စာကြမ်းပိုး
တစ်စက်မှ ကဗျာမဆန်တဲ့ လူတစ်ယောက်ပေါ့။ ဖွင့်ပြောတုန်းက ချစ်တယ် ဆိုတဲ့ စကားအစား "အစ်ကိုတို့ အခုလို တယောက်နဲ့တယောက်ဖေးမရင်း တစ်သက်လုံးအတူနေသွားချင်တယ်။ခွင့်ပြုနိုင်မလား" တဲ့ ။ ချစ်သူဖြစ်တော့ "လွမ်းနေတာ" တို့ ၊ "အရမ်းချစ်တယ်" တို့ ဆိုတဲ့စကားလုံးတွေအစား "အဆင်ပြေလား" ဆိုတာကို အများဆုံးသုံးခဲ့တဲ့လူပေါ့။ အသက်အရွယ်ကွာခြားချက်ကြောင့်လားတော့မသိပေမယ့် တစ်ခါတစ်လေ အရမ်းကို အူကြောင်ကြောင်နိုင်တဲ့ တောကျတဲ့ ပုံစံမျိုးလို့ ကိုယ်ထင်တဲ့အရာတွေကို လုပ်တတ်တဲ့ လူတစ်ယောက်၊ အရှိကို အရှိအတိုင်းပြောတတ်ပြီး ပေါင်းသင်းဆက်ဆံရေး သိပ်မကောင်းဘူးလို့ ထင်ရတဲ့ လူတစ်ယောက်ပေါ့။
မှတ်မှတ်ရရ။ အဲ့ဒီနေ့ကကျွန်မရဲ့ ၂၂ နှစ်မြောက်မွေးနေ့။ သူတို့သူငယ်ချင်းတွေနဲ့ သွားတွေ့စရာရှိတဲ့နေ့မှာ သူငယ်ချင်းတစ်ယောက်ကို သူပြောထားတဲ့ စာကို ကျွန်မအမှတ်မထင်တွေ့သွားမိတယ်။ "ငါ့ကောင်မလေးမွေးနေ့ ၊ သူလည်း ငါနဲ့အတူတူရှိချင်မှာပဲ၊ ငါမလိုက်နိုင်တော့ဘူး" ဆိုတာတွေအပါအ၀င် ကျွန်မနဲ့ ပတ်သက်တာတွေ။ အနည်းဆုံးတော့ သူငယ်ချင်းတွေ ရှေ့မှာ "ငါ့ရည်းစားက ဘယ်လိုဘာညာ" နဲ့အသားယူတတ်တဲ့သူ မဟုတ်ဘူးပဲ လို့စဉ်းစားမိခဲ့တယ်။
စိတ်ကူးယဉ်ဆန်ပြီး ကဗျာတွေကို ချစ်တတ် ပေမယ့် အိမ်ထောင်ပြုဖို့ကို လုံး၀စိတ်ကူးထဲမရှိခဲ့လို့ ရည်းစားတောင်တစ်ယောက်မှမထားခဲ့ဖူးတဲ့ ကျွန်မဟာ အဲ့ဒီလို ပတ်၀န်းကျင်ကို အေးစက်စက်ဆက်ဆံတတ် တဲ့ ၊ မိဘ အသိုင်းအဝိုင်းတွေက "သူနဲ့သာဆို သမီးစိတ်ကျဉ်းကြပ်ရလိမ့်မယ်" လို့ မှတ်ချက်ပေးခဲ့တဲ့ လူတစ်ယောက်ကို ပထမဆုံးအကြိမ် ချစ်သူအဖြစ် လက်ခံခဲ့ပြီး ငါးနှစ်အကြာမှာ အဲ့ဒီလူကိုပဲ စိတ်ချလက်ချ လက်ထပ်ခဲ့တယ်။ ဘာလို့လဲလို့ မေးရင် သူသိုဝှက်ထားတဲ့ သူ့ရဲ့ဖြူစင်သန့်ရှင်းတဲ့ စိတ်ကို မြင်မိခဲ့လို့ ၊ သူ့ကိုယ့်အပေါ်ထားခဲ့တဲ့ သူ့ရဲ့ မေတ္တာကို ခံစားမိခဲ့လို့ ၊ သူ့အရည်အချင်း ၊သူ့စိတ်ထားဟာ အိမ်ထောင်တစ်ခုကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်နိုင်မယ်လို့ ယုံကြည်လို့..ပါပဲ။
အချစ်လား။ အိမ်ထောင်တစ်ခုအတွက် အချစ်ဆိုတာ သန့်စင်မွန်မြတ်တဲ့ ဖေးမကူညီမှုလောက် ၊ မျှဝေခံစားတတ်တဲ့ စိတ်စေတနာလောက် ၊ နားလည်ပေးရမယ့် အခြေအနေတွေကိုနားလည်ပေးရမယ့် သဘောထားကြီးမှုလောက် အရေးကြီးတယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး။ပြီးတော့ ကိုယ်စိတ်ရင်းနဲ့မထိုက်တန်တဲ့လူတစ်ယောက်ကို အချစ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေဆွဲသွင်းပြီး လက်ထပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆွဲနှစ်ရလောက်အောင် ကျွန်မ မမိုက်မဲဘူး။လူတွေကတော့ ရည်းစားမထားစဖူးထားပြီး အချစ်ရူးသွားတယ်ထင်ကြတာပေါ့။ ရှိပါစေ။
တကယ်ကိုထင်ကြတာပါပဲ။ကျွန်မက အချစ်မှာ ကျဆုံးပြီး တစ်ခါလေးရည်းစားထားလိုက်ရုံနဲ့ လက်ထပ်လိုက်တယ်လို့။ သူငယ်ချင်းတွေက ပြောကြတယ်။ "စာကလွဲပြီး မသိတဲ့ နင်ကဘယ်လိုလူမျိုးကို ယူလိုက်သလဲ ဆိုတာ သိချင်လွန်းလို့ တကူးတကကိုလာကြည့်ဦးမှာ" တဲ့။ ကျွန်မတို့ လက်ထပ်ပွဲဟာ သူ့ရဲ့ ထူးခြားနေတဲ့ တဦးတည်းသော လူမျိုးခြားသူငယ်ချင်းတစ်ယောက်နဲ့၊ ကျွန်မသူငယ်ချင်း တပြုံတမကြီးနဲ့ ပျော်စရာတကယ်ကောင်းခဲ့ပါတယ်။
ချစ်သူသက်တမ်း ငါးနှစ် ၊ အိမ်ထောင်သက်တမ်း ခုနစ်နှစ်၊ စုစုပေါင်း ဆယ့်နှစ်နှစ်ရှိခဲ့ပြီ။နည်းနည်းပျင်းစရာကောင်းလောက်တယ်ဆိုပေမယ့် တစ်ခါမှ ရန်မဖြစ်ဖူးဘူး။တစ်ခါမှ စိတ်သဘောထားမတိုက်ဆိုင်တာ မဖြစ်ဖူးသလို တစ်ခါမှလည်း သ၀န်တိုတာတွေ ဘာတွေမရှိခဲ့ဖူးကြဘူး။ လူတွေရှေ့တင်ရော နှစ်ယောက်တည်းရှိတဲ့အချိန်မှာပါ စာအကြောင်း ဘောလုံးပွဲအကြောင်းကလွဲပြီး တစ်ခါမှလည်း အရမ်းချစ်တာတွေ အရမ်းလွမ်းတာတွေ မပြောဖူးဘူး။ အပြင်ပ
Unlock to read this premium article with 10 points.