သန်းမြင့်အောင်
နံနက် ၆ နာရီထိုးပြီးစတွင် ညောင်ဦးကားဂိတ်သို့ ကားဝင်သည်။ ခရီးသည်များနှင့်အတူ မြနုတို့မောင်နှမ အထုပ်အပိုးကိုယ်စီနှင့် ဆင်းခဲ့ကြရင်း ပတ်ဝန်းကျင်နှင့် နှစ်အတန်ကြာ ကင်းကွာနေသော မြနုအတွက် အနည်းငယ် ဆန်းသစ်နေသယောင် ခံစားရသည်။
“အစ်ကိုရေ၊ ဘုန်းစဉ်ဂိတ်ကို တန်းသွားစို့”
ညောင်ဦးကားဂိတ်မှ သူတို့ရွာသို့ သွားရန်အတွက် ကားဂိတ်ကလေးတစ်ခုသို့ သွားရဦးမည် ဖြစ်သည်။ ထိုဂိတ်ကို ဘုန်းစဉ်ဂိတ်ဟုခေါ်ပြီး ဘုန်းစဉ်ဂိတ်မှ ကားဖြင့် တစ်ဆင့်သွားရဦးမည်မို့ မြနု စိတ်စောနေသည်။
“နေပါဦးဟ နင်ကလည်း မုန့်လေးဘာလေးစားပြီး ညောင်ဦးဈေးထဲ တစ်ပတ် လောက် ပတ်လိုက်ပါဦးလား၊ ကားဂိတ်မှာ အကြာကြီး သွားစောင့်နေရမယ့်အတူတူ''
“စောင့်မယ်တော်၊ ဘုန်းစဉ်ဂိတ်ကို မြင်းလှည်းနဲ့ သွားရဦးမှာ၊ ကျုပ်က ရွာနဲ့နီးလေ ကောင်းလေပဲ”
“အဖြစ်က သည်းလိုက်တာ၊ ညည်းသဘော ညည်းသဘော”
သို့နှင့် မြင်းလှည်းဖြင့် မောင်နှမနှစ်ယောက် ရွာသွားမည့်ကားဂိတ်သို့ ရောက်ခဲ့ ကြသည်။ သူတို့ရောက်သောအချိန်က ခုနစ်နာရီခန့်သာ ရှိသေးသဖြင့် ရွာမှကားပင် မလာသေး။ သူတို့နေသော ညောင်ဦးမြို့နယ် ငါ့သရောက်ကျေးရွာအုပ်စုရှိ ရွာကလေးဆီမှ တစ်စီးတည်းသော ကားကြီးမှာ မနက် ၅ နာရီတွင် ရွာမှထွက်လာပြီး ၈ နာရီခန့် ညောင်ဦးသို့ရောက်ကာ လူဆင်း ပစ္စည်းချနှင့် ဂိတ်ရောက်သော် ရွာသို့သွားမည့် ကုန်ရောင်း ကုန်ဝယ်နှင့် ခရီးသည်တွေကိုစောင့်ပြီး မွန်းတည့်မှ ရွာပြန်ကာ ညနေစောင်းမှ သူတို့ရွာကလေးသို့ ရောက်လေ့ရှိ၏။
“ငါပြောတယ်မဟုတ်လား၊ အခုတော့ အကြာကြီးစောင့်နေရဦးမှာ၊ ပစ္စည်းတွေ အပ်ထားပြီး မြင်းလှည်းငှား၊ ရွှေစည်းခုံဘုရားသွားဖူးတောင် အေးအေးလေး မီသေးတယ်"
“အစ်ကိုကရော ဖူးမှာမို့လား”
“နင်သွားဖူးလေ၊ ငါ ဒီနားမှာပဲ စောင့်မယ်””
“ကျုပ်တစ်ယောက်တည်းတော့ သွားချင်ပေါင်””
“ဒါဆိုလည်း ဈေးဘက်ဆက်သွားပြီး တစ်ခုခုသွားစားမယ်၊ လာ..ပြီးတော့မှ သည်ပြန်လာတာပေါ့ ”
သို့နှင့် မောင်နှမနှစ်ယောက် ညောင်ဦးဈေးထဲသွားပြီး မုန့်တီစားကြသည်။ သူတို့မောင်နှမ မုန့်တီစားနေစဉ်...
“ဟေ့...မြနု...မြနု မဟုတ်လား၊ ဟယ်တော့ ကိုကြီးဘုန်းကျော်ရောပါတယ်၊ ဘုန်းကြီးပျံ လာကြတာလား”
အားရဝမ်းသာ နှုတ်ဆက်သံကြောင့် လှည့်ကြည့်လိုက်တော့ မြနုနှင့် ကျောင်းနေဖက် ရွာထဲမှ မိစံကို တွေ့ရသည်။
“ဟယ်...မိစံ ဝမ်းသာလိုက်တာအေ၊ ဟုတ်တယ် ငါတို့ ဘုန်းကြီးပျံ လာကြတာ၊ ညည်းရော ညောင်ဦး ဘယ်တုန်းကရောက်လဲ၊ ကနေ့ ရွာပြန်မှာလား”
“ပြန်မှာ၊ ငါ မနေ့ကတည်းကလာတာ၊ ညက ညောင်ဦးမှာ အိပ်တယ်၊ ဈေးဝယ်လာတာအေ့၊ ဒီကဆွဲတာနဲ့ တစ်ည နေလိုက်တာ၊ ကနေ့ ရွာကားနဲ့ပြန်မှာ”
“အတော်ပဲ အဖော်ရပြီ၊ ကားက ရောက်တောင်မရောက်သေးဘူးအေ့”
“ရောက်လည်း အစောကြီးရှိသေးတာ၊ ကားက နေ့လယ် တစ်နာရီလောက်မှ ထွက်မှာအေ့၊ လုပ်မနေနဲ့ ကောင်မ ညည်း ကျုပ်နဲ့ လိုက်ခဲ့၊ ကျုပ်အစ်မအိမ်ကို၊ ရေမိုးချိုး ထမင်းစားပြီးမှ ကားဆီပြန်မယ်”
“အေး ကောင်းတယ် မိစံ၊ မြနုကို ခေါ်သွား၊ ငါ ဟိုနား သည်နား လျှောက် လည်ဦးမယ်၊ ပြီးတော့ ကားဂိတ်မှာစောင့်မယ်၊ ငါ့မတွေ့ရင် ဘုရားတန်ဆောင်းကလေးထဲမှာကြည့် ဟုတ်လား”
မြနု သူ့အစ်ကိုကို မျက်စောင်းထိုးလိုက်သည်။ ဘုန်းကျော်က ထွက်ပေါက် တွေ့သွားသည့်ပုံဖြင့် မုန့်တီ သုတ်သုတ်စားပြီး တက်ကြွစွာ နှမနားမှ ထွက်ခွာသွားသည်။
မြနုတို့သူငယ်ချင်းနှစ်ယောက်လည်း တစ်မနက်လုံး စကားတွေပြောမကုန်နိုင်အောင် ရှိကြသည်။
“ဘုန်းကြီးပျံကအေ လွှတ်ကိုစည်မှာ၊ ရွာမှာ ဘုန်းကြီးဦးကောက ယောက်ျားလေးတွေကို သိုင်းနင်းပြာသာဒ်ကြီးဆောက်ပြီး သိုင်းနင်းပူဇော်ဖို့ သိုင်းဆရာ ခေါ်သင်နေတာအေ့၊ ညကျ ညည်း မြင်ရပါလိမ့်မယ်၊ တော်ချက်အေ၊ မိန်းကလေးတွေလည်း အယောက်လေးဆယ်ကျော်လောက်ရှိတယ်၊ နှစ်သုတ်ခွဲပြီး သီချင်းတစ်ပုဒ်စီနဲ့ လှေလှော် ယိမ်းတိုက်နေကြတာ၊ ကရဝိက်ဖောင်နဲ့ ဆရာတော့်ဈာပနကို ပူဇော်မလို့”
“ကရက်ဝိက်ဖောင်ကြီးလည်း ရှိတာပေါ့”
“ရှိတာပေါ့အေ့၊ ကရဝိက်ဖောင်ကြီးရော၊ သိုင်းနင်းပြာသာဒ်ကြီးရော၊ ညောင်ဦးကဆရာတွေ လာလုပ်နေတာအေ လှလိုက်တာ ဖိတ်ဖိတ်ကို လက်နေတာပဲ၊ ကျုပ်တို့ တစ်သက် တစ်ခါမှ မမြင်ဖူးပေါင်တော်၊ ရွာထဲမှာလည်း တစ်ရွာလုံး အုန်းအုန်းကျွက်ကျွက်ပဲ”
“ဒီနှစ် မြေပဲတွေလည်း တအားအောင်ကြပဲဆို”
“ဟုတ်ပါ့၊ ဆရာတော် ကုသိုလ်ပဲအေ့၊ နှစ်နှစ်ဆက်တိုက် ရေမရလို့ ကျုပ်တို့ရွာပဲမအောင်ကြတာ။ သည်နှစ်မှအေ ဆရာတော် ဘုန်းကြီးပျံစည်ဖို့ဖြစ်လာတာ ဆရာတော် တန်ခိုးပဲတော်၊ အိမ်တိုင်း အိမ်တိုင်း မြေပဲတွေအောင်ပြီး ပေါဌေးဖြစ်နေတော့ လွှတ်ကို လှူနေကြတော့တာပဲဟေ့”
“ငါက ဘုရားပွဲတုန်းကတည်းက လာချင်တာ၊ အမေ မရှိတော့ ဘယ်လိုနေမှန်း မသိတာနဲ့ မလာဖြစ်တာ၊ ငါ့အစ်ကိုကလည်းအေ မမညိုနွဲ့ သေပြီးကတည်းက အရက်ချည်း ဖိသောက်နေတော့တာ၊ သူနဲ့လည်း ခရီးမသွားချင်တာ ပါတယ်အေ့၊ ကျုပ်တစ်ယောက်တည်းမှလည်း မလာရဲတာ”
“ကြားပါ့အေ ကြားပါ့၊ သူ့ခမျာလည်း သနားစရာကြီးပါအေ၊ ကျုပ်တို့က ဇာတ်ကြောင်းသိတွေဟာကို”
“အဲဒါထားပါအေ၊ အငြိမ့်လည်း သွင်းမလို့ဆို”
“အငြိမ့်တောင်မကဘူးအေ၊ ဇာတ်ပါသွင်းမှာ၊ အငြိမ့်က တစ်ည၊ ဇာတ်က တစ်ည၊ ဧယင်ကျူးတို့ မင်းသမီးက သတ်သတ်ငှားထားတာတဲ့၊ ညည်းအေ အဲဒါတွေကပဲ ကုန်ကျစရိတ်နည်းမှတ်လို့၊ ဦးကောတို့ လွှတ်ကြဲနေတာတော့်”
ဝမ်းပန်းတသာနှင့် အားရပါးရကြီးပြောနေသော မိစံကိုကြည့်ကာ မြနုဆီသို့ပါ အပျော်တချို့ ကူးစက်လာသလို ရှိသည်။
ဦးကောဆိုသည့် ဘုန်းဘုန်းကား ဆရာတော်ကြီး၏ သားတပည့်တွေထဲမှ အငယ်ဆုံးနှင့် အထူးချွန်ဆုံးဖြစ်သော ပခုက္ကူ စနစ်သစ်ပုထိုးတိုက်မှ ကျောင်းထိုင်ကိုယ်တော် ဦးကောသလ္လ ဖြစ်သည်။ ရွာထဲတွင် ဆရာတော်ကြီး၏ တပည့်ပီသစွာ တစ်ရွာလုံးအပေါ် သြဇာညောင်းသည်။ ဦးကောက ဒါဆိုလျှင် ဒါပဲဖြစ်ပြီး ယခုလည်း ဆရာတော်ဘုရားကြီး၏ ဘုန်းကြီးပျံတွင် ဦးကော၏ တစ်သွေးတစ်သံ တစ်မိန့်ဖြစ်ကာ တစ်ရွာလုံး ညီညွတ်ပေါင်းစည်းကာ ဘုန်းကြီးပျံ စည်ကားရေးကိုသာ ဦးတည်နေကြ၏။ ကံကျောင်းဆရာတော်ဘုရားကြီး၏ အစွမ်းအစနှင့် ဂုဏ်ကျေးဇူးတော်တို့ကလည်း တစ်ရွာလုံး ဆပ်၍ကုန်နိုင်ဖွယ်ရာ မရှိ။ မြနုတို့ ဘိုးဘွားမိဘကအစ မြနုတို့၊ ဘုန်းကျော်တို့ အထိ ဆရာတော့်ကျေးဇူးအရိပ်အောက်က မလွတ်။ မြနုတို့ တစ်ရွာတင်မက မြနုတို့ အပိုင် ၁၂ ရွာလုံး ဆရာတော့်အရိပ်အောက်က မလွတ်။
ဆရာတော်ကြီး ဘဒ္ဒန္တစန္ဒိမာအကြောင်းကို မျိုးဆက်သုံးဆက်ထိအောင် ပြောကြားသိရှိလာခဲ့ရသော မြနုတို့အသိတရားထဲတွင်ကား ယခင်က ကျောက်ပြင်ကဲ့သို့သော အလားသဏ္ဌာန်ရှိသော ကုန်းကမူသေးသေးကလေးပေါ်တွင် သီတင်းသုံးနေထိုင်တော်မူ အရှင်စန္ဒိမာ၏ ကျောင်းသင်္ခမ်းကလေးပတ်လည်တွင် ချိုင့်ဝှမ်းအချို့နှင့် ခပ်လှမ်းလှမ်းတွင် ထန်းတောများရှိနေပြီး ထိုထန်းတောထဲမှ ကလေးသူငယ်များနှင့် ရွာနီးချုပ်စပ် ယာတောကိုင်းတောထဲမှ ယာသမား ကိုင်းသမားများ၏ ကလေးသူငယ်များကို ဆရာတော်က သူ၏ ကျောင်းကလေးသို့ခေါ်ကာ သင်ပုန်းကြီးမှစ၍ နှစ်စောင်တွဲ၊ မင်္ဂလသုတ် စသည်ဖြင့် သင်ပေး၏။
ကလေးတွေ စာအံနေဆဲဝယ် ဆရာတော်က ကပ္ပိယတစ်ယောက်ကို ဝါးဖြာခိုင်းကာ နှီးများ ထန်းလက်များဖြင့် တောင်းကလေးတွေ ရက်နေသည်ဆို၏။ နေ့လယ် စာသင်ပြီး ညနေ နေချိုချိန်တွင် ကလေးကြီးများကို မြေပိုရှိသည့်နေရာများမှ သူရက်ပေးထားသော တောင်းကလေးတွေဖြင့် တစ်နေ့ ဆယ့်နှစ်ခေါက် စသည် သတ်မှတ်ပြီး မြေသယ်ကာ ကျောင်းဝင်းကလေးကို ဖို့စေသည်။ မြနုတို့ဘကြီးတွေ၊ မြနုတို့အဖေတွေ ငယ်ငယ်က ဖို့ခဲ့သော မြေနေရာကလေးသည် တစ်စ တစ်စ ကျယ်ဝန်းလာခဲ့သည်။ မြေကျယ်သလောက် ရွာနီးချုပ်စပ်မှ လူတွေကိုပါ တဖြည်းဖြည်းခေါ်ပြး သင်လာခဲ့သော အဝန်းအဝိုင်းသည် မျိုးဆက်နှစ်ဆက်မျှ ရှိသောအခါ ကြီးမားသည်ထက် ကြီးမားကျယ်ပြန့်လာကာ ဆရာတော်၏ ထန်းလက်ကျောင်းကလေးသည်လည်း တပည့်အဆက်ဆက်ကြောင့် ကျောင်းကြီးတစ်ကျောင်း ဖြစ်လာပေမည့် ဆရာတော်ကတော့ ထိုစာသင်စာချသည့် အလုပ်ကို သက်တော်ခုနစ်ဆယ်ကျော်၍ အိုမင်းမစွမ်းရှိမှပင် ရပ်တော်မူသဖြင့် မြနုတို့၊ ဘုန်းကျော်တို့၊ မိစံတို့ပင် ဆရာတော့်ကျောင်းထွက် ဖြစ်ခဲ့ဖူး၏။ ယခု ဆရာတော် ၈၇၊ ဝါတော် ၆၇ ရှိပေပြီ။ ဆရာတော့်ကျောင်းမှစပြီး ပျံလွန်ချိန်တွင်ကား သက်တော် စာအံသွားသော မြောက်ကုန်း၊ သန္ဓေပင်၊ ကြို့ကြိုင်း၊ မယ်ဝတီး၊ ပြာပုံ၊ တဲမ၊ ဆည်၊ ခက်လန်းကန်၊ ထဲကုန်း၊ ဆင်သားမွေး၊ ကုလားတဲ စသည့် ပတ်ဝန်းကျင်ရွာများမှ ဒကာ၊ ဒကာမများသည် ထိုရွာများတွင်သာမက အချို့ပညာတတ်ကြီးများဘဝဖြင့် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဘိုကလေး၊ မော်လမြိုင် စသည့် မြို့များသို့ ရောက်နေကြသော်လည်း ယခု ဆရာတော်၏ နောက်ဆုံးခရီးကို အရောက်လာကြခြင်းဖြင့် ဆရာတော့်အား ပူဇော်ရန် အသင့်ရှိကြသည်။
ရွာနားရောက်လေ မြနု ရင်တွေခုန်လာလေဖြစ်သည်။ ဘုန်းကျော်က ကားအမိုးပေါ်မှာမို့ မူးပြီးများ ကျမလားဟု ပူရသည်ကတစ်ဖက်၊ ညောင်ဦးမှနေ၍ သည်ရွာစဉ် တစ်လျှောက်မောင်းသည့် ကားကြီးတွေက အတက်ရခက်သည့် ကုန်တင်လော်လီကားကြီး တွေ ဖြစ်သည်။ ကုန်တွေ အရင်တင်ပြီး ကုန်တွေပေါ်က လူက တက်ထိုင်ကာ အမိုးသံကိုင်းတွေကို အားပြုကိုင်သူကိုင်၊ ထိုအမိုးပေါ် ထိုင်သူကထိုင်နှင့် လမ်းကလည်း ကြမ်းလွန်းလှသဖြင့် ကားမှာ ဘယ်ညာလူးပြီး တဂျိမ်းဂျိမ်း ဖြစ်နေသည်။ မနက်က မိစံနှင့် မြနု ကားဂိတ်ရောက်တော့ ဘုန်းကျော်မှာ ထုံးစံအတိုင်းမူးပြီး ဘုရားတန်ဆောင်းရုံ ကလေးအတွင်း အိပ်ပျော်နေသည်။ ကားရောက်လာပြီး ခရီးသည်တွေဆင်း၊ ကုန်တွေ တင်ပြီးတော့မှ သူ့ကိုနှိုးကာ ကုန်တွေပေါ် တက်ခိုင်းရသည်။ နောက်ထပ် လူတွေတက်တော့ ဘုန်းကျော် အလယ်ရောက်သွားပြီး အားလုံးက ရွာစဉ်တစ်လျှောက်က မျက်နှာသိတွေမို့ မြနု သူ့အစ်ကိုကိုအပ်ပြီး မိစံနှင့် နှစ်ယောက် ရှေ့ခန်းမှာ စီးခဲ့ရသည်။ မိစံက ရွာမှလာကတည်းက ပြန်မည့်ရက်အတွက်ပါ ကားရှေ့ခန်းကို ဒရိုင်ဘာနှင့်ပြောပြီး နေရာ ဦးထားပြီး ဖြစ်သည်။
“ကိုရင်ဘုန်းကျော်ကြီးက မြို့မှာဆိုလည်း သည်လိုပဲ အမြဲမူးနေရောလားအေ”
မိစံက မြနုကို မေးလိုက်သည်။
“မူးတော့မူးတယ်၊ ဒါပေမဲ့ ညနေမှ မူးတာအေ့၊ အလုပ်လုပ်နေရတဲ့အချိန်ကျ သူသောက်ချင်လို့လည်း မရဘူးလေ၊ သူ့အလုပ်က ကားမောင်းတဲ့အလုပ် မဟုတ်လားအေ့၊ ပြီးတော့ သူ့ဆရာကားကို မောင်းရတာ၊ ညနေ ပြန်လာလို့ ကား၀င်ထားခဲ့ပြီးပြီဆိုရင်တော့ တန်းသောက်လာတော့တာပဲ၊ အခုကျတော့ အလုပ်ခွင့်ယူထားတဲ့အချိန်ဆိုတော့ နေ့ရော ညရောပေါ့အေ၊ ပြီးတော့ သူက ရွာကိုမပြန်ချင်ဘူးအေ့၊ ဘုန်းကြီးပျံမို့လို့သာ၊ ငါ့လည်း ပို့ရတာမို့ လိုက်ခဲ့တာ”
“ခင်ထားကတော့ ညည်းအစ်ကိုကို စိတ်ကုန်ရှာပုံ မပေါ်ဘူးနော် မြနု၊ ကိုရင်ဘုန်းကျော်သာ အကွက်မြင်လို့ကတော့ သည်ပွဲဟာ ချက်ကောင်းပဲအေ့”
“တော်စမ်းပါ မိစံရယ်၊ ငါ့အစ်ကိုက မုဆိုးဖို၊ သူက အပျို၊ ချမ်းကလည်း ချမ်းသာသေး ယူမလားတော့်၊ အရင်ကတောင် မယူခဲ့တာ ခုသာဆိုးတော့မပေါ့”
“သူ့အခြေအနေက အရင်ကနဲ့မှ မတူတာအေ့၊ အရင်က အရီးစံလှကို ကြောက်လည်း ကြောက်ရ၊ ညှာလည်း ညှာရနဲ့ကိုး၊ အခု သူ့အိမ်မှာ သူဘုရင်အေ့၊ ဘယ်သူ့မှ ကြောက်စရာမလိုဘူး၊ ရည်းစားသနံလည်း မရှိ၊ အနေအထိုင်ကလည်း လွှတ်တော်တာ မျက်နှာကြောက တင်းလို့ ဘယ်ကာလသားမှ မကပ်ရဲဘူးတော်၊ ရွာထဲက လူကြီးတွေကလည်း သူ့ဆို အကုန်ချစ်တာ၊ ကျောင်းမှာလည်း သူက ပစ္စည်းလေးပါးဒကာမို့ ဆရာတော်တွေကို ကြောက်တာနဲ့ သူ့ ဘယ်သူမှ မစဝံ့ဘူးတော့်၊ ညည်းအစ်ကိုသာ သတ္တိရှိလို့ကတော့”
“အောင်မယ်လေးတော် ဝေးသေး၊ သူက မမခင်ထားကို စိတ်နာနေတာ၊ အခုတစ်ခါ မုဆိုးဖိုတောင် ဖြစ်လာပြီဆိုတော့ ရှက်ကလည်းရှက်၊ ရွာမှာ ထန်းရည်တောင် မသောက်ဖူးတဲ့လူက အရက်သမားလည်း ဖြစ်လာပြန်ဆိုတော့ ပိုတောင်ရင်မဆိုင်ဝံ့ဦးမှာ၊ ကျုပ်အစ်ကိုအကြောင်း ကျုပ် သိပါ့တော်၊ ညည်းမယုံ ကြည့်နေ၊ ဆရာတော်အလောင်းတောင် မနည်းသွားဖူးခိုင်းရမှာ”
“ညည်းအစ်ကို အပြင်မထွက်လို့ကတော့ မသိဘူး၊ အခု ခင်ထားကတော့ ကျောင်းဆွမ်းပို့ တစ်နေ့ တစ်ခေါက် မှန်မှန်ရောက်ပေါ့၊ ပြီးတော့ အခု ဘုန်းကြီးပျံမှာ ဆရာတော့်အရိုးဂူကို သူ့အဖေ၊ အမေနာမည်နဲ့ တစ်ယောက်တည်းလှူဖို့ စာရင်းပေးပြီးသားတော့်”
“ကောင်းတာပေါ့၊ ငါတို့လည်း အမေ့အတွက် ဘာလှူဖို့ အဖေ စိတ်ကူးထားလဲမသိဘူး၊ ရွာရောက်ခါနီးလေ အမေ့ကို လွမ်းလေပဲအေ”
မြနုစကားအဆုံးမှာ နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြသည်။ ယခင်က လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်ကာလာသည်ကို စာဆိုတို့ ဖွဲ့ခဲ့သည်ကို ယခုပြောင်းလဲမှုဖြစ်စဉ်အရ ကားလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်နေတာကို မွေးပွလက်ကိုင်ပဝါနှင့် နှာခေါင်းကိုအုပ်ကာ ကာကွယ်ရင်း တဖြည်းဖြည်း ပိုမို၍ အညာပီသလာသော လမ်းဘေးဝဲယာနှင့် အဝေး
မြင်ကွင်းများက ယှက်ဖြာအုပ်မိုးထားသော အကိုင်းအခက်အရွက်စိမ်းစိမ်းများ၊ ပင်စည်ထွားထွားနှင့် တမာပင် ထနောင်းပင်များ၊ ကုန်းခေါင်ခေါင် ကျောက်စရစ်မြေ မိုးနည်း ရေရှားအရပ်မှာ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်ပြီး တစ်ရစ်ပြီးတစ်ရစ် ရှင်သန်နေသော ထန်းတောများကို ငေးလာရင်းမှ ရွာထိပ်ကို ရောက်လာသည်။ ကားစက်မသတ်ခင်ပင် ရွာအဝင် ထန်းတောအစပ်မှ အုတ်ဂူဖြူဖြူလေးကို ကားပေါ်မှ အထင်းသား လှမ်းမြင်လိုက်ရသည်။
“အမေ...”
မြနုနှုတ်မှ လွှတ်ခနဲထွက်သွားပြီး ကားရပ်သည်နှင့် ရှေ့ခန်းတံခါးကိုဖွင့်ကာ ခုန်ဆင်းမိပြီးသား ဖြစ်သွားသည်။
“မိစံ...အစ်ကို့ကို လိုက်ခဲ့လို့ ပြောလိုက်၊ ငါ သွားနှင့်ပြီ”
ဆိုပြီး မြနု လက်ဆွဲအိတ်ကိုလွယ်ပြီး ယာခရိုးအတိုင်းပြေးပြီး သူတို့ထန်းတောဆီ သုတ်ခြေတင်ခဲ့သည်။ ရွာထိပ်ကို မျက်နှာလှည့်ထားသော အမေ့အုတ်ဂူဖြူဖြူသည် မြနုကို ကြိုနေသည့်ဟန် ရှိသည်။
ဒေါ်သိန်းမြ
...................နေ့တွင် ကွယ်လွန်သည်။
“အမေရေ သမီးလာပြီလေ၊ အမေ ...မြနု ပြန်လာပြီ အမေရ”
အမေ့အုတ်ဂူဖြူဖြူ၏ ဦးထိပ်မျက်နှာဝကို နဖူးနှင့်ထိ၍ မြနု တရှိုက်မက်မက် ငိုကြွေးနေမိသည်။ တစ်ခဏအကြာ၌ မြနု၏ ပခုံးပေါ်သို့ လက်တစ်စုံ ကျလာပြီး…
“လာဟ...မြနု၊ အိမ်မှာ အဖေတို့ စောင့်နေကြပြီ၊ ကျော်ဌေးနဲ့ ညွန့်စိန်တောင် အိတ်တွေ လာသယ်သွားကြပြီ၊ လာ သွားစို့”
ဟူသော အသံကြားမှ မြနု မော့ကြည့်လိုက်တော့ ဖုန်အလိမ်းလိမ်း ခေါင်းစုတ် ဖွားနှင့်ဘုန်းကျော်။ သူနှင့် မလှမ်းမကမ်းမှာ ရပ်စောင့်နေသော သူငယ်ချင်းမိစံနှင့် အစ်ကိုနှင့် နှမ၏ အိတ်များကို သယ်သွားကြသော ညွန့်စိန်နှင့် ကျော်ဌေးတို့ကို ထန်းတော အစပ်မှာ လှမ်းမြင်ရသည်။ သူတို့လည်း အမေ့အုတ်ဂူနားမှာ နှမလေး၏ ခံစားမှုကို မကြည့်လည်း မကြည့်ရက်၊ မချော့လည်း မချော့တတ်၍ တစ်လှမ်းချင်း ဖြည်းညင်းစွာ ကျောပေးပြီး သွားနေကြသည်။
“နေဦးတော့်၊ အမေ့ကို ကန်တော့ဦးမယ်”
မြနုက အမေ့ဂူကို ကန်တော့တော့ ဘုန်းကျော်ကပါ ထိုင်ဦးချသည်။ မိစံက မြနုနားလာ၍ လက်တွဲကာ ရွာဘက်သို့ လျှောက်လာကြသည်။ ရွာစည်းရိုးအတွင်း ရေတွင်းကုန်းနားအရောက်တွင်တော့ ဘုန်းကျော်၏ “ ဟာ” ဟူသော အသံနှင့်အတူ
မြနုနှင့် မိစံကို ဖြတ်ကျော်တက်ကာ ရွာထဲ ကသုတ်ကရက်နှင့် အပြေးအလွှားဝင်သွားပုံကြောင့် မြနု ရုတ်တရက် ကြောင်သွားသည်။
“အိမ်နားရောက်ခါနီးမှ ဘာဖြစ်သွားတာလဲ၊ ငါ့တောင် မစောင့်တော့ဘူး”
ဟု စိတ်ထဲမှ ရေရွတ်ရင်း နှစ်နှစ်ကျော် သုံးနှစ်နီးပါး ဝေးကွာလာခဲ့သော ရွာစည်းရိုးအတွင်းက မပြောင်းမလဲ နဂိုမြင်ကွင်းအတိုင်း ရှိနေသေးသော ထနောင်းပင်အိုကြီးနှင့် ရေတွင်းကုန်းကလေးကို ဝေ့ဝဲ၍အကြည့်တွင် ထနောင်းပင်အောက်မှ အရိပ်တစ်ခုကို သူ အနီးကပ်မြင်လိုက်ရသည်။
“ဟင် . . .မမခင်ထား ရှားရောင်ဗြောင်ပေါ်တွင် အဝါနုရောင် ပန်းပွင့်ကျဲကျဲများ ဖောက်ထားသော ထဘီ၊ အင်္ကျီလက်ရှည်ရင်စေ့ အသားရောင်နှင့် ပခုံးပေါ်တွင် တဘက်အညိုပျော့တစ်ထည်တင်ထားသော ခင်ထားကို နဂိုကအတိုင်း သွယ်လျလျနှင့် မပြောင်းမလဲ လှနေဆဲအတိုင်း တွေ့လိုက်ရသည်။ ခင်ထားက ထနောင်းပင်ရိပ်အောက်မှာ မလှုပ်မယှက် ရပ်နေရင်းမှ အနီးရောက်လာသော သူတို့ကို နှုတ်ဆက်သည်။
“မြနုနဲ့ မိစံ ညောင်ဦးမှာ တွေ့လာကြတာလား”
ဆိုတော့ မြနုက “ဟုတ်ကဲ့”ဟု ဖြေပြီး မိစံကတော့...
“မမခင်ထား ဒီမှာ ဘာလုပ်နေတာလဲ”
ဟု မေးလိုက်တော့ ...
“ကျောင်းကလာတာပါ၊ ဒီအချိန် ရွာကားဆိုက်နေကျဆိုတော့ ဘယ်သူတွေများ ပါလာမလဲလို့ ရပ်ကြည့်နေတာပါ၊ ဘာရယ် မဟုတ်ပါဘူး”
ခင်ထား၏အဖြေက အကာအကွယ်တစ်ခုခုကိုယူ၍ ဣန္ဒြေဆည်ထားမှန်း မိစံကသိလိုက်သည်။ မြနုက..
“မမခင်ထား၊ နေကောင်းတယ်နော်”
ဆိုတော့ ...
“ကောင်းပါတယ် မြနုရယ်၊ ငါ့ညီမရော မြို့မှာ အဆင်ပြေတယ်မဟုတ်လား”
“ပြေပါတယ် မမခင်ထား၊ အမေဆုံးတုန်းက ရွာပြန်မရောက်လိုက်တာပဲ စိတ်မကောင်းတာ”
“ဖြစ်ပြီးတာလည်း ပြီးပြီပဲကွယ်၊ ပြန်ပြီးစိတ်မကောင်း ဖြစ်မနေပါနဲ့တော့၊ မြနုတို့ကမှ အဖေတစ်ယောက်လုံး ရှိပါသေးတယ်၊ မမခင်ထားဆို တစ်ကောင်ကြွက်ဘဝနဲ့ သည်လိုနေရတာပဲ”
မြနု ရုတ်တရက် ဘာပြန်ပြောရမှန်း မသိသေးခင်မှာပင် ခင်ထားက
“ကဲ..သွားကြတော့၊ သွားကြတော့၊ အိမ်က မျှော်လှရော့မယ်၊ မြနုလည်း မမခင်ထားတို့အိမ် အလည်လာဦးလေ၊ ရွာမှာလည်း တို့ရွာသားတွေ အတော်ပြန်ရောက်နေကြပြီ၊ ဆရာတော့်ဘုန်းကြီးပျံကို တစ်နေ့ တစ်နေ့ ရောက်လာတဲ့သူတွေ မနည်းဘူး၊ တစ်ရွာလုံးက ငယ်ငယ်တုန်းက ကစားဖက်တွေ၊ ကျောင်းနေဖက်တွေကို ပြန်တွေ့ကြရလို့ အိမ်တိုင်း အိမ်တိုင်း ညဆို လက်ဖက်ရည်ဝိုင်းနဲ့ တော်တော်အိပ်ရာမဝင်နိုင်ကြဘူး၊ နေ့တိုင်း ကားဆိုက်ချိန်ဆို တစ်ပိုင်းမဟုတ် တစ်ပိုင်းက ရွာသားဟောင်းတွေ ပါလာကြတာပဲ၊ မြနုတို့လာတာ နောက်တောင်ကျသေးတယ်””
မြနုမှာ ခင်ထားကိုမြင်တော့လည်း ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်ရပြန်သည်။
မိစံကတော့ ခင်ထားနှင့် လှမ်းလာသည်နှင့် ...
“ဟေ့ကောင်မ ငါမပြောလား”
ဟူသော အဓိပ္ပာယ်ပါပါအကြည့်နှင့် မြနုကို မျက်စတစ်ချက်ပစ်ပြသော်လည်း မြနုကတော့ လေယူလေသိမ်းရော အနေအထိုင်ပါ အေးဆေးတည်ငြိမ်နေသော ခင်ထား အပေါ် အထင်မသေးဝံ့ပါ။ ပြီးတော့ သူက နဂိုကတည်းက ခင်ထားကို ချစ်ခင်ခဲ့သူ၊ ခင်ထား၏ အလှအပနှင့် ဣန္ဒြေကို အထင်ကြီးခဲ့သူပင်။
အပိုင်း (၅) ဆက်ရန်………....
#အကျော်တစောနဲ့ ပြောလို့မကုန်ပေါင်
#သန်းမြင့်အောင်
Keep Reading