SarPhat Author
'ကိုယ့်အကြောင်းကိုယ်ဘယ်လောက်သိလဲ' ဆိုတဲ့ မေးခွန်းမေးလာရင် တချို့ကတော့ ကိုယ့်အကြောင်းပဲ ကိုယ်သိတာပေါ့လို့ ပြောကြပါလိမ့်မယ်။ တချို့ကတော့ ကိုယ့်အကြောင်းကိုယ် သေချာသိမသိကို ရုတ်တရက်စဥ်းစားသွားကြပါလိမ့်မယ်။
ပထမတစ်မျိုးဖြစ်တဲ့ ကိုယ့်အကြောင်းကိုယ်သိတာပေါ့ဆိုတဲ့သူတွေ
ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါဦး
ကိုယ့်အကြောင်းကိုယ်တကယ်သိတာလား? ဘာတွေသိတာလဲပေါ့?
ဒုတိယတစ်မျိုး ရုတ်တရက်စဥ်းစားကြတဲ့သူတွေကရော အဲလိုစဥ်းစားလိုက်တော့ ဘာတွေတွေးမိကြလဲ?
ကျွန်မတို့ဘဝကိုဖြတ်သန်းတယ်ဆိုတဲ့နေရာမှာ အချိန်တွေက ရပ်တန့်မနေဘဲဆက်တိုက်သွားနေပါတယ်။ ကျွန်မတို့ရဲ့အသက်အရွယ်တွေကလည်း တဖြေးဖြေးကြီးလာကြပါတယ်။ ကျွန်မတို့ဘဝ အခုချိန်ထိဖြတ်သန်းလာတဲ့သက်တမ်းတလျှောက်မှာ ဘာတွေအောင်မြင်ပြီးပြီလဲ? ဘယ်လိုတွေပျော်ရွှင်ခဲ့လဲ? ဘယ်အရာတွေကြောင့်ပြိုလဲခဲ့ရပြီလဲ? ဘာကြောင့်စိတ်ခွန်အားတွေပြန်တက်လာစေခဲ့တာလဲ?
ကျွန်မတို့ဘဝရှေ့ဆက်လျှောက်လှမ်းဖို့၊ တိုးတက်ပြောင်းလဲဖို့၊ လူရောကြံ့ခိုင်သန်မာဖို့အတွက် ကျွန်မတို့ရဲ့ယခုလက်ရှိအချိန်ထိ ဖြတ်သန်းနေထိုင်လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေတဲ့ အချက်တွေကို သိရှိအောင်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။
တချို့ကကိုယ်ဘယ်လိုတော်တာ၊ ဘယ်လိုတတ်တာ၊ ဘာတွေလုပ်ပစ်လိုက်တာ၊ ဘာတွေသိတာဆိုပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်ရင်း ကိုယ့်အကြောင်းကိုယ်သိတယ်လို့ အထင်မှားတတ်ကြပါတယ်။ ကိုယ့်ကိုကိုယ်သာ ဒီလိုထင်ပေမယ့် တခြားသူတွေအမြင်မှာ အမြင်တစ်မျိုးပြောင်းရင်ပြောင်းနေနိုင်ပါတယ်။ ကိုယ့်တချို့ကျတော့လည်း ကိုယ်ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကအခြားသောသူတွေ၊ အခြားသောပြသနာတွေ၊ အတင်းအဖျင်းတွေနဲ့ ကိစ္စရပ်ကိုသာ စိတ်ဝင်စားပြီး ကိုယ့်အကြောင်းကိုယ်ပြန်စဥ်းစားချိန်မရှိ၊ စဥ်းစားရကောင်းမှန်းမသိ ဖြစ်ကြပါတယ်။
ကျွန်မတို့ဘဝဟာ ခုနကပြောခဲ့သလို အချိန်တွေ တဖြေးဖြေးရွေ့လျား၊ အသက်အရွယ်တဖြေးဖြေးကြီးလာတာနဲ့အမျှ ကျွန်မတို့ကိုယ်တိုင်ရဲ့ ဘဝတိုးတက်ဖို့၊ Professional ကျကျရှေ့ဆက်လျှောက်လှမ်းဖို့အတွက် Focus ထားပြီး စဥ်းစားတွေးတောကာPlanတွေချမှတ်သင့်ပါတယ်။ ကျွန်မတို့ကိုယ်တိုင်က ဘာဖြစ်ချင်တာလဲ၊ ဘာလိုချင်တာလဲ၊ ဘယ်လိုအနေအထားရချင်တာလဲဆိုတာတွေသိဖို့ ကိုယ်ကိုတိုင် သိအောင်အဖြေရှာရပါမယ်။ လက်ရှိလုပ်နေတဲ့အရာတွေက အကျိုးရှိ၊မရှိ အကဲဖြတ်ဆန်းစစ်ရပါမယ်။ ကိုယ့်ဘဝပန်းတိုင်ရောက်ဖို့အတွက် တစ်ဆင့်ချင်းစီ ပုံဖော်ကြိုးစားရပါမယ်။ လူရယ်လို့ဖြစ်လာရင် အမှားတွေ ကျရှုံးမှုတွေ ကြုံတွေ့ရမှာပါ။ လဲကျရင်ပြန်ထပါ။ အမှားတွေကိုသင်ခန်းစာယူပါ။ ကျရှုံးမှုထဲမှာ နစ်မြုပ်မခံပါနဲ့။ ကိုယ်သွားမယ့်လမ်းကို ကိုယ်ရွေးဖောက်ပါ။ ကိုယ်ဖောက်တဲ့လမ်းကိုယ်သွားနေရင်း တခုခုလွဲချော်ခဲ့သိရှိသော် နောင်တမရပါနဲ့ လိုအပ်တာတွေ မှားနေတာတွေပြင်ဆင်ရင်း ဆက်သွားပါ။ ဘယ်သူ့အရိပ်မှအလွှမ်းမိုးမခံပါနဲ့။ မိမိကိုယ်သာကိုးကွယ်ရာပါ။ ကိုယ်တိုးတက်စေဖို့ ကိုယ့်ပန်းတိုင်ရောက်စေဖို့ လှေကားတစ်ထစ်ချင်းတက်တဲ့အခါမှာ လှေကားထစ် တစ်ထစ်စီတိုင်းအတွက် အရည်အချင်းဖြည့်ဖို့ လိုအပ်သမျှကို သင်ယူချင်စိတ်မွေးမြူပါ။ သူများကိုဝေဖန်မယ့်အချိန်ကို ကိုယ့်အတွက် ကိုယ်ကျိုးရှိစေမယ့်အရာတခုခုလုပ်ရင်း အစားထိုးလိုက်ပါ။
ကိုယ့်အကြောင်းကိိုသိမှ ကိုယ့်ကိုကိုယ်နားလည်မှသာ ကိုယ့်ရဲ့မျှော်မှန်းချက်တွေ၊ Target နဲ့ Goalတွေက ပုံပေါ်ထင်ရှားလာပြီး ကိုယ်သွားမယ့်လမ်းကြောင်းဖြောင့်ဖြူးမှာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ပျော်ရွှင်မှုရှိအောင် ကြိုးစားနေထိုင်ပါ။ ကိုယ့်ကြောင့်ဖြစ်လာမယ့်အောင်မြင်မှုတွေကို ဝမ်းမြောက်ဝမ်းသာလက်ခံနိုင်ဖို့ ကြိုးစားပါ။ ဒါကြောင့်ဒီနေ့ကစပြီး ကိုယ့်အကြောင်းကိုယ်သိအောင်၊ ကိုယ်ဖြစ်တာလိုချင်တာဘာတွေလဲ သိရအောင် ကြိုးစားလိုက်ကြရအောင်နော်❤️
#TheNoteBySD
Keep Reading