Author's Profile Photo

ပြာလဲ့ရီဝေ

3/10/2024

အရောင်ကွဲများ

5 mins read
Life Style
Novel
Entertainment
အရောင်ကွဲများ's photo

အဖြူအစိမ်း ကိုယ်စီ ဝတ်ထားကြသော ကျောင်းသားကျောင်းသူများသည် ကျောင်းဝန်း အတွင်း၌ ပျာပန်းခတ် လှုပ်ရှားနေကြသည်။ တချို့သော ကျောင်းသားတစ်စုက အမှိုက်ခြင်းတောင်းကို အတူတူ သယ်ဆောင်ကာ ကျောင်းနောက်ခြမ်း အမှိုက်ပစ်ကျင်းဆီသို့ သွားနေကြသည်။ တချို့သော ကျောင်းသူ တစ်စုသည်လည်း ဘုရားပန်အိုးများ ၊ သပြေပန်းများကို ကိုင်လျက် ဘုရားပန်း လဲရန် နေရာဆီသို့ သွားနေကြသည်။ အသင်းတာဝန်ကျသော နေ့ မဟုတ်သဖြင့် ယခုမှ ကျောင်းလာကြသူများသည်လည်း လွယ်အိတ်ကိုယ်စီနှင့် စာသင်ခန်းဆီသို့ ရှေးရှု သွားနေကြသည်။ တစ်ဦးတည်း သုတ်သုတ်သုတ်သုတ် သွားသူများ ရှိသလို အုပ်စုလိုက် စကားတပြောပြောသွားသူများလည်း ရှိသည်။
ကျောင်းရှေ့သို့ ကားတစ်စင်း ဆိုက်ရောက်လာသည်။ ကားမောင်းသူမဟုတ်သော ဦးလေးကြီး တစ်ယောက်သည် ရှေ့ခန်းမှ သွက်သွက်ကလေး ထွက်လာပြီး ကားနောက်ခန်း တံခါးကို ဖွင့်ပေးသည်။ ထို့နောက်တွင် ခေါင်းလိမ်းဆီဖြင့် ဆံပင်ကို သပ်ရပ်စွာ ဖြီးထားပြီး တောက်ပြောင် သစ်လွင်သော ဖြူဖြူလွှလွှ အင်္ကျီနှင့် အစိမ်းပုတ်ပုတ် ပုဆိုးတို့ကို ဆင်ယင်ပေးခြင်း ခံထားရသော ကျောင်းသား တစ်ယောက် လွယ်အိတ်လွယ်လျက် ဆင်းသည်။ ကားမောင်းသူ ဦးလေးကြီး‌ကို ခေါင်းညိတ် နှုတ်ဆက်၍ ကျောင်းဝန်းအတွင်းသို့ ပြေးဝင်သွားသည်။ ကျောင်းဝန်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်သည် သစ်ရွက်ကလေးသဖွယ် ပေါ့ပါးသွားသည်ဟု သူ ခံစားရသည်။
" ဟေ့ ကိုစိုး ရောက်နေပြီလား "
" ဟုတ်ပါ့ ဟုတ်ပါ့ ကားကြီးနဲ့ လာရတဲ့သူက နောက်ကျနေသေး" ကိုစိုး၏ စကားကို ကြားသည်နှင့် တစ်ပြိုင်နက် ထူးမြတ်သည် မျက်မှောင်ကလေး မသိမသာ ကျုံ့သွားပြီး ဝမ်းနည်းသော လေသံဟု ဆိုရလောက်သည့် အသံတိုးတိုးဖြင့် " မင်းကလည်းကွာ " ဟု ဖြေသည်။ ဒီလိုမျိုး ပြောသည့်အခါတိုင်း ထူးမြတ် မနေတက် မထိုင်တက် အနေရခက် သွားလေ့ရှိသည်ကို ကိုစိုး သိပြီးသားပါလေ။

" အေးပါကွာ ငါ စတာပါ။ လာ ထိုင်တော့ မတ်တက်ပဲ ရပ်မနေနဲ့ "
******
" ကလင် ကလင် " အားလပ်ချိန် မုန့်စားဆင်းရန် အချက်ပေးသံ ဖြစ်ပါသည်။

" ဟေ့ကောင် ငါ အသားတုကြော် ချဉ်စပ် သွားဝယ်လိုက်ဦးမယ် " ပြောလျက်ပင် ကိုစိုး အခန်းထဲမှ ထွက်သွားပါသည်။ ထူးမြတ်ကတော့ အိမ်မှ အသင့်ထည့်ပေးလိုက်သော အားလူးချောင်းကြော် အသင့်စားမုန့်ထုပ်ကို ဖောက်‌သည်။ ကိုစိုး ပြန်ရောက်လာသည်။ ထူးမြတ်သည် အင်္ကျီ လက်ရှည်၏ အနားများကို တစ်ထပ် နှစ်ထပ် အပေါ်သို့ ခေါက်တင်သည်။ ပြီး မုန့်စားသည်။ ကိုစိုးကိုလည်း ကျွေးသည်။ ကိုစိုး၏ မုန့်ကိုလည်း စားသည်။ အတူတူ စားကြသော်လည်း စားဟန်မှာ မတူ။ ကိုစိုး၏ မုန့်စားပုံမှာ လက်ပေသည့်အခါ ပေသည်။ မုန့်နှစ်များ အင်္ကျီပေါ် စွန်းသည့်အခါ စွန်းတက်သည်။ ပုဆိုးပေါ် အချဉ်ရည်တို့ ကျသည့်အခါ ကျတက်သည်။
“ကိုစိုး အင်္ကျီလက်လေး ခေါက်ထားပါ့လား။ အချဉ်ရည်တွေ စွန်းလိမ့်မယ်။ ဂရုစိုက်ပါဦး။ ဟော ပြောရင်းဆိုရင်း စွန်းပေါ့ ကိုစိုးကတော့ကွာ " ထူးမြတ်ကသာ စိုးရိမ်နေသော်လည်း ကိုစိုးကမူ ရယ်လျက်ပြုံးလျက် ရွှင်မြူးလျက်။
" အေးပါကွာ။ ငါက မင်းလိုတော့ မသပ်ရပ်နိုင်ဘူးကွာ။ ဒါပေမယ့် ငါ့မှာ နည်းလမ်း ရှိပါတယ်ကွ "

အင်္ကျီပေါ်မှ အစွန်းအထင်း အကွက်ကြီးကို ကြည့်လျက် " ဟဲ ဟဲ ဒီ ပမာဏဆိုရင်တော့ ငါ ဖေဖေ့ကို ပွေ့ဖက်ပြီး ချွဲရလောက်မယ်။ စိတ် သိပ်မပြေရင်တော့ မွှေးမွှေးလေး ပေးလိုက်မှာပေါ့ကွာ " ကိုစိုးသည် တွေးရင်း ပြုံးရင်း ပြောပြနေသည်။

ထူးမြတ်သည် မျက်လုံးဝိုင်းကလေးဖြင့်သာ နားထောင်နေမိသည်။ စိတ်ထဲတွင် ဟာတာတာလည်း ဖြစ်သွား၏။

" မင်း အရိုက်မခံရဘူးလား " ဟူသော မေးခွန်းသည် ထူးမြတ်၏ ပါးစပ်ဖျားသို့ ရောက်ရှိမလာနိုင်ဘဲ ဦးခေါင်းနှင့် စိတ်တွင်း၌သာ တဝဲလည်လည် ကြိမ်ဖန်များစွာ မေးနေမိသည်။ ဆရာမ ဝင်လာ၏။ " မင်္ဂလာပါ ဆရာမ......"

******

" သာအောင် မင်း အလုပ် သွားရဦးမှာလား "
" အေးပေါ့ ဒီ အလုပ်ကလေးကြောင့် ကျောင်းတက်နေရတာကို ၊ ငါပျော်တယ်ကွာ ကျောင်းတက်ရတာ စာတွေ သင်ရတာ " ခေါင်းကို မိုးပေါ်သို့ မော့လျက် နှုတ်ခမ်းက မပွင့်တပွင့်ပြုံးလျက် ကိုစိုးကို အဖြေပေးသည်။ ကျောင်းဆင်းအပြန်လမ်းတွင် သာအောင်နှင့် ကိုစိုးတို့ စကားပြောနေခြင်းဖြစ်ပါသည်။ ထိုစဉ် ကားတစ်စီးသည် ဝှီးကနဲ ဘေးမှ ဖြတ်မောင်းသွားသောအခါ သာအောင်သည် ကိုယ်ကို တွန့်ပြီး ရှောင်လိုက်ရသည်။

" အဲ့ဒါ ထူးမြတ်တို့ကားလေ။ ဒီကောင်ကတော့ မိုက်တယ်ဟေ့။ အင်္ကျီဆိုလည်း ဖြူလွှလွှ။ အပေအတေလည်း မကြိုက်။ မုန့်ဆိုလည်း အိမ်ကနေပြီးတော့ အကောင်းစားတွေ ထည့်ပေးလိုက်ပြီးသား။ ကားနဲ့ အကြိုအပို့။ ဒါတောင် အိမ်နဲ့ကျောင်းနဲ့က သိပ်ဝေးတာ မဟုတ်ဘူးနော်။ အေးပေါ့ကွာ သူတို့ မိသားစုက သိပ် ချမ်းသာတယ်တဲ့ "

သာအောင်၏ ပခုံးကို ကိုစိုးက သူ၏ ပခုံးဖြင့် ဘေးချင်းတိုက်ကာ " အားကျစရာ မကောင်းဘူးလား " ဟု မေးလိုက်သည်။ သာအောင် ပြုံးလိုက်သည်။ သူ၏ အင်္ကျီ ဝါကြန့်ကြန့်နှင့် ယနေ့ တစ်နေကုန် အတွက် မနက်စာ ထမင်းဖြူနဲ့သာ ပြီးခဲ့သော သူ၏ အစာအိမ်တို့ကို တွေးတောရင်း " သူ ပျော်မှာပဲနော် " ဟူ၍သာ ဖြေလိုက်သည်။

×××

သာအောင်သည် ကျောင်းဆင်းပြီးနောက်တွင် ဆန်အိတ်ထမ်းသော အလုပ်ကို လုပ်သည်။ ယနေ့အတွက် ရခဲ့သော လုပ်အားခငွေသည် ဒေါ်မြင့်၏ အကြွေးကို ဆပ်ရန်အတွက်ဖြစ်သည်။ မေးခွန်းဟောင်း စာအုပ်များဖြင့် လေ့ကျင့်ရန်အတွက် စာအုပ်ဝယ်မည့် သူများအား စာအုပ်ဖိုး ယူလာခဲ့ရန် ကျောင်းမှ မှာကြားထားသည်။ သာအောင်သည် ဒေါ်မြင့်ကို အကြွေးဆပ်ပြီး ပိုသော ပိုက်ဆံအနည်းငယ်သည် ဒီနေ့ အတွက် ထမင်းဖိုး ဟင်းဖိုးဖြစ်ကြောင်း သိပြီးဖြစ်သည်။ သို့ဖြစ်၍ သူ့ မေမေထံ စာအုပ်ဖိုး တောင်းရန် အားတုံ့အားနာ ဖြစ်နေသည်။
" ဘယ်လို လုပ်ရမလဲ " ဟူသော အတွေးများစွာတို့ဖြင့် စာသင်ခန်းများ ရှေ့မှ တစ်ခန်းပြီး တစ်ခန်းဖြတ်သွားသည်။ သာအောင်၏ ခြေလှမ်းများ ရပ်တန့်သွား၏။ ကိုစိုးတို့ အခန်းရှေ့သို့ ရောက်နေခြင်းဖြစ်သည်။ " သူတို့ မိသားစုက သိပ် ချမ်းသာတယ်တဲ့ " ဟူသော စကားလုံးတို့သည် သာအောင်၏ ခေါင်းထဲသို့ တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ ကျယ်လောင်စွာ ကြိမ်ဖန်များစွာ တိုးဝင်လာသည်။ သာအောင်သည် မျက်မှောင်တစ်ချက် ကျုံ့ပြီး အခန်းတွင်းသို့ဝင်လိုက်သည်။ အခြေအနေကို ကြည့်ရှုပြီးနောက် ထူးမြတ်၏ လွယ်အိတ်အတွင်းသို့ နှိုက်၍ ပိုက်ဆံ ရှာသည်။ သို့သော် မရှိခဲ့။ ပိုက်ဆံ မရှိသော်လည်း မေးခွန်းဟောင်းစာအုပ်ကိုတော့ တွေ့သွားသည်။ စာအုပ်ကို ပိုက်လျက် ပြေးထွက်သွားသည်။
သာအောင် ဒီနေ့ အလုပ်မသွားနိုင်ပါ။ ပုံမှန်ဆိုလျှင် ငါးပိချက်နှင့် ထမင်းဖြူဖြစ်ပါစေ အားရပါးရ စားလေ့ရှိသော သာအောင်သည် ပထမဆုံး ထမင်းစားပျက်ခဲ့သည်။ တဒင်္ဂအတွင်း မှားယွင်းစွာ ဆုံးဖြတ်၍ ယူလာမိသော စာအုပ်ကို ထိမျှ မထိရဲ ဖြစ်နေ၏။ " ငါ ဘာလို့ အဲ့လို လုပ်ခဲ့မိတာလဲ။ ငါ ဘာလို့ သူတစ်ပါး ပစ္စည်းကို မသိအောင် ခိုးယူခဲ့တာလဲ။ ငါက ဆင်းရဲသူဖြစ်ချင်ဖြစ်ပါစေ၊ စာရိတ္တ မပျက်ပြားစေရဘူး။ မေမေ့အတွက် အရှက်ရတဲ့ သားတစ်ယောက် မဖြစ်စေရဘူး။ " နောင်တများစွာတို့ဖြင့် သာအောင် ငိုးကြွေးရင်း ပြောနေမိသည်။
" သား သားလေး ဘာလို့ ငိုနေလဲ သားရယ် " သာအောင်၏ မိခင် အခန်းတွင်းသို့ ဝင်ရောက်လာသည်။
" မေမေ သား တောင်းပန်ပါတယ် မေမေရယ်၊ သား နောက်တစ်ခါ ဒီလို မဖြစ်စေရပါဘူး။ သူတစ်ပါးပစ္စည်းကို ကာယကံမြောက် မဟုတ်ဘူး မနောကံနဲ့တောင် ဘယ်တော့မှ မပြစ်မှားတော့ဘူး.. နော် မေမေ သားကတိပေးပါတယ် " သာအောင်သည် မိခင်အား ပွေ့ဖက်ရင်း အဆက်မပြတ် ငိုကြွေးနေသည်။ မိခင်သည် သာအောင်၏ ဦးခေါင်းမှ ဆံပင်များကို ပွတ်သပ်ပေးရင်း " အေးပါ သားရယ် သားဟာ မှားမှန်းလည်း သိတယ်။ နောက် ဘယ်တော့မှ မလုပ်ဘူး လို့‌လည်း ကတိပေးလို့ မေမေ ဝမ်းသာတယ်။ မေမေ့သားဟာ လူကောင်း လူမွန်လေးတစ်ယောက်ဆိုတာ မေမေ သိပါတယ်ကွယ်။ ဒါဆို မနက်ဖြန်တော့ စာအုပ်လည်း ပြန်ပေးလိုက်။ ကိုယ့်အပြစ်ကို အမှန်အတိုင်း ဝန်ခံ ဖွင့်ပြောပြီး တောင်းပန်ခဲ့ရမယ်နော်။ မေမေ့သားက မကောင်း‌သောအလုပ်ကို ရှောင်ကြဉ်တဲ့ လူရည်လူမွန်လေး ဖြစ်ရမယ် ဟုတ်ပြီလား။ မေမေ့ကို ကတိပေးလား " သား၏ မျက်နှာကို ကြင်နာသော မျက်လုံးများဖြင့်ကြည့်ရင်း မေးလိုက်သည်။ သာအောင်သည်လည်း ယုံကြည်မှု အပြည့်ရှိသော အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သားအမိနှစ်ယောက် ဒုတိယ အကြိမ်မြောက် ပွေ့ဖက်လိုက်ပြန်သည်။
×××××

နှစ်ထပ်တိုက် အိမ်ကြီးတစ်အိမ်ရှေ့တွင် ကားရပ်သွားသည်။ ထူးမြတ်သည် လွယ်အိတ်ကလေး လွယ်လျက် ကားပေါ်မှ ဆင်းကာ အိမ်ထဲသို့ လျှောက်လာသည်။ ဖိနပ်ကို ချွတ်၍ ဖိနပ်စင်ပေါ်သို့ သပ်ရပ်စွာ တင်သည်။ ပြီးနောက် စားဖိုခန်းထဲတွင် ဟင်းလျာများ ချက်ပြုတ်နေသော ကြီးကြီးသွဲ့ဆီ နှုတ်ဆက်ရန် သွားသည်။
" ကျွန်တော် ပြန်ရောက်ပြီ ကြီးသွဲ့ "
" အေး အေး ဒါဆို အင်္ကျီချွတ် ရေချိုးလိုက်။ ရေဖြည့်ထားတယ် "
" ဟုတ် " အဝတ်အစားများကို ချွတ်၍ တန်းပေါ်သို့ တင်သည်။ ရေချိုးခန်းထဲ၌ ထူးမြတ် ရေချိုးသည်။
" အင်္ကျီမှာ အစွန်းအထင်း မရှိဘူး။ ကောင်းတယ်။ ဒီလို တစ်ခါ ဆုံးမရင် အမြဲ လိုက်နာတာ ကောင်းတယ်ကွယ်။ တစ်ခါလည်း မမှတ် နှစ်ခါလည်း မမှတ် ဆိုတာတွေ သိပ်ဆိုးတယ်။ " ကြီးကြီးသွဲ့၏ စကားလုံးများသည် ထူးမြတ်၏ နားထဲတွင် ဂုဏ်ယူသည့်အသံလိုလို ၊ အနိုင်ရသည့် အသံလိုလို ခံစားရစွာ " ဟူး.." သက်ပြင်းတစ်ချက် မှုတ်ထုတ်ပြီး ရေဆက်ချိုးလိုက်သည်။
" ထူးမြတ် မင်း ဒီနေ့ ဝယ်ခဲ့ရတဲ့ စာအုပ် ဘယ်မှာလဲ "
" ဗျာ လွယ် လွယ်အိတ်ထဲမှာ ရှိတယ် ဖေဖေ " အဖြေပေးရင်း အနားသို့ ရောက်သွား၏။ ဖေဖေသည် စားပွဲပေါ်တွင် စာအုပ်များကို စစ်‌ဆေးပြီး ဖြစ်နေသည်။ ဟုတ်သည်။ ယနေ့ ဝယ်ခဲ့ရသော မေးခွန်းဟောင်းစာအုပ် မရှိတော့ပါ။ ထူးမြတ် ထူပူသွား၏။ချွေးစေးများလည်း ပြန်လာ၏။
" မင်း ဖေဖေ့ကို လိမ်ပြီး ပိုက်ဆံတောင်းခဲ့တာလား "
" ဟင့်အင်း မဟုတ်ဘူး ဖေဖေ။ တကယ် စာအုပ်ဝယ်ခဲ့တာပါ။ ကျွန်တော် ဘယ်တုန်းကမှ မလိမ့်ခဲ့ဖူးပါဘူး။ "
" ဒါဆို စာအုပ်က ဘယ်မလဲ ၊ ပြောလေ " အော်ငေါတ်သံကိုကြားလိုက်သည်နှင့် တစ်ပြိုင်နက် ထူးမြတ် တုန်ယင်သွားသည်။ သို့သော် ခန္ဓာကိုယ်မှ မဟုတ်။ စိတ်နှလုံးသားမှ တုန်ယင်မှု ဖြစ်သည်။
" ပျောက် ပျောက်တာ ထင်တယ် "
" ဘာ၊ တောက် မင်းက ကိုယ့်စာအုပ်တောင် ကိုယ် မထိန်သိမ်းနိုင်တဲ့သူဆိုရင် ရှေ့လျှောက် မင်းဘဝ ဘယ်လိုလုပ်မှာလဲ ဟင် "
ဖေဖေ၏ အသံသည် ဒေါသသံ မဟုတ်တော့ပါ။ သို့သော် ဤ အသံသည် ကျွန်တော့်ကို ပို၍ ဝမ်းနည်းစေသည်။ ကျွန်တော့်ကို စိတ်ပျက်သွားသော အသံ ၊ ကျွန်တော့်ကို စိတ်ပျက်သွားသော မျက်ဝန်း ဒီ အသံ ဒီ မျက်ဝန်းတို့သည့် ကျွန်တော်၏ ရင်အား အင်မတန် နာကျင်စေပါသည်။ ကျွန်တော်သည် ဖေဖေ၏ အနီး၌ ရှိနေပါသော်လည်း ကျွန်တော်၏ နှလုံးသားသည် အဝေးသို့ ကန်ထုတ်ခံလိုက်သကဲ့သို့ ခံစားရလောက်အောင် ၎င်းမျက်ဝန်းနှင့် ၎င်းအသံတို့သည် အဆိပ်ပြင်းလှပါသည်။ ထူးမြတ်၏ မျက်ဝန်းတွင် မျက်ရည်များ ပြည့်လာသည်။ ရင်၌လည်း ဝမ်းနည်းမှုများ ပြည့်လာသည်။ ထူးမြတ် ကြောက်ပါသည်။ ဖေဖေ့၏ စိတ်ပျက်သွား‌သော မျက်ဝန်းအကြည့်တို့ စိတ်ပျက်သွားသော စကားသံတို့ကို ထူးမြတ် ကြောက်ပါသည်။ ထူးမြတ်သည် ကြိမ်လုံးကို ယူလာ၍ ဖခင်ထံပေးသည်။
" သားမှာ အပြစ်ရှိပါတယ် "
ဖခင်၏ ရှေ့တွင် ဘေးစောင်းအနေအထား ရပ်ပေးလိုက်၏။ မျက်လုံးကို မှိတ်ချလိုက်ရာ မျက်ရည်များစီးကျသွားသည်။
သား အရိုက်ခံနိုင်ပါတယ် ဖေဖေ။ အဲ့ဒီ မျက်လုံးအကြည့်တွေနဲ့သာ သားကို မကြည့်ပါနဲ့။ သားကို စိတ်မပျက်ပါနဲ့။ သားကို အထင်မသေးပါနဲ့ ဖေဖေ။ ရိုက်ချင်ရိုက်ပါလေ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း