Author's Profile Photo

Kavi

26/09/2024

အကြောင်းနှင့် အကျိုး

3 mins read
Personal Development
General Knowledge
18 Again

ရတာမလို၊ လိုတာမရဘဲ ပရမ်းပတာတွေ ဖြစ်နေတဲ့ လောကကြီးမှာ ကျွန်မတို့တွေ ကြုံတွေ့နေရတဲ့ အရာရာတိုင်း အပေါ်မှာ သက်ရောက်မှုရှိနေတဲ့ လောကနိယာမ တစ်ခုရှိပါတယ်။ ဒီနိယာမကို ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ အစရှိတဲ့ ဘာသာရေးဆိုင်ရာ အဆုံးအမတွေမှာလည်း တွေနိုင်သလို ရှေးတစ်ခေတ်ရဲ့ ဒဿနိကဗေဒ ပညာရှင်တို့ရဲ့ အတွေးအခေါ်တွေမှာလည်း တွေ့နိုင်ပါတယ်။ ဒီနိယာမက လူတိုင်းနဲ့ မစိမ်းတဲ့ "အကြောင်းရှိလို့ အကျိုးဖြစ်တယ်" ဆိုတဲ့ နိယာမပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ဟာ "ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်" ဆိုတဲ့ အဆုံးအမကြောင့် ကံ၊ ကံ၏ အကျိုးကို ယုံကြည်ကြပါတယ်။

"Do not be deceived: God is not mocked. A person reaps what they sow"  Galatians 6:7  

ဆိုပြီးတော့လည်း တွေ့နိုင်တာကြောင့် ခရစ်ယာန်ဘာသာဝင်တို့ဟာလည်း "ကိုယ်စိုက်တဲ့ အရာကို ကိုယ်ပြန်ရိတ်သိမ်းရမယ်" ဆိုတဲ့ အယူအဆကို လက်ခံထားကြပါတယ်။

လောကရဲ့ အမြဲ ဖြစ်ပျက်ပြောင်းလဲနေတတ်တဲ့ သဘောတရားကို လက်ခံယုံကြည်တဲ့ Greek အတွေးအခေါ် ပညာရှင် Heraclitus က -

"No man ever steps in the same river twice, for it is not the same river, and he is not the same man" 

လို့ ဆိုခဲ့ပါတယ်။ မြစ်ရေဟာ အစဉ်မပြတ် စီးဆင်းနေတာကြောင့် အမြဲ ပြောင်းလဲနေတာ ဖြစ်ပြီး လူဟာလည်း သင်ခန်းစာယူစရာ အတွေ့အကြုံတွေ ရရှိပြီး တစ်နေ့ရွှေ၊ တစ်နေ့ငွေ ဖြစ်တာကြောင့် ဒီကနေ့ လူဟာ မနေ့က လူတစ်ယောက် မဟုတ်တော့ပါဘူး။ ဒါကြောင့်ပဲ "တူညီတဲ့ မြစ်တစ်စင်းထဲကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ ခြေစုံမရပ်မနိုင်ဘူး။" လို့ပြောတာပါ။

Heraclitus က ပြောင်းလဲခြင်း ဆိုတဲ့ အကျိုးတရားကို ဖြစ်စေတဲ့ စီးဆင်းနေတဲ့ရေနဲ့ မတူညီတဲ့တော့လူ ဆိုတဲ့ အကြောင်းတရားကို ကောင်းကြီး နားလည်ခဲ့ပါတယ်။ ဒီအကျိုးဖြစ်ဖို့ကို ဒီအကြောင်းက အထောက်အပံ့ ပေးထားတယ် ဆိုတဲ့ သဘောတရားပါပဲ။

အကိုင်းအခက်တွေ၊ အသီးအပွင့်တွေ ဝေဆာနေပြီး မြေကြီးထဲမှာ အမြစ်ကောင်းကောင်း တွယ်ကုပ်ထားတဲ့ သစ်ပင်တစ်ပင်ကို စိတ်မျက်စိမှာ မြင်ယောင်ကြည့်လိုက်ပါ။ 


ဒီသစ်ပင်ရဲ့ အမြစ်တွေက အကြောင်းတရားနဲ့ အလားသဏ္ဌာန် တူပါတယ်။ မြေအောက်မှာ အမြစ်တွေ ဘယ်လောက်အနက်ထိ အမြစ်တွယ်နေလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ အမြစ်၊ မြစ်ပွားတွေဟာ မြေမျက်နှာပြင်ရဲ့ အောက်နက်နက်ထိ အမြစ်တွယ်နေကြပြီး သစ်ပင်ပြိုလဲ မသွားအောင် ခိုင်ခိုင်မာမာ ကုပ်တွယ်ပေးထားကြပါတယ်။ အမြစ်တွေလိုပါပဲ အကြောင်းတရားတွေဟာလည်း ကန့်လန့်ကာရဲ့ နောက်ကွယ်ကနေ အကျိုးတရားတွေ ဖြစ်စေဖို့ရန် အထောက်အပံ့ ပေးနေကြပါတယ်။

နောက်တော့ အသီးအပွင့်တွေပါ။ အကိုင်းအခက်တွေကနေ ဟိုတွဲလဲ ဒီတွဲလဲ ကျနေတဲ့၊ အမှန်တကယ် မြင်နိုင်တဲ့ အသီးအပွင့်တွေကတော့ အကျိုးတရားတို့နဲ့ အလားသဏ္ဌာန် တူပါတယ်။ ကြိုးစားအားထုတ်မှုကြောင့် ရရှိလာတဲ့ အောင်မြင်မှုတွေ၊ ကြုံတွေ့လာရတဲ့ အတွေ့အကြုံတွေပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ဘဝရဲ့ အသီးအပွင့်တွေကို ကျွန်မတို့ ကိုယ်တိုင်လည်း မြင်နိုင်သလို အခြားတစ်ပါးသောသူတို့ကလည်း အလွယ်တကူ သတိထားမိနိုင်ပါတယ်။ မြေအောက်မှာ ကုပ်တွယ်ထားတဲ့ အမြစ်တွေကြောင့်ပဲ သစ်ပင်ကြီး မပြိုလဲသွားဘဲ ဒီလိုမျိုး အသီးအပွင့်တွေ ပွင့်ဖူးဝေဆာနိုင်တာပါ။

သို့ပေမယ့် သစ်ပင်တစ်ပင် ဖြစ်ထွန်းအောင်မြင်ဖို့ ဆိုတာ တွယ်ကုပ်အမြစ်တွယ်ထားတဲ့ မြေဆီလွှာ အရည်အသွေးနဲ့လည်း သက်ဆိုင်ပါသေးတယ်။ ထိုနည်းတူစွာပဲ ကျွန်မတို့ အနားမှာ လည်ပတ်နေသူတွေဟာလည်း ဖြစ်ပေါ်လာမယ့် အကျိုးတရားတွေကို ဆုတ်ယုတ်ခြင်းကို သော်လည်းကောင်း၊ ကြီးပွားခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အနှစ်သာရ ပြည့်ဝတဲ့ အသီးတွေ ရရှိစေရန်အတွက် အာဟာရ ပြည့်ဝတဲ့ အမြစ်အခြေခိုင်စွာ တွယ်မြဲကုပ်တွယ်ဖို့ လိုအပ်သလို အပင်စိုက်ပျိုးမယ့် မြေဆီလွှာရဲ့ အရည်အသွေးကိုလည်း သတိပြုဆင်ခြင်ရပါမယ်။

အကြောင်းတရားနဲ့ အကျိုးတရားကို လေ့လာတဲ့ နယ်ပယ်မှာ ကျွန်မတို့ရဲ့ အနက်ရှိုင်းဆုံး နေရာက လက်ခံထားတဲ့ ယုံကြည်မှုတွေ၊ စိတ်နေစိတ်ထားတွေ၊ တွေးခေါ်မှုပုံစံတွေကိုလည်း လျစ်လျူရှူထားလို့ မရပြန်ပါဘူး။

အဆိုးမြင်သူတွေက ဘာလို့ ကံဆိုးမှုတွေနဲ့ ခဏခဏ ကြုံတွေ့နေရပြီး အကောင်းမြင်တတ်သူတွေကျ ဘာကြောင့် ကံကောင်းမှုတွေနဲ့ အမြဲတစေ ကြုံတွေ့နေလဲ ဆိုတာ တွေးမိဖူးကြပါသလား။ 


ကျွန်မတို့ရဲ့ စိတ်၊ ကျွန်မတို့ရဲ့ တွေးခေါ်မှု ပုံစံတွေကလည်း ကျွန်မတို့ ပြုမူလိုက်တဲ့ အပြုအမူတွေ အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ ကျွန်မတို့ စိတ်ထဲမှာ စွဲမြဲစွာ လက်ခံထားတဲ့ ယုံကြည်မှုတွေလည်း အပါဝင်ပါတယ်။ ကျွန်မတို့က အရာတစ်ခု၊ ရလဒ်တစ်ခုကို စွဲစွဲမြဲမြဲ ယုံကြည်ထားရင် ကျွန်မတို့ရဲ့ အပြုအမူတွေက အဲ့အရာတစ်ခု အမှန်တကယ် ဖြစ်ပေါ်လာဖို့၊ အဲ့ရလဒ်တစ်ခု အမှန်တကယ် ရရှိလာဖို့ အတွက် စတင်ပြုမူ ဆောင်ရွက်ပါတော့တယ်။

လောကကြီးကို ဘယ်လိုရှုမြင်လဲ ဆိုတာဟာ ကျွန်မတို့ရဲ့ ယုံကြည်မှု ပုံစံတွေအပေါ်မှာ မူတည်နေပါတယ်။

ဥပမာပြရရင် မိဘတွေက သားသမီးတို့ကို ဘယ်အသက်အရွယ်မှာပဲ ဖြစ်ဖြစ် ဂရုစိုက်ပေးရမယ့် ကလေးလေးလို့ပဲ လက်ခံယုံကြည်ထားတာကြောင့် သားသမီးတို့ အသက်အရွယ် ကြီးရင့်သွားလည်း ငယ်ရွယ်စဉ်ကလို ပြုစုစောင့်ရှောက်မှုတွေ၊ ကြင်နာယုယမှုတွေ တစ်စက်လေးမှ လျော့မသွားဘဲ အမြဲတမ်း ချစ်ခင်ကြင်နာပေးတာပဲ ဖြစ်ပါတယ်။ နောက် ဥပမာတစ်ခု အနေနဲ့ ကျွန်မတို့ ကြုံတွေ့နေရတာတွေက ကျွန်မတို့ဘဝ နောက်တစ်ဆင့်တက်ဖို့ အထောက်အကူပေးတဲ့ အခွင့်အလမ်းတွေ၊ သင်ယူမှတ်သားစရာ သင်ခန်းစာတွေလို့ လက်ခံယုံကြည်ထားရင် ကြုံလာသမျှ အခက်အခဲတွေကို အခက်အခဲလို့တောင် မမြင်တော့ဘဲ တပျော်တပါးကြီး ရင်ဆိုင်နိုင်မှာပါ။


"ကံ"ဆိုတာ "အလုပ်"ပါပဲ။ "ကံကောင်းတယ်" ဆိုတာဟာ "အလုပ်ကောင်းတယ်" လို့သာ ဆိုလိုခြင်း ဖြစ်ပါတယ်။ ကာယကံ၊ ဝစီကံ၊ မနောကံ လို့ခေါ်တဲ့ ကျွန်မတို့ ပြုသမျှ၊ ပြောသမျှ၊ တွေးသမျှ အရာတွေသာ ကောင်းရင် နောင်တစ်ချိန်မှာ ကောင်းသော ကံအကျိုးကို ခံစားခွင့် ရမှာပဲ ဖြစ်ပါတယ်။ အတိတ်ကာလက အကြောင်းတရားတွေကြောင့် လက်ရှိ ပစ္စုပ္ပန်ကာလမှာ ဤသို့ဤသို့သော အကျိုးတရားတွေကို ခံစားနေရတာပဲ ဖြစ်ပါတယ်။ လက်ရှိ တစ်ဘဝလုံး ကောင်းသောအကျိုး ခံစားဖို့အတွက်၊ နောက်ဘဝတွေမှာ ကောင်းသောအကျိုး ခံစားဖို့အတွက်၊ သံသရာတစ်လျှောက် ကောင်းသောအကျိုး ခံစားဖို့အတွက်၊ အိုဘေး၊ နာဘေး၊ သေဘေးမှ လွတ်ငြိမ်းနိုင်ဖို့အတွက် ကောင်းသောအကြောင်းတရား၊ ကောင်းသော အလုပ်တွေကိုသာ ရွေးချယ်ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

Kavi(ကဝိ)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း