KhatSit
ပန်းလေးတစ်ပွင့် လှပစွာဖူးပွင့်လာဖို့ဆိုတာ မလွယ်ကူပါဘူး ။ လေဒဏ် ၊ မိုးဒဏ် ၊ နေဒဏ်တွေကို ကျော်ဖြတ်ပြီးမှ အရောင်အဆင်းရနံ့နဲ့ ပြည့်စုံတဲ့ ပန်းကလေးတစ်ပွင့်ဖြစ်လာတာပါ ။ ပန်းကလေးတစ်ပွင့် လှပစွာဖူးပွင့်ဖို့အတွက် ဥယျာဉ်မှူးမှာ တာဝန်ရှိပါတယ် ။ ရေလောင်း ၊ ပေါင်းသင် မှစပြီး ဖျက်စီးမယ့် ပိုးမွှားတွေရဲ့ အန္တရာယ်ကနေ အထိပါ ။
အရွယ်ရောက်စ လူငယ်လေးတွေက ပန်းမျိုးစေ့လေးတွေနဲ့တူပါတယ် ။ ပန်းမျိုးစေ့မှန်းတော့သိတယ် ဒါပေမယ့် အဲ့ဒီမျိုးစေ့လေးတွေကနေ နှင်းဆီပွင့်စေချင်သလား ၊ စံပယ်ပွင့်စေချင်သလား ၊ စက္ကူပန်းပွင့်စေချင်သလား ဆိုတဲ့ အရေးကြီးဆုံးအချက်ကတော့ ပန်းတွေကို ပျိုးထောင်ပေးမယ့် ဥယျာဉ်မှူးမှာ တာဝန်ရှိပါတယ် ။ လူငယ်လေး တွေက ပန်းကလေးတွေဆို မိဘနဲ့ဆရာတွေက ဥယျာဉ်မှူးတွေပါ ။ ဒါကြောင့် ကလေးငယ် တစ်ယောက် လှပစွာ ကြီးပြင်းလာဖို့အတွက် မိဘ နှင့် ဆရာတွေက နည်းမှန်လမ်းမှန်းနဲ့ ရေလောင်း ၊ ပေါင်းသင်နိုင်ဖို့လိုပါတယ် ။
မိဘများသည် “ မကောင်းမြစ်တာ ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ ၊ ပေးဝေနှီးရင်း ၊ ထိမ်းမြားခြင်းလျှင် ၊ ဝတ်ငါးအင် ၊ ဖခင်မယ်တို့တာ” ဆိုတဲ့ အတိုင်းကျင့်ကြံနေထိုင်တတ်ဖို့လိုပါလိမ့်မယ် ။ အရေးကြီးဆုံးကတော့ မိမိတို့ရဲ့ သားသမီးကို ပြုစုပျိုးထောင်တဲ့ နည်းလမ်းမှန်ကန်နေဖို့လိုပါလိမ့်မယ် ။ ပြုစုပျိုးထောင်တဲ့ နေရာမှာ မှားယွင်းနေတဲ့အရာတွေအများကြီးရှိပါတယ် ။
( ၁) လူရှေ့သူရှေ့ ဆူပူအော်ဟစ်ခြင်း
(၂) တခြားသူတွေနဲ့နှိုင်းယှဉ်ခြင်း
(၃) ကလေးရဲ့ ခံစားချက်ကို လှောင်ပြောင်ခြင်း
(၄) အမှားတစ်ခုလုပ်လျှင် အကျိုးအကြောင်းမမေးပဲ ပစ်တင်ပြောဆိုခြင်း
(၅)ကလေးကို ကိုယ်ပိုင်ရွေးချယ်ခွင့်မပေးခြင်း
ဖော်ပြပါ အချက်တွေအပြင်ကို အချက်ပေါင်းများစွာရှိနေပါသေးတယ် ။
နောက်ပြီး မိမိတို့ရဲ့ ကလေးတွေကို လူတော်ဖြစ်ဖို့လည်းသင်ပေးသလို လူကောင်းဖြစ်ဖို့လည်း သင်ပေးဖို့လိုပါလိမ့်မယ် ။ တချို့မိဘတွေ ရှိပါတယ် ကိုယ့်ရဲ့သားသမီးတွေကို တော်ဖို့ ကျောင်းအကောင်းစားကြီးတွေမှာထားတယ် ၊ ကျူရှင်အကောင်းစားတွေ ထားတယ် ။ ဒါပေမယ့် ကောင်းရာညွှန်လတ်ဆိုတဲ့ မိမိရဲ့ သားသမီးလူကောင်းဖြစ်ဖို့ကို သင်ပေးဖို့ကျ မေ့နေတတ်ကြပါတယ် ။ မိမိတို့ရဲ့ သားသမီးတွေကို လူတော်လေးတွေဖြစ်အောင် သွန်သင်ဆုံးမသလို လူကောင်းလေးတွေဖြစ်အောင်လည်း လမ်းပြနိုင်ဖို့လိုပါလိမ့်မယ် ။ အရေးကြီးဆုံးကတော့ စာရိတ္တပိုင်း ဆိုင်ရာတွေပါ ။
“လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ” ဆိုတဲ့စကားအတိုင်း မိဘတွေဟာ သားသမီးတွေရဲ့ လက်ဦးဆရာတွေပါ ။ ကလေးငယ်တွေအရွယ်မရောက်ခင် ကျောင်းစာသင်ခန်းထဲကို မရောက်ခင် အရင်ဆုံး နမူနာ အယူခံရတဲ့ ဆရာက မိခင်နှင့်ဖခင်ပါပဲ ။ အရှင်းဆုံးပြောရရင် မိဘတွေရဲ့ အမူအကျင့် ၊ အနေအထိုင် ၊ အပြောအဆို ကို ကလေးငယ်တွေက အတုယူပါတယ် ။ တချို့ကလေးတွေဆို အရွယ်မရောက်သေးဘူး ဆဲဆိုတာက မိုးမွှန်နေပါတယ် ။ ဘာသာရေးကိုင်းရှိုင်းတဲ့ မိဘတွေကြောင့် ဘုရား ၊ တရား ၊ သံဃာ ဆိုတာကို ရိုသေလေးစားရမှန်းသိတဲ့ ကလေးတွေလည်းရှိသလို အမြဲတမ်း ဆဲဆိုရန်ဖြစ်နေတဲ့ မိဘတွေကြောင့်လည်း ကြမ်းတမ်းတဲ့ ကလေးတွေလည်း ရှိနေပါတယ် ။ မိဘရဲ့စည်းစိမ်အမွေကို မဆက်ခံခင် အရင်ဦးဆုံး စာရိတ္တဆိုတဲ့အမွေကို ကလေးငယ်တွေက ဆက်ခံပါတယ် ။ သင်္ကြန်မိုး ဇာတ်ကားထဲက ဦးဇင်ဝိုင်း ပြောသလို အရက်သမားသား အရက်သောက်တာ မဆန်းပါဘူး အဖေရာ ဆိုသလိုပါပဲ ။ မိဘရဲ့ စရိုက်ကို ဆက်ခံတာက သားသမီးတွေပါ ။ ဒါကြောင့် မိဘများအနေဖြင့် အဆင်းရနံ့ထုံတဲ့ ပန်းကလေးများဖူးပွင့် စေလိုလျှင် မိမိတို့ရဲ့ သားသမီးတွေရှေ့မှာ အပြောအဆို ၊ အနေအထိုင်ကို ဆင်ခြင်ရမည်သာမက အတန်းပညာကို သင်ကြာစေသလို အသိပညာကိုလည်း ကြီးထွားစေရန် နည်းမှန်လမ်းမှန်ဖြင့် သင်ကြားပေးစေလိုပါသည် ။
ဆရာတွေကလည်း “အတတ်လည်းသင် ၊ ပဲ့ပြင်ဆုံးမ ၊ သိပ္ပမချန် ၊ ဘေးရန်ဆီးကာ ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ၊ ကျင့်ဖို့ဝတ်ငါးဖြာ” ဆိုတဲ့စကားအတိုင်း အသက်မွေးမှု လုံလောက်အောင် အတတ်ပညာသင်ပေးခြင်း ၊ မကောင်းမှုဒုစရိုက်တို့ကို ရှောင်ကြဉ်နိုင်အောင် ဆုံးမပဲ့ပြင်ခြင်း ၊ အတတ်ပညာတို့ကို အကြွင်းအကျန်မရှိ စေတနာထားသင်ကြားပေးခြင်း ၊ ရောက်လတ္တံ့သော ဘေးအန္တရာယ်ကို ကာကွယ်ပေးခြင်း ၊ မိမိထံမှ တစ်ဆင့် ပိုမိုသင့်တော်ရာသို့ ညွှန်ပြအပ်ပို့ ခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးနိုင်ရပါမယ် ။ ဆင်းရဲချမ်းသာမရွေး ၊ ဘာသာမရွေးဘဲ မိမိတက်စွမ်းသမျှကို စေတနာ ၊ ဝါသနာ ၊ အနစ်နာ ဆိုတဲ့ နာသုံးနာ အပြင် ဂရုဏာ ဆိုတာကိုပါ ထပ်ပေါင်းပြီး သင်ကြားပို့ချပေးရပါမယ် ။ တချို့ဆရာတွေ ရှိပါတယ် ကိုယ့်ကျူရှင်မှာတက်တဲ့ ကျောင်းသား ကျောင်းသူမှ ကိုယ့်ကျောင်းသားထင်တာမျိုးပါ ။ ဒါပေမဲ့ အခုခေတ်မှာတော့ အထက်မှာ ဖော်ပြခဲ့ ကျင့်ဝတ် တွေအပြင်ကို နောက်ထပ် skill တွေလိုအပ်လာပါပြီ ။
ကလေးငယ်တွေအတွက် ကိုယ်ဟာ စာကြည့်တိုက် သဖွယ်ဖြစ်ရပါမယ် ။ ကလေးငယ်တွေအတွက်အကျိုးရှိမယ့် ဗဟုသုတတွေကို အားရင်အားသလို ၊ ကြုံရင်ကြုံသလို ဝေမျှပေးနိုင်ရပါမယ် ။ နောက်ပြီး ပြုသင့်ပြုအပ် ၊ မပြုသင့်မပြုအပ်တဲ့ အပြုအမူ ၊ အပြောအဆို ၊ အလုပ်အကိုင်တွေကိုလည်း ဝေမျှနိုင်ရပါမယ် ။ ကလေးငယ်တွေ ကို ဆုံးမပြုပြင်တဲ့အခါ ရိုးရိုးဆုံးမတာထက် ပုံပြင်လေးတွေနဲ့ ဆုံးမတာက ပိုပြီးထိရောက်ပါတယ် ။ ပုံပြင်မှာပါတဲ့ စာရိတ္တပိုင်းဆိုင်ရာတွေ ကို ပြောပြပြီး အကျိုးအကြောင်းကို ပိုမိုနားလည်အောင် ရှင်းပြဖို့လိုပါလိမ့်မယ် ။
နောက်တစ်ချက်ကတော့ ကလေးတွေအတွက် ကိုယ်ဟာ သူငယ်ချင်းတစ်ယောက်ဖြစ်ရပါမယ် ။ ကလေးငယ်တွေကို ဆရာဆရာမလို ဆက်ဆံတာထက် သူငယ်ချင်းလိုနွေးနွေးထွေးထွေး ဆက်ဆံ တာကပိုပြီးအဆင်ပြေပါတယ် ။ ကလေးသဘာဝအရ ဖြစ်တတ်တာတွေကို နားလည်ပေးမယ် ၊ လိုအပ်တာတွေကို ကူညီပေးမယ်ဆို ကလေးတွေက ကိုယ့်အပေါ်ကို ချစ်ခင်တွယ်တာလာမှာပဲဖြစ်ပါတယ် ။ ဒါမှ ကလေးတွေဟာ သူတို့မှာ ဖြစ်နေတဲ့အခက်အခဲတွေကို ကိုယ့်ကိုဖွင့်ဟတိုင်ပင်လာမယ် ၊ သူတို့ရဲ့အတွင်းရေးတွေကို ပြောပြလာမယ် နောက်ပြီး သင်ခန်းစာနဲ့ပတ်သတ်တာတွေကို ပွင့်ပွင့်လင်းလင်း မေးရဲ၊ ဆွေးနွေးရဲ လာမှာဖြစ်ပါတယ် ။ ဒါမှလည်း ကလေးငယ်ရဲ့မိဘနဲ့တိုင်ပင်ပြီး ကလေးငယ်ရဲ့ တိုးတက်ရေးအတွက် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ။
နောက်ပြီးကိုယ်ဟာ ကလေးတွေအတွက် လူရွှင်တော်ဖြစ်ရပါမယ် ။ လူရွှင်တော်ဆိုတာထက် ကလေးတွေကို ပျော်ရွှင်အောင်လုပ်ပေးဖို့ ကိုဆိုလိုချင်တာပါ ။ ကလေးတွေက ပုံပြင်ပြောပြ ၊ သီချင်းဆိုပြ ၊ ပန်းချီဆွဲပြတဲ့ ဆရာဆရာမတွေကို တခြားဆရာဆရာမတွေထက် ပိုပြီး ချစ်ခင်ပါတယ် ။ အဲ့လိုအချိန်တွေဆို ပိုပြီးလည်း ပျော်ပါတယ် ။ အကြောင်းအရာတစ်ခုကို ပြောပြတဲ့အခါမှာလည်း သူတို့စိတ်ဝင်စားမဲ့ အကြောင်းအရာလေးတွေ ၊ ပုံပြင်လေးတွေနဲ့ သူတို့ပျော်အောင်သင်ကြားပေးရင် သူတို့စာသင်ချိန်မှာ ပျင်းတယ်ဆိုတာရှိလာမှာ မဟုတ်ပါဘူးနော် ။
ဒါတွေကို ကောင်းကောင်းဆောင်ရွက်နိုင်ပြီဆို သင်ဟာ ကလေးငယ်တွေကို ကောင်းကောင်းထိန်းကျောင်းနိုင်ပါပြီ ။ ထိုမှသာ ကိုယ်ပေးချင်တဲ့ အသိပညာ ၊ အတတ်ပညာ နဲ့ ဘာသာရပ်စာပေတွေကို သင်ကြားတဲ့အခါမှာ စိတ်ပါဝင်စားပြီး လိုက်နာဆောင်ရွက်နိုင်တဲ့ စကားနားထောင်တဲ့ နောင်တစ်ချိန်မှာ အမွှေးရနံ့နဲ့ပြည့်စုံတဲ့ ပန်းပွင့်များဖြစ်မည့် တပည့်ကောင်းလေးတွေ ဖြစ်လာမှာ မလွဲဧကန်ပါပဲခင်ဗျာ။
ပန်းပျိုးသူတို့ ပြုစုပျိုးထောင်လိုက်သော ပန်းတိုင်းပွင့်ပြီး ပွင့်သောပန်းတိုင်း မွှေးပါစေ .....
#ခက်ဆစ်
Keep Reading