Honey cho
ကလေးကို ထမင်းကျွေးခါနီးရင် ဖုန်းပြထားလိုက်ရုံပဲ။ အိမ်က သားသားက သိပ်လည်တာ၊ သူကြည့်ချင်တဲ့ ကာတွန်းကားတွေကို Youtube ကနေ ရှာကြည့်တတ်နေပြီ။ မီးမီးက ဖုန်းပေးထားရင် ငြိမ်နေရောပဲ စသဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာ ကလေးတွေက ဖုန်းကို ဘယ်လိုသုံးတတ်တာ၊ တအားတော်တာပဲဆိုတဲ့ မိဘတွေရဲ့ ချီးကျူးသံတွေကို ကြားဖူးမှာပါ။
♦️ခုခေတ်မှာ ကလေးငယ်တိုင်းလိုလိုမှာ ကိုယ်ပိုင်ဖုန်းရှိကြတော့ ဖုန်းသုံးတာ၊ ဆိုရှယ်မီဒီယာတွေ သုံးတာက မဆန်းပေမယ့် သူတို့အတွက် တကယ်ပဲ ကောင်းကျိုးရှိရဲ့လား။
♦️ကလေးတွေ ဖုန်းသုံးတာ၊ ဖုန်းကနေ ဗဟုသုတ ရှာမှီးတာ ကောင်းပေမယ့် ဆိုရှယ်မီဒီယာဆိုတာလည်း သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးပါ။ ကလေးတွေက ဆိုရှယ်မီဒီယာ သုံးတတ်တာ မှန်ပေမယ့် သူ့ရဲ့ အကောင်းအဆိုးကို သေချာမသိကြပါဘူး။ ဒါကြောင့် လူကြီးဖြစ်တဲ့ မိဘတွေက ဘေးကနေ ထိန်းပေးမှ ရမှာပါ။
♦️
အထူးသဖြင့်တော့ ကလေးသေးသေးလေးတွေကို ထမင်းစားအောင်ဆိုပြီး ဖုန်းပြပြီး ကျွေးတာ၊ ငြိမ်အောင်ဆိုပြီး ဖုန်းပေးကြည့်တာတွေက နည်းလမ်းမှန်မဟုတ်ပါဘူး။ ကလေးသဘာဝ စူးစမ်းရမယ်၊ မေးခွန်းတွေ အများကြီး မေးရမယ်၊ ပြေးလွှားပြီး ဆော့ကစားရမယ့် အရွယ်မှာ ဖုန်းလေးထဲ ခေါင်းနှစ်ပြီး တကုတ်ကုတ်နဲ့ ငြိမ်နေတာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။
♦️ကလေးတွေက လူကြီးတွေနဲ့ အပြန်အလှန်စကားပြောရမယ်၊ ကလေးအချင်းချင်း ကစားစရာတွေ မျှဝေပြီး ကစားရမယ်၊ တနည်းအားဖြင့် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် သင်ယူရမယ့် အရွယ်မှာ ဖုန်းတစ်လုံးနဲ့ လွှတ်ထားပေးတာက သူ့ရဲ့ ပေါင်းသင်းဆက်ဆံရေး၊ အများနဲ့ လိုက်လျောညီထွေဖြစ်အောင်နေရေး စတာတွေကို ထိခိုက်တတ်ပါတယ်။
ဒါ့ပြင် ဆိုရှယ်မီဒီယာ အလွန်အကျွံသုံးတဲ့ ကလေးတွေမှာ
?အိပ်မပျော်တာ
?ကျောင်းစာမလိုက်နိုင်တာ
?ပတ်ဝန်းကျင်က လူတွေနဲ့ ပေါင်းသင်းဆက်ဆံပြောဆိုတာ နည်းသွားတာ
?လှုပ်လှုပ်ရှားရှား မရှိတာ
?အဝလွန်တာ
?ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် AACAP (American Academy of Child and Adolescent Paychiatry) က ကလေးတွေရဲ့ screen timeကို ခုလိုမျိုး သတ်မှတ်ထားပါတယ်။
✅ ကလေးအသက် ၁၈ လ အထိ ဖုန်းမပြသင့်ပါ။ မိဘရှေ့မှာ ဆွေမျိုးတွေနဲ့ video call ပြောတာလောက်ကိုပဲ ခွင့်ပြုသင့်ပါတယ်။
✅ ၁၈ လ ကနေ ၂၄ လ အထိမှာတော့ လူကြီးတစ်ယောက်ယောက်နဲ့ အသိပညာပေးဇာတ်လမ်းတွေလောက်သာ ကြည့်သင့်ပါတယ်။
✅ ၂ နှစ်ကနေ ၅ နှစ်ကြားကလေးတွေကတော့ ပုံမှန်ရက်တွေဆို အပျော်တမ်း ဖုန်းသုံးချိန် ၁ နာရီ၊ စနေ တနင်္ဂနွေ ပိတ်ရက်တွေဆို ၃ နာရီလောက်အထိ ကြည့်နိုင်ပါတယ်။
✅၆ နှစ်နဲ့အထက် ကလေးတွေကတော့ ဖုန်းကြည့်တာထက် ကိုယ်လက်လှုပ်ရှားမှုကိိုပိုပြီး လုပ်သင့်ပါတယ်။
♦️ဆိုရှယ်မီဒီယာက မကောင်းတာချည်းပဲတော့လည်း မဟုတ်ပါဘူး။ စည်းကမ်းတကျ သုံးတတ်မယ်ဆိုရင်
?ကလေးတွေရဲ့ သင်ယူနိုင်စွမ်းကို တိုးတက်စေပါတယ်။
?ဝါသနာပါရာကို အလွယ်တကူ လေ့လာလို့ရပါတယ်။
?တီထွင်ဖန်တီးနိုင်စွမ်းကို ကောင်းစေပါတယ်။
?မိဘဆွေမျိုးသူငယ်ချင်းတွေနဲ့ အမြဲမပြတ် ဆက်သွယ်နိုင်ပါတယ်။
♦️တစ်ဖက်မှာလည်း ကလေးကြီးတွေမှာဆိုရင် ဆိုရှယ်မီဒီယာကနေတဆင့်
?Cyber bullyingတွေ
?အတုယူမှားပြီး ကြမ်းကြမ်းတမ်းတမ်း ပြောဆိုပြုမူတာတွေ
?ငွေညှစ်ခံရ၊ အလိမ်ခံရတာတွေ
?သတင်းမှားတွေနဲ့ ပုံသွင်းခံရတာတွေ
?မူးယစ်ဆေးသုံးဖို့ လှုံ့ဆော်ခံရတာတွေ ရှိနိုင်တော့ ကလေးတွေရဲ့ ဆိုရှယ်မီဒီယာသုံးစွဲမှုကို မိဘတွေက စောင့်ကြည့်သင့်ပါတယ်။
♦️ကောင်းကျိုးဆိုးကျိုးဒွန်တွဲနေတဲ့ ဆိုရှယ်မီဒီယာကနေ အဆိပ်အတောက်မဖြစ်စေဖို့ မိဘတွေအနေနဲ့
✅ကလေးငယ်လေးတွေကို ဖုန်းတစ်လုံးနဲ့ လွှတ်ထားတာကိုရှောင်ပါ။
✅Screen time မများအောင် ဂရုစိုက်ပါ။
✅ဖုန်းသုံးတာနဲ့ ပတ်သက်ပြီး စည်းကမ်းတင်းကျပ်ပါ။ ဥပမာ ထမင်းစားနေချိန်မှာ မသုံးဖို့၊ အိပ်ရာဝင်ခါနီးရင် မသုံးဖို့ စသဖြင့်။
✅ကလေးတွေ သုံးတဲ့အခါ parental controlတွေ လုပ်ထားပါ။
✅ဆိုရှယ်မီဒီယာမှာ မကောင်းတာ တစ်ခုခု ကြုံလာရတဲ့အခါ မိဘတွေကို ဖွင့်ပြောဖို့ အားပေးပါ။
♦️ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ အများကြီး ရှိနေတာကြောင့် ကလေးတွေကို အန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုသုံးမလဲဆိုတာ သင်ထားပေးသင့်သလို မိဘတွေကိုယ်တိုင်ကနေ ဘေးကနေ ကြပ်မတ်စောင့်ကျပ်ဖို့ လိုအပ်တယ်ဆိုတာ သိထားစေချင်ပါတယ်။
Credit to Dr Htet Htet Zaw Win
Keep Reading