ဟေသာ
လောကမှာ မငိုဖူးတဲ့ သူတော့ရှိမယ်မထင်ပါဘူး။မျက်ရည်လွယ်သူနဲ့ မလွယ်သူပဲ ရှိမယ်ထင်ပါတယ်။ငိုရခြင်း အကြောင်းတွေဟာလည်း ပုံစံအမျိုးမျိုး နေရာအမျိုးမျိုးကနေ ထွက်ပေါ်လာလေ့ရှိပါတယ်။
မိသားစု၊စီးပွားရေး၊ပညာရေး၊လူမှုရေး အစရှိတဲ့ ဆက်နွယ်မှုတွေက တစ်ဆင့် ပူပန်မှု၊ကြောက်ရွံ့မှု၊စိုးရိမ်မှုတွေကို ခံစားကြရပီး ရင်နဲ့ မဆန့်တဲ့အခါ စကားလုံးနဲ့ ထုတ်ဖော်ပြလို့ မရတဲ့ အခါမျိုးမှာဆိုရင် ငိုကြွေးမှုအသွင် ပြောင်းလဲသွားတတ်ကြပါတယ်။
ငယ်ငယ်က လူကြီးတေ ပြောနေကျ စကားရှိပါတယ်။ငိုတာဟာ အရှုံးသမား၊သတ္တိမရှိတဲ့သူတွေရဲ့အလုပ် မငိုရဘူး ဆိုပီးပြောကြပါတယ်။
"ယောက်ျားလေး ငိုရင်လည်း ယောက်ျားဖြစ်ပီးငိုနေတာမရှက်ဘူးလား
ပျော့ညံ့လိုက်တာ " အစရှိတဲ့ စကားလုံးတွေက ကိုယ်တွေ မသိလိုက်ခင်မှာပဲ အယူဆမှားတွေ ဖြစ်ပေါ်လာစေပါတယ်။
လူတိုင်းက မတူညီကြပါဘူး စကြဝဋာကြီးမှာ ရှိတဲ့ အရာအားလုံးဟာလည်း မတူညီခြင်းတွေနဲ့ ပြည့်နေတာပါ။
တချို့အတွက်က စာမေးပွဲက အရမ်းကို အရေးပါတာဖြစ်ပီး အသည်းသန် ကြိုးစားကြပီး ၁၀၀မှာ ၉၉ ရရင်တောင် ကမ္ဘာပျက်နေသူတွေ ရှိသလို တချို့ကြတော့လည်း အောင်ရင် ကို သေပျော်နေကြတဲ့သူတေပါ။
ဒါကိုအပြစ်သွားပြောလို့မရပါဘူး လူတိုင်းမှာ သူတို့ရဲ့ ဘဝအပေါ် သဘောထားနဲ့ စံသတ်မှတ်ချက်တွေက မတူပါဘူး ။ အိမ်တစ်အိမ်မှာ မောင်နှမ သုံးယောက်ရှိတယ်ဆိုပါစို့
အမေက အငယ်ဆုံးကို ပိုပီးအလိုလိုက်မယ်၊စားချင်တာကျွေးမယ် ဆိုရင် အကြီးဆုံးက ပုံမှန်အတိုင်း ဘာမှ မဖြစ်ဘဲ နေနိုင်ပေမဲ့ အလတ်ရဲ့ စိတ်ထဲမှာတော့ ဝမ်းနည်းမှု မနာလိုမှုတွေကို ဖြစ်ပေါ်စေနိုင်ပါလေ့မယ်။
ဒါဟာတယောက်နဲ့ တယောက် ခံစားမှု နှုန်းထားတွေ မတူညီလို့ပါ။သင့်အတွက် သာမန်အရာလို့ ထင်ထားတဲ့အရာတွေက တချို့လူတွေအတွက် ကမ္ဘာကြီး ဖြစ်နေတတ်ပါတယ်။
အစပြန်ကောက်ရမယ်ဆိုရင်ဖြင့် ဝမ်းနည်းမှုကို အရမ်းထိန်းချုပ်တာဟာ ကိုယ့်ကိုယ်ကို အနုနည်းနဲ့ ညင်းပန်းနှိပ်စက်ခြင်းပါပဲ။အရမ်းမွန်းကြပ်နေရင် စိတ်ကလေးပင်ပန်းနေရင် ခဏလောက် လွှတ်ချပီး အနားပေးသင့်ပါတယ်။ ငိုသင့်ရင်ငိုလိုက်တာဟာ ရှက်စရာကိစ္စမဟုတ်ပါဘူး။ငိုချလိုက်ပါ။
ငိုချလိုက်ပါဆိုတိုင်းလည်း ထစ်ခနဲရှိငိုနေရင် စိတ်ကို control မလုပ်နိုင်တဲ့သူဖြစ်သွားမယ်။ ဒါကြောင့် ကိုယ်ဘာဖြစ်ချင်တာလဲ ဘာဖြစ်နေတာလဲ ဆိုတာအရင်သိအောင်လုပ်ပီးမှ အရာရာကို control လုပ်တာအကောင်းဆုံးပါ။
Keep Reading