်ပေးခဲ့ခြင်းပင်။ ဒါကို သူကစိတ်ကောက်သွားသေးသည်။ အတော်ကြာအောင်စိတ်ကောက်တယ်တော့မဟုတ်။ "မင်းချော့လိုက်ရင် ငါမနေနိုင်ပါဘူး ခဏနဲ့စိတ်ကောက်ပြေရတာပါပဲ" လို့ စိတ်ကောက်ပြေတိုင်းပြောတတ်တာကို သတိရမိသည်။

ထိုအချိန်ကတော့ အဆိုပါပန်းပင်မှာသိပ်ပြီးလှသည်မဟုတ်။ ပန်းပွင့်ရုံလောက်သာရှိသေးသည်။ ယခုမှ အစွမ်းကုန်ဖူးပွင့်နေကြသည်။ လမ်းထိပ်ထွက်တိုင်း အဆိုပါပန်းပင်ကိုမြင်နေရခြင်းက ခံစားချက်အမျိုးမျိုးရစေ၏။ တစ်ခါတစ်ခါ အချိန်တွေကြာခဲ့ပြီပဲ ဆိုတာမျိုး။ နောက်တစ်ခါ လွမ်းလိုက်တာ ဆိုတာမျိုး။ ငါဓာတ်ပုံရိုက်ပေးခဲ့ရကောင်းသား၊ နောက်တစ်ခါတွေ့ဖြစ်ရင်တော့ ဓာတ်ပုံတစ်ပုံလောက်ရိုက်ပေးဦးမှပါ။ အစရှိသည်ဖြင့်ပင်။

တကယ်တမ်းကျ ပြန်တွေ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ပြန်တွေ့ရင်ရော မျက်နှာချင်းဆိုင်ဖို့လောက်အထိ ကိုယ်က သတ္တိရှိပါ့မလား။ "ပြန်မတွေ့ပါဘူးဆို ဘယ်လိုမျက်နှာချင်းဆိုင်ရမှာတုန်းဟ" တစ်ယောက်ထဲ ဗြောင်းဆန်နေသောအတွေးများဖြစ်သော်ငြား မျှော်လင့်ခြင်မိသည်။ အတိအကျစဥ်းစားကြည့်ပါက အဆိုပါ ပန်းပင်အောက်မှဖြတ်လျှောက်ခဲ့မိတာ သူနဲ့နောက်ဆုံးပင်။ အချိန်အရေအတွက်အရဆို နှစ်နှစ်နီးပါးကြာရောပေါ့။ ဘာကြောင့်မှန်းမသိ ဖြတ်မလျှောက်ရဲတာမဟုတ်ပဲ ငေးကြည့်နေပြီး လှည့်ထွက်သွားမိတာမျိုးပင်။ သို့သော်လည်း မနက်ကျလမ်းထိပ်ထွက်ရင် အဲ့ဒီ့ပန်းပင်ကိုငေးကြည့်မိဦးမှာကို အသေအချာသိနေမိသည်။

"ပြန်မဆုံရင်
ရန်ကုန် ဘယ်ဟုတ်တော့မလဲ"

နာရီကြည့်လိုက်တော့ ၃နာရီ ၁၇။ ဒီအချိန်ဆို သူအိပ်ပျော်နေလောက်ပြီ။

----

သူနဲ့တွေ့ချင်မိသည်။ နောက်ဆုံးတွေ့ကြမယ်ပြောတာတောင် တစ်နှစ်ကျော်ခဲ့ပြီ။ အဲ့ဒီ့တုန်းကတော့ သူနဲ့မတွေ့ရဲ၍ ငြင်းခဲ့ခြင်းသာ။ တကယ်လို့ပြန်တွေ့မိခဲ့ရင် ဘယ်လိုရင်ဆိုင်ရမယ်မသိခဲ့။ သူ့ပါးစပ်က စကားတစ်ခွန်းနဲ့တင် ဒူးထောက်ကျသွားမည်ကားအသေအချာပင်။ ဒါကြောင့် နေ့ရွှေ့ညရွှေ့ ဟိုအကြောင်းပြဒီအကြောင်းပြလုပ်ခဲ့ခြင်းပင်။

အခုတော့လည်း ဘာမှမထူး။ အဲ့တုန်းက တွေ့ခဲ့ရင်ကောင်းသားဟုတွေးမိသည်။ ဒါဆို အခုလို လက်လွှတ်ပေးစရာအကြောင်းလည်းမရှိ။ လွမ်းနေရမည်လည်းမဟုတ်ချေ။ ဒါတွေကို နောင်တရသည်လည်းမဟုတ်ပဲ ဒီတိုင်း ပြန်တွေးနေမိတာမျိုးပင်။

သူများတွေကတော့ အချိန်တွေနောက်ပြန်သွားပြီး ပြင်ဆင်မယ် ဟု တွေးကောင်းတွေးလိမ့်မည်။ ကိုယ်ကတော့ အဲ့လို မလုပ်ချင်။ တကယ်လို့အခွင့်အရေးရှိခဲ့ရင်တောင် ငြင်းမိမှာအသေအချာ။ ကိုယ်ကြုံတွေ့ဖူးသား အတိတ်တစ်ခုကို ဘာကြောင့်ပြင်ဆင်ရမည်လော။ ထိုအချိန်တုန်းက ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်သင့်တယ်ထင်တာကို လုပ်နိုင်ခဲ့သည်ပဲမဟုတ်လား။ လက်ရှိ ပစ္စုပ္ပန်နဲ့ လာမည့်အနာဂတ်ကိုသာ အာရုံစိုက်လိုသည်။ တစ်ချိန်ချိန် သူနဲ့ပြန်တွေ့ဖို့အကြောင်းဖန်လာပါက ပိုပြီးပြည့်စုံသောဘဝမျိုးမှာ ထားချင်သည်။ သူပျော်စေဖို့ကိုတော့ ကိုယ်အမြဲတမ်းစွမ်းနိုင်ခဲ့တယ်လို့ ယုံကြည်မှုအပြည့်ရှိပြီး နောက်တစ်ခါကျလည်း ပျော်အောင်ထားနိုင်မည်ဟုယုံကြည်သောကြောင့်ပင်။

ပျင်းပျင်းနှင့် fbကြည့်တော့ Zodiac sign များအကြောင်းတွေ့လိုက်၍ ဝင်ကြည့်မိလိုက်သည်။ Signs and who they should date ဆိုပြီး ခေါင်းစဥ်တပ်ထားသည်။
(........)
တကယ်တော့ Zodiac တွေကလည်း မှန်လှသည်မဟုတ်။ အတော်များများက ဒါကိုအရေးတယူလုပ်နေတာကိုပင်အံ့သြမိသည်။ ယခင်ထဲက Zodiac ကို စိတ်ဝင်တစားရှိ၍ ဆိုင်ရာဆိုင်ရာ စာများကို website မှ ရှာဖတ်ဖူးသည့် ကိုယ်တောင်သူတို့လောက်မရူးလှ။ ကိုယ်က Capricorn ဖြစ်ပြီး သူက Aquarius ဖြစ်သည်။ တကယ်တမ်း Zodiac နဲ့ ပြောကျကြေးဆို ဘယ်လိုမှအဆင်မပြေနိုင်။ ဒါပေမယ့် ကိုယ်တို့နှစ်ယောက်ကတော့အဆင်ပြေခဲ့သည်။ တစ်ဦးကိုတစ်ဦးနားလည်ပေးနိုင်ခဲ့ပြီး တစ်ယောက်မျက်နှာကိုတစ်​ယောက် တစ်ရက်မတွေ့ပဲမနေနိုင်၊ မိုးလင်းကျောင်းသွားချိန်မှ မိုးချုပ်အိမ်ပြန်ချိန်အထိ အတူရှိခဲ့တာမျိုးပင်။ အကြီးအကျယ် စကားများရန်ဖြစ်ခဲ့သည်တောင်မရှိခဲ့။

Aquarius တွေ့တော့မှ ဟိုတစ်လောက သူ့မွေးနေ့ရှိတာကို အမှတ်ရမိသည်။ လက်ဆောင်ပေးဖို့စဥ်းစားမိသော်လည်း အကြောင်းကြောင်းကြောင့် မပေးမိခဲ့။ လက်မခံမှာစိုး၍မပေးခဲ့ခြင်းလည်းဖြစ်သည်။ သူတောင် ၂၁နှစ်ပြည့်ခဲ့ပြီ။ ကိုယ်က ၂၀။ စတွေ့တုန်းက ကိုယ်က ၁၇ သူက ၁၈။ မနှစ် စကားပြောဖြစ်စဥ်က "နင်တောင် အသက်၂၀ပြည့်တော့မှာပဲ အချိန်တွေက မြန်လိုက်တာ" လို့ ပြောဖူးတာအမှတ်ရသည်။

၂၀၁၉ကို ပို၍လွမ်းလာသလိုပင်။

----

ညညဆို ဘာလို့အိပ်မပျော်နိုင်မှန်းမသိ။ ၂နာရီကျော်ကို ကျော်ကျော်သွားတတ်သည်။ လုပ်စရာ ကိုင်စရာဆိုလို့လည်း မယ်မယ်ရရမရှိ။ ဘာတွေလုပ်နေမိမှန်းလည်း မသိ။ အတော်ဆိုးဆိုးပင်။ ဒီတိုင်းဆို မဖြစ်တော့။ မျက်စိမှိတ်ပြီး ဇွတ်အိပ်မှသာဖြစ်တော့မည်။

အိပ်ပါမယ်ဆိုမှ ဖက်ခေါင်းအုံးက စောင်အပြင်မှာ ကျန်ခဲ့ပြန်သည်။ တစ်ယောက်ထဲ ဘာလုပ်လို့ လုပ်နေမှန်း မစဥ်းစားတတ်တော့ချေ။


မျက်စိမှိတ်ဇွတ်အိပ်သော်လည်း အဆင်မပြေ။ အိပ်ယာပေါ်မှာ ဟိုလှိမ့်ဒီလှိမ့်နှင့် အိပ်ယာခင်းတွန့်သွားတာသာအဖတ်တင်သည်။ ရောက်တတ်ရာရာစဥ်းစားရင်း ညနေတီးဆိုင်ထိုင်တုန်းက သူ့အကြောင်းပြောကြတာ သတိရမိသည်။ ဒီတစ်ခေါက်လည်း ထုံးစံအတိုင်း သူနဲ့ကိုယ့်အကြောင်း ဇာတ်လမ်းအစအဆုံးပြောပြလိုက်မိပြန်ပါရော။ ကိုယ့်အတွက်တော့ ဒါဟာ ဘယ်တော့မှ မရိုးသွားမယ့်ဇာတ်လမ်းတစ်ပုဒ်မဟုတ်လား။ ဒါကြောင့်သာ အာမညောင်း၊ လျှာမညောင်း၊ စ လယ် ဆုံး ဆက်တိုက်ပြောနိုင်ခြင်းပင်။

ကြားဖူးနားဝ သိသမျှနဲ့ဆို လူတွေမသေခင်စပ်ကြား ၇မိနစ်မှာ ဘဝရဲ့အကောင်းဆုံးအခိုက်အတန့်များကို ပြန်မြင်ရသည်ဆိုလား ဖတ်ဖူးသည်။ ဤသည်သာ အမှန်ဖြစ်ပါက ညနေကဇာတ်လမ်းလေးကို မသေခင်မှာ တစ်ဝကြီးကြည့်သွားရဖို့က အသေအချာပင်။ ၇မိနစ်နဲ့ဆို လောက်တောင်လောက်ပါ့မလားမသိ။ တော်ကြာ ဆိုင်ရာပိုင်ရာတွေက DC fan တွေဖြစ်နေရင် ဘယ့်နှယ့်။ Screen time လျှော့ရမယ်ဆို ကိုယ့်မှာ ကြောင်တိကြောင်အမ်းနဲ့ ယောင်ချာချာဖြစ်ရဦးမည်။ အဲ့လိုတော့အဖြစ်မခံနိုင်။ အခုထဲက ကြိုစီစဥ်သွားရမည်။

"ဟ ငါ-ီး.... ငါဘာတွေးတွေးနေတာလဲ"

လူက ရူးများရူးနေပြီလားမသိ။

အဲ့လိုတွေးပြီးမှ သူနဲ့ ပတ်သတ်လာရင် အမြဲလို ရူးကြောင်ကြောင်ဖြစ်တတ်တာကို အမှတ်ရမိပြီး ခေါင်းထဲအတွေးတစ်ခုထပ်ပေါ်လာပြန်သည်။

"တကယ်တမ်း Screen time လျှော့ခိုင်းလာပြီဆို ဘာလုပ်ရင်ကောင်းမလဲ"

----


နေ့လည်ကတော့ အတော်မူးသွားသည်။ ဘာတွေပြောလို့ပြောခဲ့မိမှန်းတောင်မသိလိုက်။ ဘာမဆိုင် ညာမဆိုင် ဒီညမှ သူ့ကိုပိုသတိရနေသလိုပင်။

တွေးမိပြီးမှ ပြန်သုံးသပ်ကြည့်တော့ ဒီညသူ့ကိုပိုသတိရသည်က ဖြစ်သင့်လေသည်။ အရက်သောက်ထားသည့်ည မဟုတ်လား။ ဒီလိုညမှ မလွမ်း ဘယ်ညသွားလွမ်းရတော့မလဲ။

ပြောသာပြောရတာ ကိုယ်က နေ့နေ့ညညလွမ်းနေတာမျိုးပင်။ အရက်သောက်ရင်တစ်မျိုး၊ မသောက်ရင်တစ်မျိုး။ တစ်နည်းနည်းနဲ့တော့ လွမ်းနေတတ်သည်။ ဒါတွေကို သူမသိနိုင်မှန်းလည်း သိသိကြီးနဲ့လွမ်းနေတာမျိုးပင်။

"သူလည်း ငါ့လို လွမ်းခဲ့တာပါပဲ"

ကိုယ့်ကိုကိုယ်အထင်ကြီးနေသော စကားဟု ထင်ကောင်းထင်နိုင်ပါသည်။ သို့သော် သူလွမ်းနေမှန်း အသေအချာသိခဲ့ပြီးမို့ ဘယ်သူ့ကိုမှ ဂရုစိုက်နေမည်မဟုတ်ပါ။ သို့ပေမယ့် သူ့ကို နောက်ဆုံးစကားလေးတော့ပြောချင်မိသည်။ "တကယ်လို့ မင်းက ငါ့ကို လွမ်းနေခဲ့ရင်၊ ငါ့ကိုပြန်လိုချင်ခဲ့ရင်၊ ငါ့ဆီလာပြီးသေချာပြောပြခဲ့သင့်တယ်။ တစ်ချို့ကိစ္စတွေမှာ မင်းဖက်ကစပြီး ပြောပြပေးဖို့ လိုအပ်ခဲ့တယ်။ မင်းက အမြဲတမ်း လူကြီးဆန်ခဲ့ပြီး ဘာလို့ ဒီတစ်ခုမှ ကလေးဆန်လွန်းခဲ့တာလဲ။" ဆိုတာကို ပြောပြချင်တယ်။ ပြီးတော့ မင်းဘဝမှာနောက်တစ်ခါအဲ့လို မဖြစ်စေနဲ့နော်လို့ သတိပေးချင်တာရောပေါ့။ အရင်လို စိုးမိုးပိုင်ခွင့်မရှိတော့ကိုလည်း အသိစိတ်မှာနားလည်ပြီးသားဖြစ်သည်။

လူတိုင်းကတော့ ကိုယ့်ကို ရှုံးနိမ့်ခဲ့တယ်၊ လွမ်းနေရတယ် ထင်နေမှာပါ။ တကယ်တမ်းကျ မှားတယ်။ ကိုယ်လိုချင်တဲ့အချိန်မှာ ကိုယ်လိုအပ်နေတဲ့အကြောင်း သူ့ကိုပြောပြနိုင်ခဲ့တာပဲမဟုတ်လား။ ပြီးတော့ လူနှစ်ယောက်ရဲ့ခံစားချက်တွေဟာ အမြဲတမ်း ထပ်တူကျနေဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကို အသေအချာနားလည်ပါတယ်။ နောက်ဆုံး ရှုံးသွားတယ်ဆိုတာကတော့ အရေးအကြီးဆုံးတစ်ချက်ပေါ့။ ကိုယ်တို့နှစ်ယောက်ကြားမှာ အနိုင်အရှုံးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့တဲ့အရာပဲ။ ဒါကို မင်းလည်းသိမှာပါ။ ဒုတိယတစ်ချက်ကတော့ မှန်ကောင်းမှန်နေမလား ကိုယ့်ကိုကိုယ်တောင် မသေချာပါဘူး။

မင်းဟာ ကိုယ်မပိုင်ဆိုင်နိုင်တော့တဲ့ အပြာရောင်နေ့လေးတစ်နေ့ပေါ့။ ပျော်ရွှင်နေဖို့ ဆုတောင်းပေးပါရစေ။

----
----


ညအိပ်ယာမဝင်ခင် မင်းဘဝအကြောင်းကိုတွေးမိလိမ့်မယ်။ ပြီးရင် မင်းအောင်မြင်ချင်တဲ့အကြောင်းတွေ။ မိန်းမတွေနဲ့ပျော်ချင်တာတွေ၊ ပိုက်ဆံတွေ၊ ကြောင်တောင်တောင် အတွေးတွေ၊ ကမ္ဘာကြီးကိုကယ်တင်မယ့် Super Hero တစ်ကောင်ဖြစ်သွားတာတွေ၊ မင်းမျက်လုံးကနေ Sharingan ပွင့်လာတာမျိုးတွေနဲ့ နောက်ထပ်အခြားသော အရာတွေပေါ့။ ဒါပေမယ့် အဆုံးသတ်ကတော့တစ်ခုထဲပဲ။ နောက်ဆုံးမှာ မင်းဘဝကြီးအောင်မြင်နေတာကို မင်းစိတ်ကူးထဲမှာတွေ့ရလိမ့်မယ်။ အမျိုးသမီးတစ်ယောက်နဲ့အတူပေါ့။

ဒီနေရာမှာ အမျိုးသမီးတစ်ယောက်ဆိုတာကို ရှင်းရမယ်။ ဘဝမှာ မိန်းမတွေအများကြီး အမျိုးသမီးကတော့တစ်ယောက်ထဲ။ သူနဲ့ ကွေကွင်းပြီးနောက် ဘယ်မိန်းမကိုမှ မလေးနက်တော့တာ။ မင်းတစ်​ယောက်ထဲ စိတ်ထဲမှာ အချိန်တစ်ခုကြာရင် ငါပြန်ချစ်တတ်လာမှာလို့ မင်းဆီကနေ မျှော်လင့်နေမိပြီး သူပြန်လာလိမ့်မယ်လို့လည်း သူ့ဆီကနေမျှော်လင့်နေမိမယ်။ သူဟာ ဘယ်သူလည်းဆိုတာ မင်းမျက်စိထဲမြင်နေရမှာပါ။


အဲ့ဒီ့အမျိုးသမီးကို မင်းစိတ်ကူးထားတဲ့ ဘဝထဲခေါ်ဖို့ဆိုတာ တကယ်ဖြစ်နိုင်ပါ့မလား။ ဒီမေးခွန်းဟာ မင်းကိုယ်မင်းမေးနေတဲ့ မေးခွန်းဆိုတာကို လက်ခံနိုင်အောင် အရင်ဆုံး ကြိုးစားသင့်တယ်။

ပြီးတဲ့အခါကျ နောက်တစ်ခုပေါ့။

အဲ့ဒီ့အမျိုးသမီးကို မင်းမေ့နိုင်မယ်မထင်လိုက်နဲ့နော်။

30/3/2022

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့