မိုးနှောင်းအလင်္ကာ

ကျွန်တော်တို့အမြဲသုံးနှုန်းနေကြတဲ့ လူသားဆန်တယ်ဆိုတာ ဘယ်လိုမျိုးလည်း။ဘယ်လိုအရာတွေအတွက်လူသားဆန်တယ်ခေါ်ပြီး ဘယ်လိုမျိုးက လူသားဆန်စေတာလည်း။စတဲ့မေးခွန်းပေါင်းများစွာကို ဒီဆောင်းပါးလေးမှာ ပြောပြပေးမှာဖြစ်ပါတယ်။ လူသားဆန်တယ်ဆိုတာ ကိုယ့်ကြောင့်မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေခြင်းမရှိတာကိုခေါ်တယ်လို့ ယေဘုယျ အားဖြင့်မှတ်ယူလို့ရပါတယ်။
ဒါဆိုဘယ်လို လူမျိုးက ပိုပြီးလူသားဆန်ခြင်းရှိလည်းဆိုရင်"ပညာတတ်ခြင်းမတတ်ခြင်း နှစ်ခုကြားမှာ စာနာတတ်ခြင်းရှိတဲ့သူကပိုပြီးလူသားဆန်တယ်"။ လူသားဆန်ဖို့အတွက် ပညာတတ်ဖြစ်ဖို့မလိုသလို ပညာမဲ့ကလည်း ပိုလူသားဆန်တဲ့လူဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒီနှစ်ခုကြားက စာနာတတ်တဲ့ လူဟာ ပိုပြီးလူသားဆန်တဲ့ လူတစ်ယောက်ပါ။
"မြင့်မြတ်ခြင်းနဲ့ယုတ်ညံ့ခြင်း နှစ်ခုကြားမှာ လူကိုလူလို ဆက်ဆံတဲ့သူက ပိုပြီးလူသားဆန်တယ်"။လောကမှာ မြင့်မြတ်နေတဲ့သူတိုင်းက လူသားပိုဆန်တာမဟုတ်သလို ယုတ်ညံ့ခြင်းတွေမှာလည်း လူသားဆန်ခြင်းကိုရှာမတွေ့နိုင်ပါဘူး။အဓိကအားဖြင့် လူကိုလူလို ဆက်ဆံတဲ့သူကသာ ပိုပြီးလူသားဆန်တဲ့လူတစ်ယောက်ပါ။
"လက်ဖ၀ါးနဲ့လက်ဖမိုး အုပ်စုနှစ်ခုကြားမှာ အမှန်တရားကို ဆုတ်ကိုင်နိုင်တဲ့ ဘက်ခြမ်းကပိုပြီးလူသားဆန်တယ်"။ လက်ဖ၀ါးမှန်တယ်လို့ ယူဆထားတဲ့ဘက်ကလည်း လူသားပိုမဆန်နိုင်သလို လက်ဖမိုးမှန်တယ်ပြောတဲ့ဘက်မှာလည်း လူသားဆန်ခြင်းတွေမများပါဘူး။တကယ်တော့ လက်ဖ၀ါးနဲ့လက်ဖမိုးထက် အမှန်တရားကိုသိပြီးဆုပ်ကိုင်နိုင်တဲ့သူသာလျှင် ပိုပြီးလူသားဆန်တဲ့လူတစ်ယောက်ပါ။
"အနိုင်နဲ့အရှုံး နှစ်ခုကြားမှာ ကိုယ်ကျိုးအတွက်သိက္ခာကို ချနင်းသူထက် အများအကြိုးအတွက်အသက်ကို စတေးရဲသူတွေက ပိုပြီးလူသားဆန်တယ်"။ အနိုင်ရသည်ဖြစ်စေရှုံးနိမ့်သည်ဖြစ်စေ ကိုယ်ကျိုးအတွက် သိက္ခာကိုချနင်းသူထက် ပိုပြီးလူသားဆန်ကြသူများဟာ အများအကြိုးအတွက် အသက်ကိုစတေးရဲသူတွေပါ။
"ဆင်းရဲခြင်းနဲ့ချမ်းသာခြင်း နှစ်ခုကြားမှာ စွန့်လွှတ်ရဲ ပေးဆပ်ရဲသူက ပိုပြီးလူသားဆန်တယ်"။ဆင်းရဲခြင်းတွေကြားကဖြစ်စေ ချမ်းသာခြင်းတွေကြားကဖြစ်စေ လူသားပိုဆန်ခြင်းမရှိနိုင်ပါဘူး။ တကယ်လူသားပိုဆန်ကြသူတွေဟာ စွန့်လွှတ်ရဲ ပေးဆပ်ရဲ သူတွေသာဖြစ်တယ်။
"ခါးသီးခြင်းနဲ့ချိုမြိန်ခြင်း နှစ်ခုကြားမှာ ဘ၀ရေဆန်ကို အားမာန်နဲ့ကူးနေသူက ပိုပြီးလူသားဆန်တယ်"။ခါးသက်ခြင်းတွေကြားက ပိုလူသားဆန်ခြင်းကိုဖြစ်စေမှာမဟုတ်သလို ချိန်မြိန်ခြင်းတွေဆီမှာလည်း ပိုများတဲ့လူသားဆန်မှု ဖြစ်မှာမဟုတ်ပါဘူး။တကယ်တော့ အဲ့ဒီနှစ်ခုကြားက ဘ၀ရေဆန်ကို လက်မလျော့ဘဲ အားမာန်တွေနဲ့ကူးခပ် နေသူသာ ပိုပြီးလူသားဆန်နိုင်ကြတဲ့လူတွေဖြစ်တယ်။
အရှက်တရားမရှိသူတွေက ပြောချင်ရာပြောတတ်တယ်။လူသားမဆန်တဲ့သူတွေက လုပ်ချင်ရာလုပ်တတ်တယ်။ ဒါပေမဲ့ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာ နှစ်ခုကြားမှာ ကိုယ်ကျိုးအတွက် အခြားသူတွေကိုထိခိုက်နစ်နာအောင်မလုပ်တဲ့ ကိုယ်ကျင့်တရားရှိသူက ပိုပြီးလူသားဆန်တယ်
ကျွန်တော့်စာဖတ်ပရိတ်သတ်တွေကိုလည်း ပိုလူသားဆန်တဲ့ လူသားတစ်ယောက်ဖြစ်အောင်နေကြဖို့တိုက်တွန်းလိုက်ပါတယ်။ လူသားဆန်ခြင်းဆိုတာလုပ်ယူလို့မရတဲ့အနုပညာရပ်ဖြစ်တာကြောင့် လူတစ်ယောက်ယောက်က ကိုယ့်အပေါ်လူသားဆန်လာပြီဆို တန်ဖိုးထားပါ။ထပ်တူညီတဲ့ လူသားဆန်မှုကိုပြန်လည်ပေးဆပ်နိုင်အောင်ကြိုးစားပါ။ဘ၀မှာမတူညီမှုတွေအများကြီးရှိတဲ့အထဲမှာမှ လူသားဆန်တဲ့စိတ်ရှိတဲ့လူဟာ နှလုံးလှသောသူတွေဖြစ်တာကြောင့် တူညီနေခြင်းမျိုးလည်းရှိပါတယ်။ လူသားဆန်ခြင်းအနုပညာအား တတ်မြောက်နိုင်ကြပါစေ။
#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)
Keep Reading