ဇွဲ
သူ့တွင် လူတို့၏နားဖြင့် ကြားနိုင်စွမ်းသော အသံမရှိ။သို့သော် သူ့နှုတ်ထွက် စကားများသည် အလွန်အရေးပါ၏။
သူ့တွင် တရားစောင့်နတ်မင်းများကိုပင် အမြင်ပိတ်ထားနိုင်သော အစွမ်းရှိသည်။
သူ့တွင် အားကောင်းလှသော ညှို့ဓာတ်တစ်ခုလည်းရှိသည်။သူ၏ ညှို့ငင်အားကို အသုံးချပြီး ဖန်တီးသူလူသားများကိုပင် ပြန်လည်ထိန်းချုပ်ခိုင်းစေတတ်ပါသည်။လူသားတို့သည် သူ့ကို စွဲလန်းကြသည်။မက်မောကြသည်။ထိုအချက်ကြောင့်ပင် တချို့သူများမှာ သူ၏ အနောက်သို့လိုက်ရင်း ဘဝကို ကုန်ဆုံးသွားကြရလေသည်။တချို့သောသူများမှာလည်း သူ၏ ကြိုးဆွဲရာအတိုင်း စည်းချက်ညီလိုက်ကရင်း ဘဝပျက်ကြရလေသည်။သို့သော် သူ့ကို ကောင်းစွာထိန်းချုပ်ခိုင်းစေတတ်သူတို့အတွက်မူ အစေခံကောင်းတစ်ယောက်အဖြစ် အလုပ်ကြိုးစားပေးလေသည်။သူသည် လက်ဝယ်ပိုင်ဆိုင်သူ၏ အရည်အချင်းနှင့်လုပ်ရပ်များအပေါ်မူတည်ပြီး သခင်ဆိုးအဖြစ်လည်းကောင်း၊အစေခံကောင်းအဖြစ်လည်းကောင်း လှုပ်ရှားသက်ဝင်လေသည်။သူသည် သက်ရှိမဟုတ်၊လူတို့ဖန်တီးတီထွင်ထားသည့် သက်မဲ့စက္ကူရွက်တစ်ခုသာဖြစ်လေသည်။ထိုအရာကို '' ငွေ '' (သို့) '' ပိုက်ဆံ '' ဟုခေါ်ဆိုကြလေသည်။
သက်မဲ့တစ်ခုဖြစ်သော ငွေသည် အသံမထွက်သော်လည်း အလွန်စကားပြောသည်။သူ၏ စကားသံသည် မကျယ်သော်လည်း ပြန့်နှံ့အားကောင်းသည်။လူမှုပေါင်းသင်းဆက်ဆံရေးတွင် ငွေမရှိလျှင် အလွန်မျက်နှာငယ်ရသည်။ငွေသည် လူရာဝင်နိုင်ရန်အတွက် လက်မှတ်တစ်စောင်ဟုပင် ခေါ်ဆိုရလောက်အောင် အရေးပါနေလေသည်။
မိသားစုဆက်ဆံရေးတွင် ငွေရှိသူက မျက်နှာပိုလှသည်။ငွေမွဲလျှင် မျက်နှာပါမွဲတတ်သည်။
ဆွေမျိုးများသည် ငွေရှိမှ ခင်တွယ်ပြီး ရွှေရှိမှ အမျိုးတော်ချင်ကြလေသည်။သူတို့ကို ပေးကမ်းထောက်ပံ့မှုမရှိလျှင်နေပါစေ ကိုယ့်တွင် ငွေရှိလျှင် ဆွေမျိုးတော်ချင်သူပေါများလေသည်။
မိတ်ဆွေ၊သူငယ်ချင်းဆက်ဆံရေးတွင်လည်း ခင်မင်မှုက ပဓာနဆိုလျှင် ငွေရှိဖို့က ပထမဖြစ်မည်ထင်သည်။ငွေရှိမှပေါင်းချင်ပြီး ပေးကမ်းနိုင်မှ ခင်မင်တယ်ထင်တတ်ကြသူများလည်းရှိသည် မဟုတ်ပါလား။ငွေမျက်နှာမကြည့်ပဲ ခင်မင်မှုကို တန်ဖိုးထားသော သူငယ်ချင်းများနှင့် ကြုံဆုံရစေကာမူ သူတို့ကျွေးတာစားပြီး ပေးတာယူနေ၍ မဖြစ်။အပြန်အလှန်ရှိရပေမည်။
'' ငွေမပါရင် ကောင်းကင်က ကြယ်တွေတောင် အရောင်မှိန်သွားတတ်ကြတယ် '' လို့ ပြောတတ်ကြသည်။ငွေမပါရင် ကောင်းကင်က ကြယ်ပင်မဟုတ် '' ချစ်ခြင်းမေတ္တာများ '' လည်း အရောင်မှိန်သွားတတ်ကြသည်။ချစ်သူဘဝမှာ ကိုယ့်ချစ်သူ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ဖို့ ငွေလိုအပ်သလို ချစ်သူကို ကိုယ့်ဘဝထဲ ခေါ်ယူရာတွင်လည်း ငွေလိုအပ်ပါသည်။'' အချစ်သာအဓိက ကျန်တာတွေအရေးမပါဘူး၊ချစ်သူနဲ့ဆို တဲစုတ်နဲ့နေပြီး ထမင်းရည်သောက်ရလည်း ချိုတယ် '' ဆိုတာ စကားအဖြစ်ပြောပြီး ပါးစပ်အရသာခံရန်သာကောင်းပါတယ်။
ငွေမရှိလို့ ဒုက္ခတွေက အိမ်တံခါးလာခေါက်ရင် အချစ်ဆိုတာ နောက်ဘေးပေါက်က ခုန်ချပြေးသွားမှာ အသေအချာပါ။အချစ်ပင်လယ်ပြင်မှာ မေတ္တာဟာ သမုဒ္ဒရာလောက်ကျယ်လည်းအသပြာစီးမှ နီးနိုင်မယ့်ခရီးမို့ ငွေမရှိရင် လက်ပစ်သာကူးရပါလိမ့်မယ်။
ငွေမရှိလျှင် ပတ်ဝန်းကျင်မှာလည်း မျက်နှာငယ်ရပါတယ်။ငွေမရှိလျှင် ကိုယ့်ကို ပိုးစိုးပက်စက်ပြောနေသည်ကို ဘာမှမဖြစ်သလို သွားဖြီးလေးနဲ့နားထောင်နေရပြီး ရင့်သီးစော်ကားတဲ့စကားလုံးတွေကို အပြုံးဖြင့် ကြိုဆိုကြရပါတယ်။'' မာန '' ဆိုတဲ့ စိတ်ကလေးက ငွေနဲ့နှိုးမှ နိုးနိုင်မည်ထင်သည်။
ငွေသည် တရားကို ကွယ်စေနိုင်သောအစွမ်းလည်းရှိသည်။တရားစောင့်နတ်သမီး (Lady Justice )၏ ချိန်ခွင်တွင် တစ်ဖက်က အမှန်တရား၊ကိုယ်ကျင့်သိက္ခာ၊တာဝန်များကို ပေါင်းထည့်ချိန်သော်လည်း အသပြာတင်ထားသော အခြားတစ်ဖက်က အလေးချိန်သာနေမြဲဖြစ်သည်။နောက်ဆုံးမျှော်လင့်ချက်အဖြစ် '' တရားကို နတ်စောင့်တယ်၊အချိန်တန်ရင် အမှန်တရားက ပေါ်လာမှာပါ '' ဟူသော မျှော်လင့်ချက်လေးဖြင့် တရားစောင့်နတ်မင်းကို စောင့်မျှော်ကြရသည်။မှန်သည်။တရားကို နတ်စောင့်ပါတယ်။သို့သော် တရားစောင့်နတ်မင်းတမာန်တော်များ၏ မျက်စိများသည် အသပြာတံတိုင်းကို မထိုးဖောက်နိုင်ခဲ့သလို နားများမှာလည်း အသပြာနံရံကိုကျော်၍ အမှန်တရားရဲ့ဟစ်ကြွေးသံကို မကြားနိုင်သည်မှာ ကြာပြီဖြစ်သည်။ဤသို့ အမှန်တရားအငွေ့အသက်များနှင့်ဝေးကွာနေခဲ့သော တမာန်တော်များ၏ နှလုံးသားများမှာလည်း အလုပ်မလုပ်ကြတော့ပေ။ထို့ကြောင့် လူ့ပြည်၊လူ့ရွာမှ မတရားမှုသတင်းဆိုးများသည် တရားစောင့်နတ်မင်း၏နားဝသို့ မရောက်နိုင်ပဲရှိနေလေသည်။
အထက်ပါအကြောင်းအရာများသည် အသံတိတ်ဟောပြောသူ စကားပြောသောနေရာများမှ အနည်းငယ်သာထုတ်နှုတ်ပြခြင်းဖြစ်ပေသည်။ထိုအသံတိတ်ဟောပြောသူအား စကားနည်းသွားစေရန် ကြိုးပမ်းကြရမည်။သူ၏ အစေခံအဖြစ်မခံပဲ သခင်ဖြစ်အောင်ကြိုးစားကြရမည်။
ဘဝကို အောင်မြင်တိုးတက်အောင်ကြိုးစားနေသူတိုင်း '' ငွေရဲ့ အရှင်သခင်'' ဖြစ်နိုင်ပြီး၊ငွေမက်သူနှင့် ကြိုးစားမှုကင်းမဲ့သူတို့သည် '' ငွေရဲ့အစေခံ '' ဖြစ်ရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ထို့ကြောင့် သခင်လုပ်ပြီး အစေခံကောင်းနဲ့နေမလား၊အစေခံလုပ်ပြီး သခင်ဆိုးခိုင်းစေရာလုပ်မလားဆိုတာ ရွေးချယ်ကြရပါမည်။
ကျွန်တော်တို့အားလုံးဟာ အသံတိတ် ဟောပြောသူရဲ့စကားကိုနားယောင်ပြီး အသံရှိရာအရပ်လိုက်ရှာရင်း ဘဝကုန်ဆုံးရသည့်အဖြစ်မျိုး မရောက်အောင် သတိထားဆင်ခြင်ရပါလိမ့်မည်။အသံတိတ်ဟောပြောသူထံမှ ထွက်လာသောစကားလုံးများသည် ကျွန်တော်တို့ကို စိတ်ကြည်နူးပျော်အောင် ဖျော်ဖြေပေးမည့် ဂီတသံများသာဖြစ်သင့်ပေသည်။
ငွေကြေးကစားပွဲဝင်ရောက်ကစားနေသူတိုင်း ငွေရဲ့အရှင်သခင်ဖြစ်နိုင်ကြပါစေ။
စာရေးသူ - ဇွဲ
ဆောင်းပါးနံပါတ် (၉)
3/10/2024 (Thu)
ကျန်းမာရွှင်လန်းကြပါစေ။ စာဖတ်ပရိတ်သတ်များအား ကျေးဇူးအထူးတင်ရှိလျှက်.....။
Keep Reading