SarPhat Author
Body Shaming လုပ်တယ်ဆိုတဲ့ အသုံးအနှုန်းဟာ ကိုယ့်ပတ်ဝန်းကျင်မှာ အကြောင်းအရာအမျိုးမျိုးနဲ့ကို ဖြစ်ပေါ်နေတဲ့အရာပဲဖြစ်ပါတယ်။ ဒီပို့စ်ကိုမရေးခင်မှာ ကျွန်မ စာဖတ်သူတွေကို ပို့စ်လေးတစ်ခုနဲ့ Comment လေးတွေပေးရင်း ဆွေးနွေးဖို့တောင်းဆိုခဲ့ပါတယ်။ သူတို့ခံစားရတာလေးတွေ ဝေမျှပေးခဲ့လို့ သိလိုက်ရပါတယ်။ သေချာပါတယ် Body Shaming ဆိုတာ လူ (၁၀၀)ရှိရင် အဲ့လူ(၁၀၀)လုံးကမကြိုက်တဲ့အရာပါ။ အဲဒီလူ (၁၀၀)မှာ တချို့သောအရေအတွက်က ကြားရပါများလို့ ထူပြီးရိုးသွားပြီး ဘာမှမပြောတော့ပေမယ့် တချို့ကတော့ Sensitiveပါ။ ကျွန်မကိုယ်တိုင်လဲ Sensitive ဖြစ်တဲ့သူထဲမှာပါခဲ့ပါတယ်။ ကိုယ့်ကို Body Shaming လုပ်တဲ့သူကို စိတ်ထဲတအားကိုအထင်သေးရွံရှာမုန်းတီးမိပါတယ်။ ဒါပေမယ့် Body Shaming လုပ်တဲ့သူတိုင်းကိုမဟုတ်ပါဘူး။ ကိုယ့်ကိုတကယ်ထိခိုက်စေလို နှိမ်ချစေလို တစ်နည်းအားဖြင့် အရှက်ကွဲစေလို သူပြောလိုက်လို့သူများတွေကပါ ဝိုင်းလှောင်ကြစေလိုတဲ့စိတ်ရှိတဲ့သူတွေကို အဲလိုစိတ်ဖြစ်ပါတယ်။ အဲလိုလူတွေက ကိုယ်နဲ့လက်ပွန်းတတီးပေါင်းသင်းပြီး ခင်မင်နေတဲ့သူ၊ ကိုယ့်အကြောင်း၊ ကိုယ့်ဘဝ၊ ကိုယ်ကျန်းမာရေး၊ ကိုယ့်မိသားစုအခြေအနေတွေ ကို မသိဘဲ အပေါ်ယံလောက်သာ သိခဲ့တဲ့သူတွေဖြစ်ပါတယ်။ ဒီနိုင်ငံမှာအတော်များများပြုလုပ်တတ်တဲ့အရာက မိမိတို့ရဲ့စိတ်ထဲကသေချာမတွေးမိဘဲ သူများကိုဖတ်ခနဲပြောလိုက်မိတာအရင်ပါ။ ကိုယ့်ကိုချစ်ခင်ရင်းနှီး ကိုယ်နဲ့အချိန်အတော်အကြာပေါင်းသင်းတဲ့ မိတ်ဆွေသူငယ်ချင်း၊ ကိုယ့်ဘဝအကြောင်း၊ ကိုယ့်ကျန်းမာရေးအကြောင်းကိုသိတဲ့ မိသားစုဝင်နဲ့ ဆွေမျိုးမောင်နှမတွေလဲ Body Shaming မလုပ်ဘူးမဟုတ်ဘူး လုပ်ပါတယ်။ သူတို့တွေကတော့ နစ်နာစေလိုစိတ်မရှိဘဲ သာမန်စနောက်တဲ့စိတ်ရင်းအခံနဲ့ပါပဲ။ နားလည်ပေးလို့ရပေမယ့် တခြားသူတွေပြောတာလောက်တော့ စိတ်ထဲ Feeling မဖြစ်ပေမယ့် အောင့်သီးအောင့်သက်တော့ဖြစ်ရတာပါပဲ။
ကျွန်မတို့လူတိုင်းမှာ သူ့အလှနဲ့သူရှိပါတယ်။
ကမ္ဘာကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေ၊ မော်ဒယ်တွေလို လူတိုင်းလှချင်မှလှနိုင်မယ်။ အဲလိုလှဖို့အတွက် လေ့ကျင့်ဖို့အချိန်တွေ မပေးနိုင်တဲ့သူတွေအများကြီးပါ။ ကျွန်မတို့နိုင်ငံက လူအများစုသည် မိသားစုစားဝတ်နေရေးအတွက် တနေ့တာရဲ့ အချိန်အများစုကိုပေးပြီး အလုပ်လုပ်ရပါတယ်။ တချို့ကျတော့လဲ ကိုယ့်ရဲ့ Personal အခြေအနေ၊ ကျန်းမာရေးအခြေအနေတွေကြောင့် ကိုယ့်ကိုကိုယ့်လှပအောင် ပုံစံမသွင်းနိုင်တာရှိပါတယ်။ အဓိကက လူလှတာထက် စိတ်လှဖို့ကပိုလိုအပ်ပါတယ်။ တဖက်လူကိုငါပြောလိုက်ရတယ်ဟဲ့ဆိုပြီး ရလိုက်တဲ့ အပျော်၊ စိတ်ကျေနပ်မှုနဲ့ အပြောခံလိုက်ရတဲ့သူ ရလိုက်တဲ့ မပျော်ရွှင်မှုစိတ်ခံစားမှုကို နှိုင်းယှဥ်ကြည့်လိုက်ပါ။ ဘယ်ဟာပိုမလဲဆိုတာ။ တချို့ကအရမ်းကိုထိထိခိုက်ခိုက်စိတ်ခံစားမှုတွေ ရသွားနိုင်ပါတယ်။ တကယ်တော့ လူတစ်ယောက်လူ့ခန္ဓာကိုယ်အချိုးအစား၊ ပုံပန်းသဏ္ဍန် (ပိန်ခြင်း၊ ဝခြင်း၊ မဲခြင်း၊ ဖြူခြင်း) နဲ့ပတ်သက်တဲ့ အကျိုးရလဒ်ကို ကာယကံရှင်ပဲတာဝန်ယူခံစားလက်ခံနေပါစေ။ ဘာလို့ဘေးတီးပေးကြတာလဲ? သူများကိုပြောတဲ့ ကိုယ့်ကိုကိုယ်ရော သေချာပြန်ကြည့်ပါ။ အစစအရာရာ Perfect ဖြစ်နေရဲ့လား၊ ကိုယ်ကသူများကိုပြောမိလိုက်ရင် ကိုယ်ချင်းစာစိတ်လေးဝင်ကြည့်ပါ။ ကိုယ့်ကိုသူများလာပြောရင် အဆင်ပြေလား၊ စိတ်ထဲဘာမှမဖြစ်ဘဲ ပျော်ပျော်ရွှင်ရွှင် လက်ခံနိုင်လား၊ ဒါမှမဟုတ် ကိုယ်ကသူများသားသမီးကို ပြောတယ်ဆိုရင်လဲ ကိုယ့်ရဲ့အဖိုးတန်သားသမီးလေးကို သူများကလာပြောရင် ကိုယ်ကျေကျေနပ်နပ်လက်ခံနိုင်မလား ဆိုတဲ့စိတ်လေးတွေနဲ့တွေးတောကြည့်ပါ။
တခါတရံလူတွေကအစားအသောက်စားတာကအစ လိုက်ပြီးပြောတာရှိပါတယ်။ လူတိုင်းက ကိုယ့်အကြိုက်နဲ့ကိုယ်ပါ။ ကိုယ်ကြိုက်ပေမယ့် သူကြိုက်ချင်မှကြိုက်မယ်။ ဥပမာ ကျွန်မနဲ့ ကျွန်မညီမအရင်းဆိုရင် ကျွန်မကဒူးရင်းသီးကို အနံ့ကိုမခံနိုင်ပါဘူး။ အနံ့ရတာနဲ့ကိုခေါင်းကထိုးကိုက်ပါတယ်။ ကျွန်မညီမကတော့ တစ်ထိုင်တည်း တစ်လုံးစားဆိုလဲစားနိုင်လောက်အောင် အရမ်းကြိုက်ပါတယ်။ အဲလိုမျိုး တစ်ယောက်နဲ့တယောက်သည် ကြိုက်တာတူချင်မှတူပါလိမ့်မယ်။ ပိန်နေတဲ့သူတစ်ယောက် သူ့ဘာသာသူအချဥ်ပေါင်းလေးကြိုက်လို့ဝယ်စားမယ်။ ဟယ် နင်မပိန်ဘဲနေမလား အဲဒါမျိုးတွေစားနေတာကို၊ မျက်နှာမှာ ဝက်ခြံပေါက်တဲ့သူ အစပ်စားရင် အေးအေး နင်အစပ်များများစား နင့်မျက်နှာကဝက်ခြံဒီတစ်သက်ပျောက်မှာမဟုတ်ဘူး ရုပ်တောင်မပေါ်ဘူး အနာဗလပွနဲ့ စသဖြင့်စကားလုံးဆိုးဆိုးဝါးဝါးတွေသုံးတတ်ကြပါတယ်။ အဲလိုပြောမယ့်အစား အကြံပေးတဲ့စကားပြောလေးနဲ့ဆို ပိုနားဝင်ချိုပြီးတစ်ဖက်လူအတွက် အဆင်ပိုမပြေနိုင်ဘူးလားစဥ်းစားကြည့်ပါ။ တကယ်က နင်အချဥ်ပေါင်းကြိုက်လို့ဝယ်စားတာလဲစား တခြားအာဟာရဖြစ်မယ့်အစားမျိုးလဲ ရွေးစားနော်။ နင့်မျက်နှာမှာဝက်ခြံတွေရှိနေတာ၊ အစပ်လျှော့စားနော်၊ အစာအိမ်လဲထိနိုင်တယ်၊ မျက်နှာသက်သာဖို့အတွက်လိုအပ်တာလဲလေ့လာနော်ဆိုပြီး ဒီလိုအကြံပေးစကားလေးနဲ့ပြောရင် တဖက်လူအတွက် နားဝင်လွယ်စေတာပေါ့။ မနေ့က Comment တခုမှာတွေ့လိုက်ရတယ်။ စည်ပိုင်းလိမ့်လာတယ်၊ ခြေသလုံးနဲ့လမ်းပေါက်ပိတ်နေတယ်၊ မြေကြီးတောင်တုန်တယ်၊ ဓာတ်လှေကားထဲကိုယ်ဝင်လိုက်မှ ကားပေါ်ကိုယ်တက်လိုက်မှ အိခနဲဖြစ်သွားတယ် ကျွံကျရင်ဒုက္ခပဲတို့ စတဲ့စကားတွေကိုပြောထွက်တဲ့သူတွေရဲ့ စိတ်ဓာတ်အဆင့်အတန်းကတော့ အံ့သြဖွယ်ပါပဲ။ ကျွန်မကိုယ်တိုင်က Soft Skills Trainerရော HRရော ဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် စိတ်ဓာတ်ကို Positive Attitude ဖြစ်အောင် အတတ်နိုင်ဆုံးထားပါတယ်။Communication ကောင်းအောင် အတတ်နိုင်ဆုံးနေပါတယ်။ ဒါပေမယ့် တခြားကိစ္စတွေထက် အဲဒီ Body Shaming ကို ကိုယ်ကိုတိုင်အပြောခံရရုံမကဘဲ တခြားသူကိုယ့်ရှေ့ပြောခံရရင်လဲ ကိုယ့်ကိုပြောခံရသလိုစိတ်ထဲနာပါတယ်။ ကျွန်မကတော့ ကျွန်မကိုပြောရင်မကြိုက်ကြောင်းသိအောင် ပြန်တုံ့ပြန်ပါတယ်။ တစ်ခါတလေ ကိုယ်ကအပြောခံရလို့ ပြန်တုံ့ပြန်မိတာကို အတုံ့ပြန်ခံရတဲ့သူက မကျေမနပ်ပြန်ဖြစ်ပါသေးတယ်။ အဲဒါမျိုးသူတို့ပြန်ပြောခံရတာကျသူတို့မကြိုက်ဲကြတော့ပါဘူး။ သိပ်ရီရတဲ့သူတွေပါ။
Body Shaming လုပ်ခံရတဲ့သူတွေဟာ လူတွေဖြစ်တဲ့အတွက် စိတ်ခံစားမှုတွေရှိပါတယ်။ ကိုယ့်ကိုအပြောခံလိုက်ရလို့ အကြောတင်းတင်းနေနိုင်တဲ့သူရှိသလို၊ တချို့ကျတော့ စိတ်ဓာတ်ကျပြီး လူတောမတိုးဝံ့တဲ့အထိဖြစ်တတ်တဲ့သူတွေရှိပါတယ်။ လူတွေနဲ့မတွေ့ရဲ မဆက်ဆံမပေါင်းသင်းရဲ မပြောဆိုရဲနဲ့ လူဝင်မဆန့်တဲ့အခြေအနေဖြစ်သွားနိုင်ပါတယ်။
ကျွန်မအနေနဲ့ အကြံပေးချင်တာက
ပထမတစ်ချက် ကိုယ့်ကိုကိုယ်ချစ်ပါ။ သူများပြောတဲ့စကားမှာ မကျဆုံးပါနဲ့။ ကိုယ်ကျန်းမာအောင်နေပါ။ ပျော်အောင်နေပါ။ ကိုယ့်ကိုချစ်တဲ့သူတွေကိုပဲ ကိုယ်ချစ်ပါ။ ကိုယ့်ကိုမတန်တဆပြောဆိုသူတွေကို လျစ်လျူရှုပါ။ ကိုယ့်တန်ဖိုးတက်အောင်ကြိုးစားနေထိုင်ပါ။ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ရဖို့ Plan တွေဆွဲပြီ ကြိုးစားလုပ်ဆောင်ပါ။ ကိုယ့်ကို Body Shaming လာလုပ်တဲ့သူကို နောက်ကိုယ့်ကိုထပ်မပြောရဲအောင် ပညာသားပါပါ တုံ့ပြန်ပါ။ အဲလိုတုံ့ပြန်မှ တဖက်ကသူကလည်း ငါသူ့ကိုပြောမိလို့ ငါပြန်အပြောခံရတယ်ဆိုပြီး ဆင်ခြင်မိပါလိမ့်မယ်။ တကယ်တမ်းကတော့ လူတစ်ယောက် ဝတယ်၊ ပိန်တယ်၊ ဖြူတယ်၊ မဲတယ်ဆိုတာ ကာယကံရှင်ရဲ့ကိစ္စဖြစ်ပြီး တခြားသူရဲ့ကိစ္စမဟုတ်ပါဘူး။ အဲဒါကြောင့် ဒီလိုမျိုးတွေကြုံလာရင် စိတ်အားမငယ်ပါနဲ့၊ စိတ်ဓာတ်မကျပါနဲ့၊ ဝမ်းမနည်းပါနဲ့၊ သူများပြောစရာအနေအထားမဖြစ်အောင်လဲ တဖြေးဖြေးချင်းလေ့လာပြင်ဆင်ပါ။ တန်ဖိုးရှိတဲ့အလှတွေပိုင်ဆိုင်ပြီး မကောင်းသောသူ၊ မကောင်းသောအပြောအဆိုခံရခြင်းမှ ကင်းဝေးဖို့ဆုတောင်းပေးလိုက်ပါတယ်။ သူများကို Body Shaming လုပ်ခဲ့ဖူးတဲ့သူတစ်ဦး ဒီစာလေးဖတ်မိရင်လဲ ဆင်ခြင်မိပြီး ပြောင်းလဲနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
#TheNoteBySD
Keep Reading