တင်ညွန့်
၁၉၅၂ ခုနှစ်က သိပ္ပံပညာရှင်ကြီး အိုင်စတိုင်းကို အစ္စရေးနိုင်ငံက နိုင်ငံတော်သမ္မတရာထူးကို လက်ခံရန် ကမ်းလှမ်းခဲ့ဖူးပါသည်။
အိုင်စတိုင်းက လက်မခံခဲ့ပါ။
အဘယ်ကြောင့်နည်း
အိုင်စတိုင်း၏ ငြင်းဆိုချက်ကို ကြည့်ပါ။
လူတွေနှင့်ပြောဆို ဆက်ဆံရန်ဆိုသည်မှာ အစွမ်းအစနှင် အတွေ့အကြုံလိုသည်ဟု သူကအကြောင်းပြသည်။ သူလို သိပ္ပံပညာရှင်တစ်ယောက်ထံတွင် အများပြည်သူနှင့် ဆက်ဆံရန် အရည်အချင်းမရှိကြောင်း သူက ဝန်ခံလိုက်ခြင်းဖြစ်သည်။
ပညာရှင်သည် မိမိကျင်လည်ရာ ပညာလောကဝန်းကျင်တွင်သာရှိနေသင့်ကြောင်း အိုင်စတိုင်းက ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ ပညာရှင်က ကိုယ့်နေရာ ကိုယ်မနေ၊ ကိုယ့်အလုပ် ကိုယ်မလုပ်၊ ကိုယ်တတ်ကျွမ်း သည့်ပညာဖြင့် တီထွင်ဖန်တီး ဆောင်ရွက်နိုင်ခြင်း မရှိလျှင် လူ့တာဝန်မကျေခြင်းဖြစ်သည်ဟု သဘောပေါက် မိပါသည်။
ကိုယ့်နေရာ၊ ကိုယ့်အလုပ်၊ ကိုယ်ကျွမ်းကျင်ရာတွင်သာ ကျင်လည်သင့်ပါသည်။
နိုင်ငံရေးလုပ်မည့်သူသည် နိုင်ငံရေးတွင် အောင်မြင်အောင် လုပ်နိုင်ရမည်။ ပြည်သူကလည်း နိုင်ငံရေးသမား အဖြစ် အသိအမှတ်ပြုနိုင်ရမည်။
သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်လျှင် ကိုယ့်နယ်ပယ်နှင့်ကိုယ် အောင်မြင်မည်။
အိုင်စတိုင်းက သူမလုပ်နိုင်သည့်အလုပ်တစ်ခုကို ဝန်ခံသည်။ အခြားလုပ်နိုင်သူတစ်ဦးဦးက လုပ်ဆောင်စေရန် နေရာပေးသည်။ ယင်းသည် ပညာရှင်တို့၏ စိတ်ဓာတ်ကောင်းဖြစ်သည်။
မိမိထံတွင် နိုင်ငံကို အုပ်ချုပ်နိုင်သည့် အရည်အချင်းမရှိကြောင်း ဝန်ခံလိုက်ခြင်းကပင် ပညာဉာဏ် အမြော်အမြင်ရှိကြောင်းကို ပြဆိုခြင်းဖြစ်သည်။
နိုင်ငံရေးလုပ်မည်သူတွေလည်း အိုင်စတိုင်းထံက နည်းယူသင့်သည်။
ကိုယ်မလုပ်နိုင်သည်ကို မလုပ်နိုင်ပါဟု ဝန်ခံခြင်း၊ လုပ်နိုင်မည့်သူကို နေရာပေးခြင်းတို့သည် နိုင်ငံ ကောင်းစားရေးအတွက်လည်း ရေရှည်အကျိုးကို မျှော်ကိုးခြင်း ဖြစ်သည်။ တိုင်းပြည်ကောင်းစားရေးအတွက်
ဖြစ်ချင်တာထက် ဖြစ်သင့်သည်ကို ဦးစားပေးနိုင်သူများ
လုပ်ချင်တာထက် လုပ်သင့်သည်ကို ဦးစားပေးနိုင်သူများ
လုပ်ပိုင်ခွင့်ထက် လုပ်နိုင်ခွင့်ကိုသာ ဦးစားပေးသူများ
လိုအပ်သည်။
တင်ညွန့်
၁၂.၉.၂၀၂၄
Keep Reading