Jane Catherine - the storyteller
မောင် ကိုကိုနဲ့ မြနန္ဒာ - ကြည်အေး
ဒါက စာအုပ်အညွှန်းဆိုတာထက် စာအုပ်ဖတ်ပြီးနောက် ကျွန်မရဲ့ ခံစားချက်၊ နောက်ပြီး ကျွန်မ ဆက်ရေးချင်တဲ့ အကြောင်းပေါ့။ book reflection ဆို ပိုမှန်ပါလိမ့်မယ်။
ကျွန်မ ကြည်အေးရဲ့ စာအုပ်တွေကို တစ်ခါမှ မဖတ်ဖူးပါဘူး။ ၂၀၁၉လောက်တုန်းက သူ့ရဲ့ မီ ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ပါတယ်။ အဲဒီတော့ ဝတ္ထုလည်း ပြန်အရောင်းသွက်တာပေါ့။ အဲဒီတုန်းကတောင် ကျွန်မ မဖတ်ဖြစ်ခဲ့ပါဘူး။ တရုတ်ဝတ္ထုတွေထဲမှာ နစ်မျောနေလို့ ဖြစ်ပါတယ်။ ထားပါတော့။
တလောက ကျွန်မကိုယ်ကိုယ် ပြန်ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်မက အလုပ်မှာပဲ နစ်နေခဲ့တာ ၉လတောင် ရှိပါပြီ။ ကျွန်မက ဘယ်သူလဲ။ စာကြမ်းပိုးတစ်ယောက်။ စာရေးဆရာဖြစ်ချင်သူတစ်ယောက်။ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ မေ့နေခဲ့တာပေါ့။ ဒီလိုသာ ဆက်သွားနေရင် အသက်၄၀ရောက်တာနဲ့ ကိုယ့်ကိုယ်ကို သတ်သေချင်လာလိမ့်မယ်လို့ တွေးမိတယ်။ ဒါနဲ့ပဲ စာဖတ်ဝါသနာကို ပြန်အသက်သွင်းဖို့ ကြိုးစားကြည့်ပါတယ်။ ဒီလိုနဲ့ တစ်ခါမှ မဖတ်ဖူးတဲ့ ကြည်အေးကို စမ်းဖတ်ကြည့်တာပါပဲ။
မောင် ကိုကိုနဲ့ မြနန္ဒာက သားသမီးကို ကောင်းစေလိုတဲ့ မိဘတစ်စုံကြောင့် လူ၃ယောက် ဒုက္ခရောက်ရပုံ ဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝ ဆင်းရဲပုံလို့တော့ မပြောချင်ပါဘူး။ အကျေနပ်ကြီး ကျေနပ်ပြီး ချမ်းသာနေတဲ့ ခင်အေးရီကြောင့်ပါပဲ။ သူက ကျွန်မအကြိုက်ဆုံးဇာတ်ကောင်လည်း ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တယ်၊ ဖြစ်လာသမျှကို ဟာသလုပ်တတ်တယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်၊ ပြီးတော့ ဒေါင်ကောင်းကောင်းနဲ့ (ဒီအချက်ကိုတော့ ကျွန်မ အကြိုက်ဆုံးပါ။ ဘာလို့လဲဆို ကျွန်မက အပြင်မှာ ပုပုသေးသေးမို့ပါပဲ) ဒီတော့ အိမ်ထောင်သည်ဘဝရဲ့ ဒုက္ခဆင်းရဲလို့ ပြောလိုက်ရင် သူ့ကို ချန်လှပ်သလို ဖြစ်သွားမှာပေါ့။
ကျွန်မအမြင် ဝတ္ထုထဲက ဒုက္ခအားလုံးဟာ နန္ဒာ့ရဲ့ မိဘတွေကြောင့်ဖြစ်ပါတယ်။ သမီးကလေးမွေးလာတာနဲ့ ရှေ့ရေးဖြောင့်ဖြူးအောင်ဆိုပြီး သူ့ဟာသူနေရှာတဲ့ တူကလေးကို ဂုဏ်သရေရှိလူကြီးဖြစ်အောင် ပုံသွင်းတယ်၊ သမီးကလေးကိုလည်း မီးဖိုချောင်ကို ပို့ဆောင်တယ် (မိန်းမတွေ ရှိရမယ်လို့ သူတို့ထင်တဲ့ နေရာကိုလေ)
ပြီးပြည့်စုံတဲ့ ဇနီးဖြစ်အောင် ပျိုးထောင်တယ်ပေါ့၊ ဒီအကျိုးဆက်ကြောင့် နန္ဒာဟာ သူကြိုက်မှန်းမသေချာတဲ့ မောင်နဲ့ လွဲရတယ်။ ကိုကိုဟာ သူမချစ်တဲ့ မိန်းမကို ယူဖို့ စိတ်ပြင်ဆင်ရင်း မြာပွေတဲ့ယောက်ျား ဖြစ်ရတယ်။ မောင်ကလည်း ဘယ်လိုဘယ်ပုံ ခင်အေးရီရဲ့ စနက်အောက် ရောက်သွားလဲမသိ၊ သတိရတော့ ကလေးက ၅ယောက်တောင် ဖြစ်နေပြီ။ ခင်အေးရီစတိုင်နဲ့ ပြောရရင်
“ကောင်းမယ်ထင်လို့ စီစဉ်လိုက်ကာမှ ငါးပါးမှောက်ကရော ဟားဟားဟား”
ပေါ့။
ကြည်အေးဝတ္ထုကို ဖတ်ပြီး လက်ဖျားခါသွားရတဲ့အချက်က သူ့ရဲ့ တင်ပြပုံကြောင့်ပါပဲ။ ဇာတ်လမ်းကို အစကနေအဆုံး သမားရိုးကျ storytelling မဟုတ်ဘဲ ရှုထောင့်တွေကို ပြောင်းပြောင်းပြသွားတာကြောင့် ဖြစ်ပါတယ်။ ကျွန်မ အရင်လက သွားခဲ့တဲ့ creative writing workshop ကို ပြန်သတိရသွားစေပါတယ်။ အဲဒီမှာ နောက်ဆုံး activity အနေနဲ့ Rashomonဆိုတဲ့ ဂျပန်ကားကို ကြည့်ရပါတယ်။ အဲဒီကားမှာ ဇာတ်ကောင်တွေက သူတို့ကြုံရတာကို ပြန်ပြောကြတာပါ။ သူတို့ပြောစကားတွေအကုန်လုံးပေါင်းလိုက်တော့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားရောပေါ့။
ကျွန်မမှာလည်း အဲလိုမျိုး လူတစ်ယောက်ချင်းစီရဲ့ ရှုထောင့်တစ်ခုချင်းစီကနေ ရေးထားတဲ့ ဝတ္ထုရှိတယ်ဆို ယုံမလား။ စရေးပြီးပြီးချင်းတုန်းကတော့ ကျွန်မတော်တော် အားငယ်သွားပါတယ်။ ဘာလို့လဲဆို ကျွန်မ ဖတ်ဖူးသမျှတွေမှာ ဇာတ်လမ်းကို အစအဆုံးပြသွားတာတွေပဲ ရှိတာကိုး။ “ငါတော့ ဘယ်လိုဟာတွေ ရေးနေမိတာလဲ။ သူများဟာနဲ့လည်း မတူဘူး” ပေါ့။ အခုသူ့ဟာကို ဖတ်မိမှ “ငါရေးတာ legend ကြီးနဲ့ တူနေတာပဲ” ဆိုပြီး ကြံဖန်ဂုဏ်ယူရပါတယ်။ ထားပါတော့၊ ဒါက ကြော်ငြာဝင်တာ။
ဝတ္ထုတစ်ပုဒ်လုံးကို ဖတ်ပြီး ကျွန်မရင်ထဲ ဆို့နင့်ကျန်ခဲ့ပါတယ်။ နောက်ဆုံး ကိုကိုရဲ့ အတွေးတွေကို ဖတ်ပြီးနောက် သူ့ကို ပိုလို့တောင် ရွံသွားပါသေးတယ်။ ပြီးတော့ ကျွန်မရဲ့ ယောက်ျားတွေအပေါ်အမြင်ကလည်း မကောင်းတဲ့ဘက်ကို သိသိသာသာလေး စောင်းသွားပါတယ်။ (ဒီအကြောင်း ရည်းစားကို ပြောပြတော့ သူက “ယောက်ျားမကောင်းကြောင်းတရား ဟောပါတော့မယ် လို့ တုန့်ပြန်သတဲ့)
တကယ်လို့ ကျွန်မသာ ဒီဝတ္ထုကို ဆက်ရေးဖို့ တောင်းဆိုခွင့်ရခဲ့ရင် နန္ဒာ့မိဘတွေရဲ့ ရှုထောင့်ကို ဝင်ကြည့်ပေးဖို့၊ ပြီးတော့ မြနန္ဒာကို တကယ်ချစ်တဲ့တစ်ယောက်နဲ့ ပေးတွေ့ဖို့ (စိတ်ထဲမှာတော့ အဲဒါ ခင်အေးရီ ဖြစ်လိုက်ရင် ဒါမှမဟုတ် ပန်းချီဆရာ ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းလိမ့်မလဲ လို့ တွေးနေမိပါတယ်) တောင်းဆိုချင်ပါတယ်။ သည်းမခံနိုင်တော့တဲ့ တစ်နေ့ကျရင်တော့ fanfiction ရေးမိပါလိမ့်မယ်။
#book_reflection
Keep Reading