Monologue By Mon
ကိစ္စတစ်ခုကို ဆုံးခန်းတိုင်အောင် မလုပ်ပဲ တစ်ဝက်တစ်ပျက်မှာ လက်လျော့သွားတဲ့ သူတွေကို ကောက်ရိုးမီး လို့ခေါ်တက်ကြတယ်မဟုတ်လား ။
ကျမ လည်း ကောက်ရိုးမီး ဖြစ်တဲ့ အခါတွေ ရှိပါတယ်။ အဲ့လိုပဲ ဆုံးခန်းတိုင်တဲ့ထိ လုပ်နိုင်ခဲ့တာတွေလည်းရှိပါတယ်။
ကျမရဲ့ ကောက်ရိုးမီး စိတ်ဓာတ်နဲ့ပတ်သတ်ပြီး ဘာရယ်မဟုတ် ဒီနေ့ တွေးမိတာလေး ပေါ်လာလို့ ကျမ ဒီ စာလေးကို ရေးလိုက်တာပါ။
ကျမ ကောက်ရိုးမီး ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြန်ကြည့်လိုက်ရင် အဲ့ကိစ္စ တွေက ကျမ လုံးဝမလုပ်မဖြစ် လုပ်ရမယ့် ( မလုပ်ရင် ပြသာနာတက်နိုင်တဲ့ ) အရာတွေ မဟုတ်နေတာများတယ်။ ဒါတွေ လုပ်နိုင်ခဲ့ရင်တော့ ကျမအတွက် တိုးတက်မှုတစ်ခုခုတော့ ဖြစ်လာနိုင်ပေမယ့် မလုပ်ပဲ ရေလိုက်ငါးလိုက်နေလိုက်လည်း ရတာပဲ ဆိုတာမျိုးတွေပေါ့။
နောက်တစ်ချက်ကတော့ ကျမမှာ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး အကြောင်းပြချက် ၊ ခံယူချက် တိတိကျကျ ရေရေရာရာ မရှိတဲ့ ကိစ္စမျိုးတွေမှာဆိုရင်လည်း ကျမ လုပ်နေရင်း လမ်းတဝက်မှာ ဝေဝါးပြီး ရပ်တန့်လိုက်တာမျိုး ရှိတယ်။
ဒီလို အကြောင်းတရားတွေကြောင့် ကောက်ရိုးမီးဖြစ်ရခြင်း နောက်တစ်ချက်ကတော့ ကျမမှာ Self Discipline လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုထားတဲ့ စည်းကမ်း အားနည်းလို့ပဲဖြစ်ပါတယ်။
ကျမရဲ့ ကောက်ရိုးမီးအကျင့်ကိုသာ ကျမ ထိထိရောက်ရောက်ပြင်နိုင်ရင် ကျမ ဘဝမှာ ကြုံနေရတဲ့ ရှေ့မရောက်ခြင်းတွေ ၊ အဆင်မပြေမှုတွေကို ဖြေရှင်းနိုင်ပြီး ပိုပြီး အဆင်ပြေတဲ့ ဘဝတစ်ခုကို ကျမ သွားနိုင်မယ်ထင်တယ်။
ဒါကတော့ ကျမရဲ့ ကောက်ရိုးမီး ပြသာနာကို ကျမရဲ့ အမြင် နဲ့ သုံးသပ်ချက်ပေါ့။ ကျမလို မျိုး ကြုံနေရတဲ့ သူတွေရှိရင်လည်း ဒီစာလေးက တွေးစရာတစ်ခုခုကို ပေးမယ်ထင်ပါတယ်။
အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးပါရှင်။
မွန်
28-9-2024
Keep Reading