Rachel (အယ်ဟုန်သော်)
ကျွန်မတို့မြန်မာနိုင်ငံမှာ နို့နံမစင်သေးတဲ့ဆယ်ကျော်သက် သူရဲကောင်းတွေရှိခဲ့ပါရဲ့။ နတ်သျှင်နောင်တို့ မင်းရဲကျော်စွာတို့လို ဆယ်ကျော်သက်အရွယ်နဲ့ စစ်မြေပြင်မှာ ရွံ့ရွံ့ချွန်ချွန်တိုက်ရဲတဲ့ သူရဲကောင်းတွေအကြောင်းကျွန်မဖတ်ဖူးတယ်။ ဆယ်ကျော်သက်အရွယ်နဲ့ နန်းမြို့တည်နိုင်ခဲ့တဲ့ အင်းဝမြို့နန်းတည်သတိုးမင်းဖျားတို့ စစ်ကိုင်းမြို့နန်းတည် အသခ်ရာစောယွန်းတို့အကြောင်းတွေလည်း ကျွန်မဖတ်ဖူးခဲ့တယ်။ဆယ်ကျော်သက်တွေရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ကျွန်မ တွေ့ဖူးမြင်ဖူး၊ဖတ်ဖူးမှတ်ဖူးပါရဲ့။
လတ်တလောလေးတင် သိလိုက်ရတဲ့ ဆယ်ကျော်သက် ကလေးတစ်ယောက်ရဲ့ စွမ်းဆောင်ရည်က ကပ်သုံးဘေးအကြားက
သူ့အသက်ကိုပင် ပဓာဏမထားပဲ သူရဲကောင်းဆန်နေလေရဲ့။ လောလောလတ်လတ် ကျွန်မသိတဲ့ ဆယ်ကျော်သက် သူရဲကောင်းကတော့ဖြင့် မင်းမျိုးမင်းနွယ် မဟာစည်မဟာသွေးကဆင်းသက်လာတဲ့သူမဟုတ်ရပေါင်။အခုသိတဲ့ သူရဲကောင်းက အညတရသူရဲကောင်း ပေါများတဲ့။
သူ့အမည်လေးက ပေါများတဲ့ ။ ပေါများရဲ့အသက်က ၁၂နှစ်သာရှိသေးတယ်။ ပေါများရဲ့ မိဘများကသောင်သောင်သာသာထဲကမဟုတ်။ နွမ်းပါးတဲ့ မိဘနှစ်ပါးက ပေါများကို ကျောင်းမထားနိုင်ရှာဘူး။ ပေါများခမျာ တံငါအလုပ်လေးလုပ်ဟယ် ဆိတ်လေးကျောင်းဟယ်နဲ့ မိသားစုထမင်းအိုးကိုဝိုင်းထိန်းပေးရှာလေရဲ့။ ပေါများမှာ ပိုင်ဆိုင်တာဆိုလို့ ငါးဖမ်းလှေလေး တစ်စင်းတော့ရှိရှာပါရဲ့။ ဒီလှေကလေးနဲ့ မြစ်သောင်ခုံတစ်လျှောက် ပေါများဟာ ငါးဖမ်းထွက်ရတယ်။ရလာတဲ့ငါးလေး ရောင်းချပြီး မိသားစုဝမ်းရေးဖြေရှင်းကြရတာပေါ့။ ပေါများက တစ်ပိုင်တစ်နိုင်စာ ဆိတ်လေးတွေမွေးထားသေးရဲ့။ ပေါများရဲ့ ရက်စွဲတွေဟာ ငါးဖမ်းထွက်လိုက် ဆိတ်ကျောင်းလိုက်နဲ့ သာ ဖြတ်သန်းနေခဲ့ရတယ်။
တစ်ရက်သားမှာတော့ ပေါများရဲ့ အောင်သုခရွာလေးမယ် ရုတ်တရက်ရေမြင့်တက်လာပါလေရောကလား။ မကြုံစဖူးပေမို့ တစ်ရွာလုံးက ကြောက်လန့်တစ်ကြား အုတ်အော်သောင်နင်း။ရေက တဖြေးဖြေးနဲ့ မြင့်သထက်မြင့်တက်လာတာမို့ ပေါများခမျာလည်း ထိတ်လန့်နေရှာတယ်။ ရခဲလှတဲ့ လူ့ဘဝမယ် ကပ်ဘေးကြားက အသက်ရှင်ချင်သေးတဲ့စိတ်လေး ပေါများခံစားမိလိုက်တယ်။ မိမိလိုပဲ မိမိရွာသားတွေခမျာလည်း အသက်ရှင်ချင်ရှာကြမှာပဲလို့ ပေါများတွေးလိုက်မိရဲ့။ ပေါများက ငါးဖမ်းထွက်နေကျ လှေလေးကို အောင်သုခရွာရဲ့ အိမ်တန်းလေးတွေဆီ ဦးတည်လှော်ခတ်လိုက်တော့တယ်။ လှေအောက်ကရေတွေဟာ တအိအိနဲ့ မြင့်တက်လာစမြဲ။ ပေါများတစ်ယောက် လှေကိုသတိကြီးကြီးထား လှော်ခတ်ခဲ့ရတယ်။ ရွာတန်းဆီ လှမ်းမျှော်ကြည့်လိုက်တော့ မြုပ်လုဆဲဆဲအိမ်ခေါင်မိုးလေးတွေထက်မယ် ကြောက်လန့်တကြား အော်ဟစ်နေကြတဲ့ ရွာသူရွာသားတွေကို စိတ်မသက်သာစရာမြင်တွေ့လိုက်ရတယ်။ တစ်ဝုန်းဝုန်းမြည်နေတဲ့ ရေသံတွေကလည်း ကြောက်ခမန်းလိလိ။ ပေါများဘာသာ စိတ်ကိုမာန်တင်းပြီး လှေကို လက်ကုန်လှော်ခတ်လိုက်တော့တယ်။ပေါများရဲ့တစ်ကိုယ်လုံးမယ် ရေတွေကစိုရွဲလို့။ ပေါများရဲ့နှုတ်ခမ်းအစုံဟာ အအေးဒဏ်ကြောင့် ပြာနှမ်းတုန်ရီလို့။
ပေါများရဲ့လှေကလေးကိုလှမ်းမြင်လိုက်ရတဲ့ရွာသားတွေခမျာ ရေနစ်သူအဖို့ ကောက်ရိုးတစ်မျှင်သည်လည်းအားကိုးရာဆိုသလို ရင်တွင်းအပူလှိုင်းကြားက လက်တွေဝှေ့ရမ်းပြနေကြလေရဲ့။ပေါများက သူ့လှေလေးနဲ့ ရွာသူရွာသားတွေကို အခေါက်ခေါက်အခါခါတင်ပြီး ရေဘေးလွတ်ရာဆီပို့ပေးလိုက်တယ်။ ပေါများဟာ မြစ်ရေမှာ
လှေကလေးကို နှစ်ရက်တိတိ ပင်ပန်းဆင်းရဲစွာနဲ့ လှော်ခတ်ပြီး အောင်သုခရွာရဲ့ ရေဘေးအန္တရယ်ကို ဖြေရှင်းပေးခဲ့တယ်။
မြစ်ကမ်းဘေးက ပေါများရဲ့အိမ်လေးကတော့ဖြင့် ရေမြုပ်သွားခဲ့ပါပြီ။ ပေါများ ပိုင်ဆိုင်မွေးမြူထားတဲ့ဆိတ်လေးတွေဟာ ဘယ်သောင်ဘယ်ကမ်းဆိုက်လေသလဲမသိ။ ပေါများ ဆိုပေသိ ပေါများဖို့နေနေသာသာ။ အိမ်အတွင်းက
ရှိလေသမျှ အိုးအင်ခွက်စလောင်းလေးတွေမှ ကျန်ပါ့လေစ။ ပေါများမှာ လှေလေးတစ်စင်း
တော့ကျန်ရဲ့။ပေါများဆီက ရုပ်ဝတ္ထုမဟုတ်တဲ့ ပေါများတဲ့အရာတွေကိုတော့ဖြင့် ကျွန်မခံစားမိလိုက်ရရဲ့။ ကျွန်မခံစားမိလိုက်ရတာက ပေါများရဲ့ ပေါများလှတဲ့စိတ်စေတနာနဲ့ ကိုယ်ချင်းစာမှု၊ လူသားဆန်မှုတွေကိုပါ။
အသက်၁၂နှစ်အရွယ် အညတရသူရဲကောင်း ပေါများအား ဂုဏ်ပြုအပ်ပါသည်။
---အယ်ဟုန်သော်---
Keep Reading