Author's Profile Photo

Swal Nyoe

4/10/2024

ပန်းတစ်ပွင့်တောင်

2 mins read
Life Style
Travel
ပန်းတစ်ပွင့်တောင်'s photo

ဒီနေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတည်ရှိတဲ့ ပန်းတစ်ပွင့်တောင်အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။

ပန်းတစ်ပွင့်တောင်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊တိုက်ကြီးမြို့နယ်မှာ တည်ရှိပါတယ်။ ပန်းတစ်ပွင့်တောင်မှာ တောင်သုံးလုံးရှိပြီးတော့ တောင်တစ်လုံးနဲ့တစ်လုံးကြားမှာလဲ ကွန်ကရစ်လမ်းတွေခင်းပေးထားတဲ့အတွက်သွားရတာလွယ်ကူစေပါတယ်။တောင်တိုင်းမှာလည်း စေတီတစ်ဆူစီတည်ထားပါသေးတယ်။ အမြင့်ဆုံးတောင်ထိပ် ပထမစေတီရဲ့ ပတ်ပတ်လည်မှာဆိုရင် အရန်စေတီတွေနဲ့ နဂါးရုံ ဘုရားများက ဝန်းရံထားလျက်ရှိပါတယ်။ ဘုရားရင်ပြင်တော်အပေါ်ရောက်တဲ့အခါ အေးမြလက်ဆတ်တဲ့ လေနဲ့အတူ တောင်ပေါ်ကလှမ်းမြင်နေရတဲ့ စိမ်းစိမ်းစိုစို ရှုခင်းတွေဟာ မြင်သူတိုင်းကို ကြည်နူးချမ်းမြစေပါတယ်။ တောင်ပေါ်ကနေ စေတီဖြူ‌လေးတွေနဲ့ ဘုန်းတော်ကြီးစာသင်‌ကျောင်းကို မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ကို တစ်နေ့လျှင် ရေဂါလံ ၅၄သန်းပေးဝေတဲ့ ဖူးကြီးကန်ကိုလည်း မြင်တွေ့နိုင်ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ နတ်ရေကန်လို့လမ်းညွှန်ရေးထိုးထားတဲ့ တောင်လှေကားလေးအတိုင်းအောက်ကို ဆင်းသွားလိုက်မယ်ဆိုရင်တော့ ရှမ်းပြည်နယ်ဘက်ကိုရောက်ရှိသွားသလို ခံစားချက်မျိုးကိုပေးစွမ်းနိုင်ပါတယ်။တောင်စောင်းတစ်လျှောက်မှာ တည်ရှိနေတဲ့ စေတီလေးတွေ ၊ သဘာဝတောတောင်တွေ ကစိမ်းစိုလှပကာ ရင်သပ်ရှုမောဖွယ်ကောင်းလွန်းလှပါတယ်။ သစ်ပင်အမျိုးအစားစုံလင်ပြီး ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်တဲ့ ထိကရုံးပင် များစွာလည်းပေါက်ရောက်နေပါသေးတယ်။ တောင်ခြေဆီရောက်တဲ့အခါမှာတော့ နတ်ရေတွင်းလို့ခေါ်တဲ့ သဘာဝရေတွင်းငယ်တစ်ခုကို မြင်တွေ့နိုင်ပြီး ခပ်လှမ်းလှမ်းမှာတော့ နတ်နန်းတစ်ခုတည်ရှိပါတယ်။ ရေးထိုးထားတဲ့စာအရဆိုရင်တော့ နန်းဦးမယ်တော်ကြီး သူရစာရီဓာတ်နန်းဆောင် ဖြစ်ပါတယ်။ နတ်နန်းအတွင်းမှာတော့ အသက်ဝင်လွန်းလှတဲ့ နန်းဦးမယ်တော်ကြီးရဲ့ နတ်ရုပ် ၃ ရုပ်ကိုတွေ့မြင်နိုင်ပါတယ်။ တောလမ်းလေးအတိုင်းလမ်းလျှောက်သွားရင်တော့ လမ်းအဆုံးမှာရှိတဲ့ ‌ဓနဝေလျှံမင်္ဂလာကန်ကို တွေ့မြင်နိုင်ပါသေးတယ်။ အဲ့ဒီနောက် ‌တောင်စောင်းပေါ်တက်တဲ့အခါမှာတော့ ကြည်ညိုဖွယ်‌ကောင်းတဲ့ စေတီတစ်ဆူကို ဖူးမြှော် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
စေတီတော်‌ပတ်လည်မှာဆိုရင်တော့ ပစ်တိုင်းထောင်ရုပ်များကို တွေ့ရပါတယ်။ ပစ်တိုင်းထောင်ဟာ ပန်းတစ်ပွင့်တောင် ဆရာတော်ကြီးရဲ့ အမှတ်တံဆိပ်တစ်ခုလည်းဖြစ်ပါတယ်။ ပန်းတစ်ပွင့်တောင်ဟာ သူတော်စင် ဝိဇ္ဇာတို့ ပျော်မွေ့ရာ တောင်တော်မြတ်ဖြစ်ပါတယ်။ တိတ်ဆိတ်အေးချမ်းပြီးတော့ တရားအားထုတ်ချင်သူများအဖို့ သင့်လျော်လှ‌တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ အစောင့်အရှောက်တွေလည်း ကြီးမားတဲ့အတွက်ကြောင့် ရုတ်ရင်းကြမ်းတမ်းတဲ့အပြုအမူအပြောအဆိုတွေကို ပြုလုပ်ရင် ဘေးဒုက္ခတွေ့တတ်တယ်လို့ ဆိုပါတယ်။တတိယတောင်တော်မြတ်မှာရှိတဲ့ စေတီတော်ဘေးက လျှောက်လမ်းလေးအတိုင်း သွားတဲ့အခါမှာတော့ နဂါးရုံဘုရားကြီးကို ကြည်ညိုဖွယ် ဖူးမြှော်မြင်တွေ့နိုင်ပါတယ်။ ပန်းတစ်ပွင့်တောင်ကျောင်းအတွင်းမှာ ဗုဒ္ဓသာသနာပြုတက္ကသိုလ်နဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတည်ရှိပါတယ်။ ပန်းတစ်ပွင့်တောင်ရဲ့သမိုင်းကြောင်းဟာလည်း အင်မတန်စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ ပန်းတစ်ပွင့်တောင်မှာ ယခု သီတင်းသုံးနေတဲ့ ဆရာတော် ဘဒ္ဒန္တပညာသာရဟာ ပဲခူးတိုင်းဒေသကြီး၊ အင်းတကော တောင်သုံးလုံး သာသနာ့ နယ်မြေမှာ သူတော်စင်အဘိုးသံ နဲ့အတူရှိနေစဉ် ထူးဆန်းတဲ့အိပ်မက်တစ်ခုမက်တယ်လို့ ဆိုပါတယ်။ အိပ်မက်ထဲမှာ ဆရာတော်ကြီးတစ်ပါးက တောင်တစ်လုံးကိုညွှန်လျက် အဲဒီတောင်မှာ သေတပန် သက်တဆုံး သာသနာပြုပါလို့မိန့်တဲ့ကြောင်း ဆရာတော်က ပြန်ပြောပြခဲ့ပါတယ်။ ဆရာတော်ဟာ မြန်မာသက္ကရာဇ် ၁၃၅၉ ခုနှစ်အရောက်မှာတော့ ယခု ပန်းတစ်ပွင့်တောင်လို့ အမည်တွင်တဲ့တောင်ကို ကြွမြန်းလာခဲ့ပါတယ်။ အဲဒီနောက်တော့ ဆရာတော်ဟာ အဓိဌာန်ပြုပြီး သစ်ပင်တစ်ပင် စိုက်ပျိုးခဲ့ရာ ပန်းပွင့်တစ်ပွင့် ပွင့်ဖူးခဲ့တာကြောင့် ပန်းတစ်ပွင့်တောင်ရယ်လို့ အမည်သတ်မှတ်ခေါ်တွင်စေခဲ့ကြောင်း သိရှိမှတ်သားခဲ့ရပါတယ်။ ပန်းတစ်ပွင့်တောင်ရဲ့ ထူးခြားချက်ဟာဆိုရင် သက်သတ်လွတ်နယ်မြေပဲဖြစ်ပါတယ်။ ပန်းတစ်ပွင့်တောင်ပေါ်မှာ သားကြီးငါးကြီးတွေ ယူဆောင်စားသောက်ခွင့် မပြုပါဘူး။ ဒါကြောင့်တောင်ခြေမှာရှိတဲ့ ထမင်းဆိုင်များကလည်း သက်သတ်လွတ်ဟင်းလျာများကိုသာရောင်းချကြပါတယ်။

ဒါကတော့စိတ်ဝင်စားဖွယ်ပန်းတစ်ပွင့်တောင်အကြောင်းပဲဖြစ်ပါတယ်။ အားလပ်ရက်မှာ စိတ်အပန်းလည်းပြေပြီး သဘာဝတောတောင်အလှတွေခံစားနိုင်သလို ရန်ကုန်နယ်နမိတ်အတွင်းမှာတည်ရှိပြီးသွားလာရလွယ်ကူတဲ့အတွက် တစ်ခါလောက်သွားကြည့်ကြဖို့ လက်တို့ပေးလိုက်ပါတယ်။

စာဖတ်သူများကို ကျေးဇူးတင်လျှက်
#စွဲညို့

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း မနက်ဖြန်ထိ အချိန်မရွေ့ပါနဲ့ စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါ