Author's Profile Photo

ဇွဲ

29/09/2024

အကျိုးမရှိသော ကူညီမှု

2 mins read
Personal Development
General Knowledge
Psychology
အကျိုးမရှိသော ကူညီမှု's photo

တပါးသူကို ကူညီရိုင်းပင်းချင်စိတ်ရှိခြင်းသည် ကောင်းသည်။သို့သော် အကူအညီပေးမှုတိုင်း အကျိုးမရှိနိုင်။ကိုယ့်အကူအညီကြောင့် တစ်ဖက်လူ လုပ်ကိုင်ရတာ အခက်တွေ့သွားနိုင်သလို၊အချောင်ခိုချင်စိတ်ပေါ်ပေါက်လာပြီး ကူညီပေးမည့်သူမရှိလျှင် ဘာမျှမလုပ်တတ်သော လူတစ်ယောက်ဖြစ်သွားနိုင်သည်။ကိုယ်က အချိန်တိုင်း၊နေရာတိုင်းတွင် ရှိနေပြီး ကူညီပေးနိုင်မည်မဟုတ်ပါ။ထို့ကြောင့် သူတစ်ယောက်တည်းလုပ်နိုင်သော အမှုကိစ္စတို့ကို ကိုယ်တိုင်လုပ်စေ၍ မနိုင်နင်းပဲ အခက်တွေ့နေပြီး အမှန်တကယ်အကူအညီလိုအပ်သော အခါမျိုးတွင်မှ ကူညီပေးသင့်ပါသည်။ကျွန်တော်တို့အနေနဲ့ တပါးသူကို အချိန်ပြည့် ကူညီမပေးနိုင်သလို ကျွန်တော်တို့ကိုလည်း မည်သူမျှ အချိန်ပြည့် ကူညီပေးနိုင်မည်မဟုတ်ပါ။လူတိုင်း ကိုယ့်အားကိုယ်ကိုးကြရမည်။လဲကျလျှင် ပြန်ထနိုင်ရမည်။ကူညီထူမ,ပေးမည့် လက်တစ်စုံကို ​စောင့်မျှော်နေ၍ မရ။ထူပေးမည့်လက်ရှိမှ ပြန်ထမည်ဆိုလျှင် နင်းပြားဘဝရောက်သွားပေမည်။'' မိမိကိုယ်သာ အားကိုးရာပါ ''၊ကိုယ့်အားကိုယ်ကိုး ကိုယ့်လမ်းကိုယ်လျှောက်ကြရပါမယ်။
အကျိုးမရှိသော ကူညီပေးမှုနှင့် ပတ်သက်ပြီး ယနေ့မနက်ပိုင်းက ကြုံတွေ့ခဲ့ရသော အတွေ့အကြုံလေးကို မျှ​​ဝေလိုပါတယ်။ ကျွန်တော် ဆေးခန်းတစ်ခုတွင် အလုပ်ဝင်နေသည်မှာ ခြောက်လရှိပြီဖြစ်ရာ ဆေးခန်း၏ နေ့စဥ်လုပ်ငန်းဆောင်တာများနှင့် ရင်းနှီးနေပြီဖြစ်သည်။သို့သော် ယနေ့မနက်ပိုင်းတွင် ပြုလုပ်ခဲ့သော HbA1c ( လွန်ခဲ့သော သုံးလအတွင်း ဆီးချိုရောဂါထိန်းချုပ်နိုင်မှုပမာဏ) ကျန်းမာရေးဝန်ဆောင်မှုပြုလုပ်ခဲ့ရာတွင် အတော်လေး ကမောင့်ကမ,ဖြစ်ခဲ့ရပါသည်။HbA1c စစ်ဆေးခြင်းလုပ်ငန်းစဥ်နှင့် စိမ်းနေ၍မဟုတ်၊မကျွမ်းကျင်လို့လည်းမဟုတ်ပဲ ဆေးကုမ္ပဏီဝန်ထမ်းနှစ်ယောက်၏ ဝိုင်းဝန်းကူညီမှုကြောင့်​ဖြစ်သည်။HbA1c စစ်ဆေးပေးခြင်းလုပ်ငန်းစဥ်မှာ အကြိမ်ပေါင်းများစွာလုပ်ဆောင်ခဲ့ရသော လုပ်ငန်းစဥ်ဖြစ်သောကြောင့် လုပ်ငန်းစဥ်အတွင်း အခက်အခဲမရှိ လုပ်ဆောင်နိုင်နေပြီဖြစ်သည်။သို့သော် ယနေ့မနက်ပိုင်း သွေးစစ်မှုပြုလုပ်ရာတွင် ဆေးကုမ္ပဏီမှ ဝန်ထမ်းနှစ်ယောက်က ဘေးမှကူညီလုပ်ဆောင်ပေးခဲ့သည်။ပုံမှန်အားဖြင့် လူနာအမည်နှင့်အသက်မေး၊စာရွက်မှာချမှတ်၊သွေးဖောက်ယူမည့် လက်ချောင်းထိပ်အား Alcohal Pad ဖြင့် သန့်ရှင်းရေးလုပ်၊သွေးဖောက်ယူကာ Strip အတွင်းထည့်ပြီး စက်အတွင်းထည့် စစ်ဆေးရန်သာဖြစ်သည်။ဒီနေ့မနက်တွင်တော့ လူနာအမည်နှင့်အသက်မေးရသည်ပင် အဆင်မပြေ။တစ်ယောက်တစ်ပေါက်ဝင်ပြောနေ၍ လူနာအမည်ကို ပြန်မေးရသည်မှာ အကြိမ်ကြိမ်ပင်ဖြစ်သည်။သွေးဖောက်ယူပြီး Strip အတွင်း သွေးထည့်ရာတွင်လည်း ဟိုပစ္စည်းကောက်ယူလိုက်၊ စက်အဖုံးဖွင့်ပေးလိုက်၊လူနာလက်ကို Alcohal Pad ကပ်ပေးလိုက်နှင့် လက်များရှုပ်ယှက်ခက်ကာ အတော်လေးအဆင်မပြေဖြစ်ခဲ့ရပါသည်။
ဤဆောင်းပါးတွင် အထက်ပါ အဖြစ်အပျက်ကို ထည့်သွင်းရေးသားရခြင်းမှာ အကူအညီပေးခဲ့သူနှစ်ယောက်ကို အပြစ်ပြောလို၍မဟုတ်။အကူအညီပေးမှုကြောင့် ကျေးဇူးပင်တင်ရပါသည်။
ဒါဆို ဆောင်းပါးရေးရခြင်းရည်ရွက်ချက်ကဘာလဲ။
နေ့စဥ်ဘဝတွင် ကျွန်တော်တို့လုပ်ဆောင်မိနေသော အပြုအမူများကို သတိပြုစေလိုသောကြောင့်ဖြစ်ပါသည်။

  • ကျွန်တော်တို့ရဲ့ မလိုအပ်သော အကူအညီပေးမှုကြောင့် လူဘယ်နယောက်အခက်တွေ့ခဲ့ရပြီလဲ။
  • ယခုရော ဘယ်သူတွေကို ကူညီပေးနေသလဲ။
  • ကျွန်တော်တို့ကူညီပေးနေသူများသည် အမှန်တကယ်အကူအညီလိုအပ်နေပါသလား။

လောကတွင် အလွယ်ဆုံးနှင့် မလုပ်ဖြစ်ဆုံး အလုပ်တစ်ခုမှာ မိမိကိုယ်ကိုယ်နှင့် မိမိလုပ်ရပ်များကို ပြန်လည်သုံးသပ်ခြင်းဖြစ်သည်။
ဤဆောင်းပါးကိုဖတ်ပြီး

  • ကိုယ်ပေးမိနေတဲ့ အကူအညီတွေက တစ်ဖက်လူအတွက် တကယ်လိုအပ်နေသလား။
  • ကိုယ်ရော ဘယ်သူတွေဆီက ကူညီမှုတွေရယူနေမိလဲ။ကိုယ်ရယူနေမိသော အကူအညီများက ကိုယ့်အတွက် တကယ်လိုအပ်ပါလား။
  • ထိုသူတို့အကူအညီကို မရယူပဲ ကိုယ်တိုင်မစွမ်းဆောင်နိုင်ဘူးလား

စသည်ဖြင့် ပြန်လည်သုံးသပ်ဆင်ခြင်သင့်ပေသည်။
ဘဝဆိုတာ မီတာတစ်ရာ၊မီတာငါးရာ ပြေးရသော ပြေးပွဲမဟုတ်ပါ။ရေရှည်ပြေးရမည့် မာရသွန်ပြေးပွဲမျိုးဖြစ်ပါတယ်။ဘဝပြေးလမ်းမှာ ကိုယ့်ကိုဆွဲခေါ်သွားမည့်သူမရှိသလို တပါးသူကိုလည်း ဆွဲခေါ်သွားလို့မရပါဘူး။တချို့သူများသည် ကူညီပံ့ပိုးလိုစိတ်ကို ထမ်းပိုးထားရသဖြင့် ရှေ့မဆက်နိုင်ပဲဖြစ်နေတတ်သည်။ကိုယ်ဝန် ကိုယ်ထမ်းပြီး ကိုယ့်လမ်း ကိုယ်လျှောက်ပါ။
ဒီလိုပြောလို့ တစ်ကိုယ်ကောင်းဆန်ရန် အားပေးခြင်းမဟုတ်ပါ။ပြေးလမ်းတစ်လျှောက် တပါးသူကို ဆွဲခေါ်မသွားနိုင်သော်လည်း လဲကျနေသူတွေ့ရင် ဆွဲထူပေးပြီး၊မောဟိုက်နေသူတွေ့လို့ ကိုယ့်ဆီမှာ ရေဘူးပါနေရင် ရေတိုက်လို့ရသည်။လိုအပ်နေသူကို အကူအညီပေးခြင်းသည် အလဟဿမဖြစ်။ကူညီသူရော အကူညီခံရသူပါ အကျိုးဖြစ်ထွန်းပါသည်။ထို့ကြောင့် တပါးသူဆီက ယူနေမိသော အကူအညီများနှင့် ကိုယ့်ဘက်ကပေးနေမိသော အကူအညီများသည် လိုအပ်၍ပေးသောအကူအညီလား၊အကျိုးမရှိသော အကူအညီတွေလားဆိုတာ ပြန်လည်သုံးသပ်စေလိုသော ဆန္ဒဖြင့် ဤဆောင်းပါးကို ရေးသားဖော်ပြလိုက်ရပါသည်။

စာရေးသူ - ဇွဲ
ဆောင်းပါးနံပါတ် (၄)
29/9/2024 (Sun)

ကျန်းမာရွှင်လန်းကြပါစေ။
စာဖတ်ပရိသတ်များအား ကျေးဇူးအထူးတင်ရှိလျှက်

Keep Reading

ငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)အဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၃)စာစောင်လေးဆယ့်နှစ် - မုဒိတာပွားခြင်းနားစရာရှိတာ နားပါ