Leo Nann
ဒီတစ်ခါမှာတော့ လီယိုက အချစ်ရေးနဲ့ပတ်သက်ပြီး အသိအမြင်ရသတစ်မျိုးရစေနိုင်မယ့်
စာအုပ်လေးကို ဖတ်ကြည့်ကြဖို့ ညွှန်းပေးချင်ပါတယ်။
လတ်တလောမှာ စာဖတ်သူတွေအကြား ရေပန်းစားနေတဲ့ ဆရာမ မယ်ညိုရဲ့ "ငါကျူးလွန်မိတဲ့ကံတစ်ပါးဟာ မင်းပဲ"ဆိုတဲ့ စာအုပ်ကလေးကို ညွှန်းပေးသွားမှာပါ။
ဒီစာအုပ်လေးကို ဖတ်ပြီးသူတွေရှိသလို မဖတ်ရသေးသူတွေလည်းရှိနေနိုင်ပါတယ်။
စာအုပ်လေးအကြောင်းကိုမစမီမှာ
လီယို ဘယ်ကနေဘယ်လို စဖတ်ဖြစ်ခဲ့ပုံကို
ဦးစွာပထမ ပြောပြလိုပါတယ်။ဘယ်လိုစဖတ်ဖြစ်ခဲ့သလဲဆိုရင်
စာဖတ်သူတစ်ဦးကြောင့်လို့ဆိုရမှာပါ။
လီယိုရဲ့ တယ်လီဂရမ်ချန်နယ်မှာ စာဖတ်သူလေးတွေအတွက် သူတို့လိုချင်တဲ့စာအုပ်လေးတွေ ကူရှာပေးဖြစ်ပါတယ်။
တစ်ရက်မှာ စာဖတ်သူလေးတစ်ယောက်က
ဒီစာအုပ်လေးရဲ့ pdf fileလေးရှာပေးပါဆိုပြီးပြောတာနဲ့
စာပေ ချန်နယ်တွေမှာ လိုက်ရှာပေးဖြစ်သွားတာပါ။
fileလေးကို downloadဆွဲပြီးတဲ့အခါမှာတော့
errorတက်နေမလားဆိုပြီး ဝင်စစ်ကြည့်ရာကနေ စာမျက်နှာတွေထဲရောက်သွားခဲ့ပါတယ်။fileရဲ့အလယ်လောက်ကို ကျော်ဖတ်ကြည့်တော့ တကယ့်ကို အချိူမှ အချိုဆုံးအခန်းကို ဖတ်မိလျက်သားဖြစ်သွားခဲ့ပါတယ်။
သုံးလေးကြောင်းလောက်ဖတ်မိလိုက်တာနဲ့
သဘောကျသွားပြီး တစ်ထိုင်တည်းဆက်ဖတ်ဖြစ်ခဲ့တာပါ။လီယို အနေနဲ့ကတော့ ဒီစာအုပ်ကိုအတော်လေးကြိုက်ပါတယ်။ဆွဲဆောင်မှုရှိတဲ့အရေးအသားဖြစ်တယ်လို့
ဝန်ခံပါရစေ။ခေတ်လူငယ်လေးတွေ သဘောကျလောက်မယ့် ရေးဖွဲ့မှုပုံစံပါ။
အခန်းတိုင်း၊အပိုင်းတိုင်းက ရသ အာဟာရပြည့်ဝနေပါတယ်။
အမျိုးသမီးတစ်ယောက်ရဲ့ ရှုထောင့်ကရေးထားတာဖြစ်သော်လည်းပဲ အမျိုးသားတွေပါ ဖတ်ကြည့်သင့်တဲ့စာအုပ်မျိုးပါ။
ဒါဆို ဇာတ်ကြောင်းကဘယ်လိုမျိုးလဲ။
ခေါင်းစဥ်ကို စဖတ်ဖတ်ချင်းမှာပဲ "ဘာအဓိပ္ပာယ်လဲ"ဆိုပြီးသိချင်စိတ်ပြင်းပြမိတာအမှန်ပါ။
ဒီစာအုပ်ကလေးက ချစ်ခြင်းမေတ္တာတရားအကြောင်းရေးထားတဲ့စာအုပ်လေးပါ။အထူးသဖြင့် ဆယ်ကျော်သက်ကလေးတွေက ပိုဖတ်သင့်ပါတယ်။အတုယူမမှားသင့်တာကို မမှားရလေအောင်
ဖတ်ရှုသင့်တဲ့စာအုပ်ကလေးပါပဲ။
ဒီဝတ္ထုထဲကအကြောင်းအရာလေးတွေကိုစာအမြည်းအနေနဲ့ အကျဥ်းချုံးဖော်ပြပေးသွားပါမယ်။
မေဆိုတဲ့ အမျိုးသမီးငယ်ကလေးက အိမ်ထောင်ရှင်အမျိုးသားတစ်ဦးကို ချစ်မိသွားတာပါ။ ပထမတော့ သူမကိုယ်သူမ ထိန်းပါသေးတယ်။နောက်တော့ အဲ့ဒီအမျိုးသားကလည်း
သူမကိုမေတ္တာရှိကြောင်းသိခဲ့ရပြီးတဲ့နောက်မှာ ရှေ့ဆက်တိုးချင်လာတဲ့စိတ်တွေကို ရင်ဆိုင်ရပုံတွေကို တွေ့ရမှာပါ။သူငယ်ချင်းဖြစ်သူ ငယ်ရဲ့ မေ့အပေါ်ထားတဲ့
မေတ္တာနဲ့ ကာကွယ်စောင့်ရှောက်ပုံတွေကတော့ လီယိုကို အားကျသွားစေခဲ့တဲ့ အချက်တွေပါပဲ။မေ အတွက်ဆို အရာအားလုံးကို ရင်ဆိုင်ဖို့ဝန်မလေးတဲ့ ငယ့်လို သူငယ်ချင်းမျိုး လိုချင်စိတ်ကလေးပါဖြစ်မိသွားရပါတယ်။
နောက်ပိုင်းမှာ အဓိကဇာတ်ကောင်လေး မေ ဟာအိမ်ကပေးစားတဲ့သူနဲ့အိမ်ထောင်ကျပြီး သူကြုံခဲ့ရတုန်းကလို အဖြစ်မျိုးတွေနဲ့ပြန်တွေ့ကြုံခဲ့ရပုံကို ရေးသားထားတာပါ။
ဝတ္ထုတစ်ပုဒ်လုံးက ပျင်းစရာကောင်းသွားတဲ့နေရာမျိုးမရှိပဲ အချိုတစ်လှည့်၊အခါးတစ်လှည့်ညီညီမျှမျှရေးထားတာကိုလည်းတွေ့ရမှာပါ။
ဘယ်လို အဆုံးသတ်သွားသလဲကတော့
စာဖတ်သူလေးတို့ကိုယ်တိုင်သာ ဖတ်ကြည့်လိုက်ပါတော့ရှင့်။
အချစ်ဆိုတာက မျက်စိမပါ၊လူမရွေးပေမဲ့လို့
ဘဝနဲ့ယှဥ်လာတဲ့အခါ ဦးနှောက်ကိုပိုသုံးရကြောင်း သိလာစေမှာပါနော်။ကိုယ့်အပိုင်လို့တွေးထားတဲ့အရာတစ်ခုက
သူများလက်ထဲရောက်လုလုအခြေအနေကိုရင်ဆိုင်ရတဲ့အခါဖြစ်လာတတ်တဲ့ ခံစားချက်ကို အပြည့်အဝခံစားရမှာလည်းဖြစ်ပါတယ်။
ဒီဝတ္ထုကလေးဟာဆိုရင်
စာဖတ်သူလေးတို့အတွက် သင်ခန်းစာကောင်းတွေကိုပေးနိုင်မဲ့ဝတ္ထုလေးလည်းဖြစ်ပါတယ်ရှင့်။
ဒါကြောင့်ဒီစာအုပ်လေးကို ဖတ်ကြည့်ကြဖို့
တိုက်တွန်းလိုက်ရပါတယ်။
ဖတ်ပြီးသွားတဲ့အခါမှာလည်း အတွေးအမြင်သစ်လေးတွေ ရလာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်ရှင့်။
-------------------------------------------------
စာဖတ်သူလေးတို့အနေနဲ့ဒီစာအုပ်လေးကို ရှာဖွေရအခက်အခဲဖြစ်နေမယ်ဆိုရင်
လီယိုရဲ့telegram account @Nanthirihlai မှတစ်ဆင့်လည်း လာတောင်းလို့ရပါတယ်ရှင့်။
အဆုံးထိဖတ်ပေးကြတဲ့စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။
အားလုံးကိုအစဥ်လေးစားလျက်....
Leo
(1.10.2024)
Keep Reading