Author's Profile Photo

ဟေသာ

27/09/2024

စစ်ရှောင်

3 mins read
General Knowledge
18 Again
စစ်ရှောင်'s photo


စစ်ရှောင်တဲ့ ‌ယနေ့ခေတ်မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာနဲ့ အကိုက်ညီဆုံး ခေါင်းစဉ်လေး တခုပါပဲ။ မှတ်မှတ်ရရ ကျွန်မတို့ သူငယ်ချင်း တသိုက် ငပလီမှာ ပြုလုပ်မဲ့ ဆောင်းဦးပွဲတော်ကို သွားဖို့ အစီစဉ်ဆွဲနေခဲ့ကြတာ။ ငပလီမှာ နှစ်တိုင်း ဆောင်းဝင်ရင် ဆောင်းဦးပွဲတော်ပြုလုပ် ကျင်းပလေ့ရှိတယ်။နှစ်တိုင်းလုပ်ပေမဲ့ တနှစ်မှ ကျွန်မ မရောက်ဖြစ်ပါဘူး။
ကျွန်မက သံတွဲကလေ။အိမ်ကစိတ်မချတာနဲ့ အဖော်မရှိတာနဲ့ ကျွန်မ မရောက်ဖြစ်ပါဘူး။အဲ့ဒါနဲ့ 2023 ခုနှစ် 11 လပိုင်းတုန်းကပေါ့ ဒီနှစ်တော့ ရောက်အောင်သွားမယ်ဆိုပီး စိတ်ထဲမှာ တေးထားခဲ့တာ။ အဲ့နှစ်ကျမှ ပွဲကပျက်သွားတယ် ။ကျွန်မလေ စိတ်တိုလိုက်တာ ငါသွားမဲ့နှစ်ကျမှလို့ပေါ့။ဘာဖြစ်လို့ပျက်တုန်းဆိုတော့ အခြေနေမကောင်းလို့တဲ့ လမ်းတေပိတ်တယ်ပေါ့ ဟိုဖက်မှာလဲ အနည်းအကျဉ်း တိုက်ပွဲ ဖြစ်နေတယ်ပေါ့ အဲ့လိုသတင်းတေက အဲ့ချိန်ထဲက စပီးကြားရတာ။

အဲ့လိုနဲ့ ကျွန်မတို့လည်း ရင်တမမနဲ့ ကျောင်းပြန်တက်ခဲ့ရတယ်။ဝမ်းနည်းစရာကောင်းတာက ကျောင်းမှာ အရင်လို လူမစုံတော့ဘူး။ မြောက်ပိုင်းက သူငယ်ချင်းတချို့ ကျောင်းမတက်နိုင်ကြတော့ဘူး။လာတက်ကြတဲ့ မြောက်ပိုင်းသူတွေလည်း တငိုငိုတရီရီနဲ့ အိမ်နဲ့ အဆက်သွယ်မရကြလို့ငို။ပိုက်ဆံပြတ်လို့ငို။တချို့လည်းလာဖို့ လမ်းစရိတ်မရှိကြလို့ ကျောင်းမတက်နိုင်ကြ။လမ်းစရိတ်ကလည်း နိုင်ငံရေးမကောင်းတော့ဇွတ်တက်ပေါ့။ကားလမ်းကသွားရင်မလုံခြုံလို့ လေယာဉ်သွားမှတို့ သင်္ဘောနဲ့မှတို့ အိုအမျိုးကိုစုံနေတာပါပဲ။အဲ့ဒီတုန်းက ရောက်လာတဲ့ သူငယ်ချင်းပြောတာ စစ်တွေနဲ့ သံတွဲကို သူလာတာတောင် ဆယ်သိန်းကျော်ကုန်တယ်တဲ့။ဘုရားရေ သာမန်ခြစ်ကုပ်ပီးကျောင်းထားရတဲ့ မိသားစုတွေ ဘလိုတက်နိုင်မတုန်း။အဲ့လိုနဲ့ ရောက်လာတဲ့ကျောင်းသားတွေလည်း ပိုက်ဆံ ပြတ်သွားရင် ကျောင်းကပဲ ဝိုင်းဝန်းကူညီပေးပီးဖေးမခဲ့ရတယ်။အဲ့အချိန်ထိ စစ်ရဲ့ အရသာကို သိပ်မသိသေး။ဒီလိုနဲ့ လေးလတဖြတ်ကို လိန်ဖယ်လိန်ဖယ်နဲ့ သွားလာခဲ့တာ စာမေးပွဲဖြေမဲ့ရက်ကိုရောက်တော့မယ်။

မဖြေခင်တရက်အလိုမှာ ဗုံးသံကို စတင်ကြားရတယ်။စာမေးပွဲကလည်းဖြေရမလိုလို မဖြေရလိုလို နဲ့ ဟိုအသံကြားဒီအသံကြား ကျီးလန့်စာစားနဲ့ စာမေးပွဲပီးသွားပြန်ရော။တချို့လည်းကျောင်းဆက်မတက်တော့ဘူးပြောတယ်။တချို့လည်းကျောင်းပြောင်းမယ်၊တချို့မပြောင်းဘူး အမျိုးမျိုးပေါ့။

စာမေးပွဲပီးလို့ ကျောင်းကတော့ပိတ်ထားတယ်လေ။ပေါင်၅၀၀ ဗုံးသံတွေကတော့ နေ့တိုင်းပေါ့ မကြားရတဲ့ ရက်ကိုမရှိဘူး။ကိုယ်နေတဲ့နေရာကိုချတာမဟုတ်ပေမဲ့ ပေါင်500အားက နည်းတာရောမဟုတ် အသံတေက ရွာဖက်တေချလည်း ကြားနေရတယ်လေ။လူတွေဆိုတာ ကျီးလန့်စာစား ဘယ်နေ့ ကိုယ့်ခေါင်းပေါ် လာကျမလဲ ဘယ်ချိန် သေမလဲနဲ့ ကြောက်နေရတာ။

ကိုယ်နေတဲ့မြို့နဲ့ တအားနီးတဲ့ ရွာထိ ဖြစ်လာပီ ဆိုတော့မှ ကျွန်မတော်တော် ကြောက်တာ။
ဘဝရှေ့ရေး ကျောင်းကဒီမှာဖွင့်ဖို့မသေချာတော့ တချို့သူငယ်ချင်းတေက ပြောင်းကုန်ကြပီ ကျွန်မတို့သာဖွင့်နိုး ဖွင့်နိုးနဲ့ စောင့်ပီး နောက်ကျကျန်ခဲ့တာ အိမ်ကလည်း ဒီအခြေနေမှာ အဝေးမလွှတ်ချင်တာလည်းပါမှာပေါ့။အဲ့ဒီမှာစိတ်ညစ်ရပြန်ပီ ကျောင်းကဆက်တက်သင့်လား မတက်သင့်လား။တက်လည်းတက်ချင်တယ်။မိဘလည်းပြန်ကြည့်နေရတယ်။ သူငယ်ချင်းတွေကလည်း သွားတက်ကြတော့မယ် စိတ်ညစ်စရာအကောင်းဆုံး အချိန်တွေပေါ့။ဆုံးဖြတ်ရအခက်ဆုံး ငါသွားရင် အမေကိုဘယ်လိုလုပ်မလဲ၊အဖေကရောဘလိုကျန်ခဲ့မလဲ ဒီနေရာကြီး စစ်ဖြစ်ပီးလို့ သိမ်းပီးသွားရင်ရော စားဝတ်နေရေး အဆင်ပြေမလား ၊အမေက ကျန်းမာရေးမကောင်းဘူး ဆေးဝါးရောရမလား၊အဆက်သွယ်ရောရမလား အိုရူပ်ထွေးလိုက်တာ စဉ်းစားရတာ၊အဲ့ဒီမတိုင်ခင်ကပဲ တချို့က စစ်ရှောင်သွားကြပီ ၊အမေကိုခေါ်တယ် အမေကမသွားဘူး အိမ်ပစ်ပီး ပစ္စည်းဥစ္စာပစ်ပီး အဲ့လိုပြောတယ်။ကိုယ်လည်းစိတ်မချလက်မချနဲ့ ကျောင်းသွားတက်ရတယ်တခြားကို အခက်ခဲတေကလည်း ပြောမနေနဲ့ ခရီးသွားမဲ့အရေး ဟိုစာရွက်ယူရ ဒီစာရွက်ယူရနဲ့ ။တကယ်သွားမဲ့နေ့လည်းရောက်ရော ကားထွက်တာနဲ့ 6လပိုင်းဆိုတော့ မိုးကလည်းတဖြိုင်ဖြိုင် ရခိုင်ပြည်က အထွက်လည်းရောက်ရော ကမ္ဘာဟာ နှစ်ခြမ်းကွဲသွားသလိုပဲ ရခိုင်ဖက်အခြမ်းက မိုးမှောင်ကျပီး မှိုင်းညို့နေတယ်။ မသိရင် ကိုယ့်ထွက်သွားလို့ နှုတ်ဆက်နေတဲ့အတိုင်း။
ဒီဖက်ကကျတော့နေတေသာလို့ အဲ့အချိန်မှာလေ ခံစားချက်ကြီးက ဘလိုမှန်းကိုမသိပါဘူး။ ဝမ်းနည်းသလိုလို၊အမေတို့ကိုထားပီး တယောက်ထဲ ရှောင်ထွက်လာသလို ဖြစ်နေလို့ အပြစ်ရှိနေသလိုလို။

နောက်မှ သိလိုက်ရတာက ကိုယ်စထွက်လာတဲ့နေ့ကစပီး သံတွဲမှာလည်း ပိုဆိုးလာတယ်တဲ့။သေနတ်သံတေရော ဗုံးသံတေရောပေါ့၊ကိုယ်ကတော့ အမေကိုရအောင်ခေါ်ရတာပေါ့ အမေကလည်း လာပါတယ်။သူ့သမီးလေး တယောက်ထဲဖြစ်နေမှာစိုးလို့ ဖုန်းလိုင်းတေလည်းပြတ်တောင်းပြတ်တောင်းဖြစ်နေပီလေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုငဲ့ပီးထွက်လာခဲ့တဲ့ အမေ့ကိုလည်း ကျေးဇူးတင်ပါတယ်။ထွက်သာလာရတာ ကျောင်းတက်နေတော့ ကိုယ်ကတနေရာ အမေကတနေရာ စားသောက်ပုံချင်းကမတူ။ဆိုင်ကစားရတော့ပိုဆိုး။စာသင်ပုံချင်းကမတူ၊ကျောင်းနောက်ကျတော့ စာတေကနောက်ကျ လိုက်လို့မမှီ စိတ်ဓာတ်တေကျ သံတွဲသတင်းတေကြား စိတ်တေညစ် ကျောင်းမှာ အရေးတယူမရှိလို့စိတ်ညစ်၊ အဲ့လိုနဲ့ ကျွန်မတို့ စစ်ရှောင်ကျောင်းသား နှစ်ဆယ့်တစ်ယောက်ဟာ အချင်းချင်း ဖေးဖေးမမနဲ့ အခက်ခဲတွေကို ဖြတ်သန်းရင်း စာမေးပွဲကြီးပီးသွားခဲ့တယ်။

စာမေးပွဲသာပီးသွားတယ် စာတေလည်း‌ခေါင်းထဲမရောက်ပါဘူး ပျော်လည်းမပျော်ဘူး ရင်ထဲမှာဘာမှကို ရှိမနေတော့တာ။တကယ်က ဒီနှစ်က အရေးကြီးဆုံးလေ be ကို ပေါင်းကူးနဲ့ပါအောင် မီးကုန်ရေခမ်း ကြိုးစားရမဲ့နှစ်။ဘာတေဖြစ်ကုန်တာလဲမသိတော့ဘူး ။စာတေလိုက်မမှီလို့ဘဲလား၊အနာဂတ်ပျောက်သွားသလို ခံစားရလို့ဘဲလား၊be ပါရင်ရောဆက်တက်နိုင်လို့လား ဆိုတဲ့ အတွေးကြောင့်လား ၊သေချာတော့ အနာဂတ်ပျောက်နေသလိုပဲ။

စာမေးပွဲပီးတော့ အမေ ရှိတဲ့နေရာဆီသွားတော့ သိလိုက်ရတာက အိမ်မှာဘာမှမကှိတော့ဘူး အကုန်ခိုးခံလိုက်ရပီတဲ့ ။ရောင်းဖို့ထားတဲ့ ကုန်တေ၊အိမ်အသုံးဆောင်ပစ္စည်းတေ၊မိုးစာလှောင်ထားတဲ့ ဆန်၊ဆီ၊ငပိ အကုန်ခိုးခံလိုက်ရပီတဲ့။အော် ဘဝဆိုတာ မျက်စိတမှိတ်အတွင်းပဲ ဘာမှ မရှိတော့သလိုခံစားလိုက်ရတယ်။ လုပ်လည်းလုပ်ရက်ကြတယ်နော် သူများဝမ်းစာကို အစားအသောက် အဝတ်အစား ယူတာ နားလည်ပေးလို့ရတယ်။အိမ်အသုံးအဆောင်နဲ့ ကုန်တေကဘာလို့ခိုးတာတုန်း။

ဘယ်ဖက်မှ အပြစ်မပြောချင်ပေမဲ့ နှစ်ဖက်လုံးကို စိတ်နာတယ်။ ဒီအတောအတွင်းမှာ စစ်ဒဏ်ကိုလှိမ့်နေအောင် ခံရတဲ့ မိသားစုတွေ ရဲ့ မျက်ရည်နဲ့ ငိုကြွေးသံတွေကို ကမ္ဘာမြေကကြားသိလေ့မယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း