ဇွဲ
လူတိုင်းတွင် လိုအင်ဆန္ဒမျိုးစုံရှိကြပေသည်။ကိုယ့်အတွက် ရယူပိုင်ဆိုင်လိုသော ဆန္ဒများရှိသလို၊တပါးသူကို ကောင်းစေချင်၊ရစေချင်သော ဆန္ဒများလည်းရှိပေသည်။ကိုယ့်ကိုယ်ကိုယ်အတွက် ထားရှိသော ဆန္ဒအင်အားကြီးမားလေ ကိုယ်ရယူလိုသောအရာကို ပိုင်ဆိုင်ဖို့ အခွင့်အလမ်းများလေဖြစ်သော်လည်း တပါးသူအပေါ်ထားရှိသော ဆန္ဒတွင်မူ မထားတတ်လျှင် မာနအဆင့်သို့ ရောက်ရှိသွားတတ်ပါတယ်။
ဥပမာ သားသမီးတွေ စကားပြောတတ်စအရွယ်ရောက်ပြီဆိုတာနဲ့ မိဘတွေသင်ပေးတတ်သော စကားတစ်ခွန်းရှိပါတယ်။
'' သားသားကြီးရင် ဘာလုပ်မှာလဲ ''၊ဒါကိုပဲ မိဘက ပြန်သင်ပေးတယ်။
'' ဆရာဝန်ကြီးလုပ်မယ်၊အင်ဂျင်နီယာကြီးလုပ်မယ် '' ။
ဘယ်မိဘမှ ကိုယ့်သားသမီးကို '' ဆိုက်ကားနင်းမယ်၊စပယ်ယာလုပ်မယ် '' လို့ သင်မပေးကြပါဘူး။
ဒါဟာ သားသမီးအပေါ်ထားတဲ့ မေတ္တာတရားက ပေါ်ပေါက်လာတဲ့ ကောင်းစေချင်တဲ့ ဆန္ဒပါ။ဒါကို ဖြစ်ရမယ်ဆိုရာကနေ ဖြစ်ကိုဖြစ်ရမယ်လို့ ပြောင်းသွားရင်တော့ မာနဖြစ်သွားပြီ။ဆိုပါစို့...ငါ့သားကြီးရင် ဆရာဝန်ဖြစ်ရမယ်ဆိုရာကနေ ငါ့သားကြီးရင် ဆရာဝန်ဖြစ်ကို ဖြစ်ရမယ်၊အင်ဂျင်နီယာ ဖြစ်ကိုဖြစ်ရမယ် လို့ ပြောင်းသွားရင်တော့ ဆန္ဒမဟုတ်တော့ပဲ မာနဖြစ်သွားပြီ။
ဆရာ၊ဆရာမများတွင်လည်း အထက်ပါမာနမျိုး ဖြစ်ပေါ်တတ်ပါတယ်။ကိုယ့်တပည့်တွေကို တော်စေချင်၊တတ်စေချင်တယ်။ဆန္ဒရှိသည့်အလျောက် ကြိုးစားပမ်းစားသင်တယ်။ကိုယ်သင်လိုက်တဲ့အရာတွေ တတ်လာလိမ့်မယ်လို့လည်း မျှော်လင့်တယ်။ဒါပေမယ့် မျှော်လင့်သလိုဖြစ်မလာရင် ဒေါသထွက်မိပြီ။ဒေါသဖြစ်ပြီဆိုကတည်းက မာန ပါလာပြီပေါ့။ငါ့တပည့်လေးတွေ တော်ရမယ်၊ထက်မြက်ရမယ်ဆိုရာကနေ တော်ကိုတော်ရမယ်၊မဖြစ်မနေ ထူးချွန်ထက်မြက်ရမယ်ဆိုတဲ့ အဆင့်ကူးပြောင်းသွားတာ။ဒီလိုပဲ ချစ်သူရည်းစားတွေကြားမှာလည်း ချစ်ပေးစေချင်တယ်၊ဂရုစိုက်ပေးတာခံချင်တယ်ဆိုရာကနေ ချစ်ကိုချစ်ပေးရမယ်၊မဖြစ်မနေဂရုစိုက်ပေးရမယ်ဆိုသော အတွေးမျိုးဝင်ရောက်လာရင် ချစ်သူနှစ်ဦးကြား အလိုမပြည့်မှုတွေပေါ်ပေါက်လာပြီး အဆင်မပြေမှုများဖြစ်ပေါ်လာတတ်ပါတယ်။
'' Aal izz well (All is well) '' ဆိုသော စကားလုံးဖြင့် လူသိများခဲ့သော ဘောလိဝုဒ်မင်းသားကြီးအာမီခန်း (Aamir Khan) အဓိကပါဝင်သရုပ်ဆောင်ထားသော 3 Idiots (အရူးသုံးကောင်) ဘောလိဝုဒ်ရုပ်ရှင်သည် မိဘနဲ့သားသမီး၊ဆရာနဲ့တပည့် ဆက်ဆံရေးများတွင် ဖြစ်ပေါ်တတ်သော ဆန္ဒနဲ့မာနအကြောင်း မီးမောင်းထိုးပြထားသော အိန္ဒိယဘောလိဝုဒ်ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။3 Idiots ရုပ်ရှင်ဟာ သာမာန်ဖျော်ဖြေရေးရုပ်ရှင်တစ်ခုအဖြစ် ခံစားကြည့်ရှု၍ကောင်းသလို၊အလေးအနက်ထားကြည့်ရှုခံစားမည်ဆိုပါက ကျောင်းအုပ်ကြီးဗိုင်းရပ်စ်နှင့်ကျောင်းသားများအကြားရှိ ဆန္ဒနဲ့မာန၊မိဘများ သားသမီးအပေါ်ထားရှိသော ဆန္ဒနဲ့မာနများကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ကျောင်းအုပ်ဆရာကြီးဗိုင်းရပ်စ်ဟာ သူ့ရဲ့သား ဘာကိုဝါသနာပါသလဲ မေးမြန်းမှုမရှိပဲ '' ငါ့ရဲ့သား အင်ဂျင်နီယာဖြစ်ကိုဖြစ်ရမယ် '' ဆိုသော မာနကြောင့် သားကို ဆုံးရှုံးခဲ့ရသလို၊ဂျွိုင်းလိုဂိုဆိုသော ကျောင်းသားတစ်ယောက်ကို ကျောင်းစာကလွဲပြီး တခြားအရာစိတ်ဝင်စားရကောင်းလားဟုစွပ်စွဲကာ မိဘကို တိုင်ကြားခဲ့သဖြင့် ကျောင်းသားမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပါတယ်။ထိုကျောင်းသားရဲ့ ဇာပနအခမ်းအနားမှာ ရန်ချိုပြောခဲ့သော '' လူတိုင်းက ဂျွိုင်းရဲ့သေဆုံးမှုကို သေကြောင်းကြံစည်မှုလို့ပဲ မှတ်ယူခဲ့ကြတယ်၊လေပြွန်သွေးပြန်ကြောမှာ ဖိအားတွေများပြီး သူ သေခဲ့ရတယ်လို့ပဲထင်ကြတာ၊လေးနှစ်လုံးခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေက ဆေးစစ်ချက်မှာပါမလာခဲ့ဘူး၊အင်ဂျင်နီယာတွေက လူတော်တွေပါ၊သူတို့က စက်ပစ္စည်းမျိုးစုံကို တီထွင်ခဲ့ကြပေမယ့် စိတ်ဖိစီးမှုအားကိုတိုင်းတာနိုင်တဲ့စက်ကို ဒီနေ့ထိ မတီထွင်နိုင်ခဲ့ကြဘူး၊အကယ်၍ သူတို့သာတီထွင်နိုင်ခဲ့ရင် ဒါက သေကြောင်းကြံစည်မှုမဟုတ်ပဲ အသတ်ခံရတယ်ဆိုတာ အားလုံးသိကြမှာ '' ဆိုသော စကားမှာ အင်မတန်တန်ဖိုးရှိလှသော စကားဖြစ်ပါတယ်။
3 Idiots ဇာတ်ကားမှ အဓိကဇာတ်ရံနှစ်ယောက်ဖြစ်တဲ့ ဖာရ်ဟန်နှင့်ရာဂျူးတို့ မိဘများသည် သူတို့သားများကို အင်ဂျင်နီယာလမ်းကြောင်းပေါ်ကို မဖြစ်မနေလျှောက်လှမ်းရမည်ဟု ဖိအားပေးခဲ့သဖြင့် ဖာရ်ဟန်နှင့်ရာဂျူးတို့မှာ ပင်ကိုယ်အရည်အချင်းများပျောက်ဆုံးသွားကာ အကြောက်တရားနဲ့ ရှင်သန်ခဲ့ရပါတယ်။သို့သော် နောက်ဆုံးတွင် မိဘများက သားသမီးများရဲ့ ဝါသနာနှင့်ကျွမ်းကျင်မှုကို သိရှိနားလည်ပေးပြီး သူတို့သဘောကျလျှောက်လှမ်းခွင့်ပြုလိုက်သောအခါ သက်ဆိုင်ရာနယ်ပယ်တွင် ထူးချွန်သူများအဖြစ် ရပ်တည်နိုင်သွားကြပါတယ်။ရန်ချိုတို့ ကလေးမွေးခဲ့ကြသော ဇာတ်ဝင်ခန်းတွင် ကျောင်းအုပ်ဆရာကြီးဗိုင်းရပ်စ်ပြောခဲ့သော '' ငါ့မြေးက ကန်လိုက်တာကွာ၊ဘောလုံးသမားဖြစ်ချင်လို့လား၊ဖြစ်စေရမှာပေါ့ကွာ '' ဆိုသောစကားမှာ မိဘတစ်ယောက်၏ သားသမီးရဲ့ဝါသနာနှင့်ဆန္ဒကို သိရှိနားလည်ကာ မိမိမာနကိုချိုးနှိမ်ပြီး သား၊သမီးရဲ့ ဆန္ဒကို ဦးစားပေးလိုက်သော စကားဖြစ်မည်ထင်ပါသည်။
မိဘများနှင့်ဆရာသမားတို့သည် သားသမီး၊တပည့်များကို အမြင့်ရောက်စေလိုသော ဆန္ဒကြောင့် ခရီးဝေးဝေးကို အရှိန်ပြင်းပြင်းနဲ့ ပျံသန်းခိုင်းမိတတ်ကြပါတယ်။ဒီလိုပျံသန်းမှုကြောင့် ပန်းတိုင်မရောက်ခင် ပြုတ်ကျခဲ့ရတဲ့ ငှက်များစွာရှိသလို၊ပန်းတိုင်ရောက်ခဲ့ပေမယ့် ဘဝရဲ့လက်ကျန်အချိန်တွေမှာ ဖိအားတွေနဲ့ အသက်ရှင်ခဲ့ရတဲ့ ငှက်များမှာလည်း အမြောက်အများပင်ရှိပါသည်။ဒါကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဆရာဝန်-သရုပ်ဆောင်၊ဆရာဝန်-အဆိုတော်၊အင်ဂျင်နီယာ-စာရေးဆရာ စသည်ဖြင့် ဘဝနှစ်မျိုးဖြင့် ရှင်သန်ရပ်တည်နေသူများစွာရှိနေခြင်းဖြစ်ပါတယ်။ထို့ကြောင့် ဆရာ၊မိဘများသည် ကိုယ့်ရဲ့ အတ္တနှင့်မာနကို ရှေ့တန်းမတင်၍ ကိုယ့်တပည့်၊သားသမီးများအပေါ် လွှမ်းမိုးချုပ်ကိုင်မှုမပြုပဲ သူတို့လေးတွေ ဘာဖြစ်ချင်သည်၊ဘာဝါသနာပါသည်ကို သိရှိအောင်ကြိုးစားသင့်ပါတယ်။
ကိုယ့်ကလေးဘာဖြစ်ချင်တာလဲဆိုတဲ့ ဆန္ဒထက် ကိုယ့်ကလေးကို ဘာဖြစ်စေချင်သည်ဆိုသော မာနများ ရှေ့တန်းမတင်မိကြစေပဲ ဆန္ဒနဲ့မာနကို ခွဲခြားသိရှိနိုင်ကြပါစေ။
စာရေးသူ - ဇွဲ
ဆောင်းပါးနံပါတ် (၇)
2/10/2024 (Wed)
ကျန်းမာရွှင်လန်းကြပါစေ။ စာဖတ်ပရိတ်သတ်များအား ကျေးဇူးအထူးတင်ရှိလျှက်.....။
Keep Reading