နွေဦးအလင်း
ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့မမေ့ပါနဲ့ ။
လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ခြင်းကြောင့် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်လာစေပါတယ် ။
ကျွန်တော်တို့ကို တစ်ယောက်ယောက်က “ မင်းဘယ်သူ့ကို အချစ်ဆုံးလဲ ” လို့မေးတိုင်း ကျွန်တော်တို့တွေဟာ အဖေ ၊ အမေ ၊ အဘိုး ၊ အဘွား စသဖြင့် ပြန်ဖြေကြတယ် ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ရွေးဖို့တော့ မေ့နေတတ်ကြတယ် ။ ကျွန်တော်တို့ဘေးနားကလူတွေကိုပဲ ဘယ်လိုဘယ်ပုံဘယ်နည်းလမ်းတွေနဲ့ ချစ်ရမလဲဆိုတာပဲ တွေးနေကြတယ် ။ ဒါဟာ လူတိုင်းနီးပါး ပါပဲ ။ ကျွန်တော်တို့ဟာ အခြားလူတွေဆီက အချစ်ခံချင်ကြတယ် ။ အခြားလူတွေကို ချစ်ကြတယ် ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့တော့ မေ့နေတတ်ကြတယ် ။ အခြားလူတွေကို ချစ်တာ ကောင်းပေမဲ့ ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့လည်း အရေးကြီးပါတယ် ။ ရှင်သန်ရတဲ့ ဘဝတစ်လျှောက်မှာ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းက ထိုက်တန်တဲ့အရာတစ်ခုပါပဲ ။
?️ ပျော်ရွှင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ချစ်ပါ ။
ကျွန်တော်တို့တွေဟာ သတိမထားမိကြပေမဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တာတွေ ရှိကြတယ် ။ “ ဘာလို့ ငါ့ကျမှ လာဖြစ်ရတာလဲ ” ၊ “ ငါက ဘာလို့ ကံဆိုးရတာလဲ ” ဆိုတာမျိုးတွေပေါ့ ။ ဒီလိုအတွေးတွေကို တွေးကြပြီး ဝမ်းနည်းမှုတွေ ၊ စိတ်အားငယ်မှုတွေ များစွာကြုံရတယ် ။ ဒါဟာဘာကြောင့်လဲဆို ကိုယ့်ကိုယ်ကိုယ် မချစ်ကြလို့ပါပဲ ။ ကျွန်တော်တို့တွေ ပြိုင်ပွဲတစ်ခုမှာ ရှုံးနိမ့်တယ်ဆိုရင်တောင် “ ငါညံ့လိုက်တာ ” လို့ မတွေးဘဲ “ သူ့လိုတော်အောင် သူ့ထက်တော်အောင် ကြိုးစားရမယ် ” ဆိုပြီး တွေးရမယ် ။ ဒါဟာလည်း ကိုယ့်ကိုယ့်ကိုယ် ချစ်နည်းတစ်မျိုးပါပဲ ။ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ချစ်မယ်ဆိုရင်တော့ ဧကန်မလွဲ ပျော်ရွှင်ရမှာဖြစ်ပါတယ် ။
?️ အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ချစ်ပါ ။
ကျွန်တော်တို့ဟာ ပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက် ပင်ပန်းတဲ့အချိန် ၊ စိတ်အားငယ်တဲ့အချိန် ၊ နောင်တရတဲ့အချိန်တွေရှိတတ်ကြပါတယ် ။ ဒါပေမဲ့ အချိန်တိုင်းဖြစ်နေလို့တော့ မရပါဘူး ။ ကျွန်တော်တို့ရဲ့ ဘဝအတွက် လျှောက်လှမ်းရမဲ့ ခရီးတွေရှိတယ် ။
လူတိုင်းက အောင်မြင်တဲ့လူဖြစ်ချင်ကြတာပါပဲ ။ ထက်မြက်တဲ့လူ ၊ တော်တဲ့လူ ၊ လူတိုင်းက အားကျလေးစားရတဲ့လူဖြစ်ချင်ကြတယ် ။ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ချစ်မယ် ၊ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်တဲ့အထိ ရဲရင့်မယ် ဆိုရင် ယုံကြည်မှုတိုးလာနိုင်ပြီး ကိုယ်ဖြစ်ချင်တဲ့အိပ်မက်တွေ ၊ ရည်မှန်းချက်တွေ ၊ အောင်မြင်မှုတွေဆီကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ် ။
?️ အရေးပါတဲ့ လူတစ်ယောက်ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ချစ်ပါ ။
လူ့အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် ၊ အဖွဲ့အစည်းတစ်ခုမှာပဲဖြစ်ဖြစ် ၊ နိုင်ငံတစ်ခုလုံးမှာပဲဖြစ်ဖြစ် အရေးပါတဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုရင် အရင်ဆုံးလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပါ ။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်မှ မချစ်ရင် အခြားသူဆီကနေ ချစ်ခြင်းကို မရနိုင်သလို အရေးစိုက်မှု ကို လည်း မရနိုင်ပါဘူး။ အရင်ဆုံး ကိုယ့်မှာ ရှိနေတဲ့ လိုအပ်ချက်ကို ဆန်းစစ်ပြီး ဖြည့်ဆည်းလိုက်မယ်ဆိုရင် အခြားသူတွေရဲ့ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်လိုက်ရာ ကျသလို အရေးပါတဲ့ လူတစ်ယောက်ဖြစ်လာစေဖို့ ပျိုးထောင်လိုက်တာပါ။
ဒါကြောင့်ကျွန်တော်တို့တွေ ဘဝမှာ တန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ လိုအပ်ပါတယ် ။ ကိုယ့်ကိုယ်ကိုယ် ချစ်မှသာ ပျော်ရွှင်မှု ၊ အောင်မြင်မှု နဲ့ အရေးပါမှု တွေကို ရရှိခံစားရမှာဖြစ်ပါတယ် ။ ဒါ့ကြောင့် ရခဲလှတဲ့ လူ့ဘဝကြီးမှာ ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မမေ့ကြရအောင်ဗျာ ။
စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အစဉ်လေးစားလျက် .....
#နွေဦးအလင်း
#Sarphat
Keep Reading