Author's Profile Photo

Shwe Yee Yee Htut

24/09/2024

တက်ခေတ်နတ်ဆိုး (1938) သိန်းဖေမြင့်

2 mins read
Health
Book Review
18 Again

တက်ခေတ်နတ်ဆိုး' က ဆစ်ဖလစ်ရောဂါအကြောင်း ပညာပေးဝတ္ထုပါ။ အဲဒီခေတ်က ဆရာဝန်ကြီးတစ်ယောက်ကလည်း ဝတ္ထုပါ ကျန်းမာရေး ဆေးပညာအချက်အလက်တွေ မှန်ကန်ကြောင်း ထောက်ခံချက်လည်း ထည့်ထားတော့ ကျန်းမာရေးအချက်အလက်တွေ စိတ်ချယုံကြည်လို့ ရတာပေါ့ဗျာ။ သုတချည်း ဖတ်ရရင် ပျင်းစရာမကောင်းအောင် ရသလေး ပေါင်းပြီး ရေးထားတာကိုက စာအုပ်ရဲ့ ရည်ရွယ်ချက်ကို ရောက်စေတဲ့ အထောက်အပံ့ကောင်းပါပဲ။ ဆရာသိန်းဖေမြင့်က စာရေးဆရာအပြင် နိုင်ငံရေးသမားလည်း ဖြစ်တာကြောင့် ထင်တယ်၊ နိုင်ငံရေးလည်း နည်းနည်း ပါတယ်။ စာအုပ်က အခုထိ အကြိမ်ရေအများကြီး ပြန်ရိုက်နေရတဲ့ စာအုပ်ပါ။




စာအုပ်ကို 1938 မှာ ရေးသားထုတ်ဝေခဲ့တာ ဆိုတော့ လွတ်လပ်ရေးမရခင် ဆယ်နှစ်တိတိပေါ့ဗျာ။ ဒီတော့ ကိုလိုနီခေတ် လူ့အသိုင်းအဝိုင်းပုံစံတချို့၊ နိုင်ငံရေးအသွင်တစ်စိတ်တစ်ပိုင်းကို မြင်ရမှာဖြစ်ပါတယ်။ ဒါအပြင် မြန်မာစာပေ လေ့လာသူတွေအတွက် ကိုလိုနီခေတ်နှောင်းပိုင်း မြန်မာစာပေကိုလည်း လေ့လာခွင့်ရပါမယ်။ သပ်ယပ်၊ ဆဲ့ကိုး၊ ဗောင်းဗီ၊ ရင်ဗပ်၊ ကြောချမ်း စတဲ့ မြန်မာစာအရေးအသားမျိုးတချို့ကို ဖတ်ရပါမယ်။

ဝတ္ထုရဲ့အစပိုင်းမှာ ဇာတ်ကောင်ဖြစ်သူ ညွန့်မောင်ဟာ မျှော်လင့်ချက်တောင်ကြီး ပြိုလဲခြင်းဆိုတဲ့ အသည်းကွဲခြင်းဒဏ်ကို အလူးအလဲ ခံစားနေရပုံကို ဖော်ပြထားတယ်။ ဘဝပျက်လုနီးပါး ခံစားရပြီးတဲ့နောက် အပျော်အပါးရှာရာကနေ

ဆစ်ဖလစ်ပိုး ဝင်ရောက်လာပြီး ဆေးရုံတက်ရတဲ့အထိ အခြေအနေဆိုးလာတော့တာပေါ့။ ဆေးရုံမှာ -ကျိုးနေတဲ့လူနာတွေရဲ့ အနိဌာရုံတွေကို ကွက်ကွက်ကွင်းကွင်း ရေးထားတာ တော်တော်မသတီစရာပါပဲ။  ဆေးကုသရင်း နပ်စ်ဝှုက်ဆိုသူ ဆရာမလေးနဲ့ တွေ့ဆုံပြီး ကာလသားရောဂါ တိုက်ဖျက်ရေးမှာ အစွမ်းကုန် ပါဝင်ကြတာကို ဖတ်ရမှာပါ။ အဲဒီနှစ်တွေတုန်းက မြန်မာပြည်မှာ လူဦးရေက ၁၄သန်းပဲရှိသေးတယ်။ ၆သန်းလောက်က ကာလသားရောဂါဖြစ်ဖူးတယ်ဆိုပဲ။ ကာလသားရောဂါကြောင့် မျက်စိကန်းသူကန်း၊ ရူးသူရူး၊ အနာတွေ ပေါက်သူပေါက်၊ တစ်ဘဝလုံး လူလုံးမလှ၊ လူရာမဝင်၊ ဒုက္ခိတဖြစ်ရပုံကို ပညာပေးထားတယ်။ စကားလုံးအသုံးအနှုန်း ရဲတင်းတယ်၊ သူပြောလိုရာကို မကွယ်မဝှက်  ဗြောင်ရှင်းရှင်းရေးထားတဲ့အတွက် အဲဒီခေတ်မှာ တော်တော်ဝေဖန်ကြမယ့် အရေးအသားတွေပဲ။ မြန်မာတစ်မျိုးသားလုံးကို ဒုက္ခပေးနေတဲ့ ဆစ်ဖလစ်ပိုးကို ချေမှုန်းတိုက်ဖျက်သင့်ကြောင်း၊ မေထုံကိစ္စတွေမှာ စိတ်အလိုမလိုက်၊ စည်းကမ်းရှိသင့်ကြောင်း စာရေးဆရာရဲ့ စေတနာကို အတိုင်းသားမြင်ရတယ်။ Sex education ကို ကျောင်းတွေမှာ ပြဌာန်းဖို့၊ လူအများကို လိင်မှုကိစ္စနှင့် ပတ်သတ်ပြီး အသိပညာရဖို့ ထည့်သွင်းပြောသွားတယ်။ ပြည့်တန်ဆာတွေနဲ့ ပတ်သတ်ပြီးလည်း လိုင်စင်နှင့်တကွ လုပ်ဆောင်ကြဖို့၊ ကျန်းမာရေးစစ်ကြဖို့၊ စည်းစနစ်ရှိကြဖို့ ဇာတ်ကောင်‌တွေကနေတစ်ဆင့် ပြောထားတယ်။ ကာလသားရောဂါအကြောင်း ပညာပေးထားတဲ့ စာအုပ်ဆိုပေမယ့် ရသပိုင်းမှာလည်း လျော့မသွားပဲ အဆုံးထိ ဆွဲခေါ်သွားတယ်။ ဒါ့ကြောင့်လည်း နှစ်တစ်ရာအတွင်း အကောင်းဆုံး စာအုပ်စာရင်းဝင်နေတာဖြစ်မယ်။ ဒါပေမယ့် သိပ်သဘောမတွေ့တဲ့ အချက်လည်း အနည်းငယ်ရှိသေးတယ်။ ညွန့်မောင်နဲ့ အဖြူနဲ့ လက်မထပ်ခင်မှာ အဖြူက ခရစ်ယာန်ကနေ ဗုဒ္ဓဘာသာ ပြောင်းလိုက်တယ်ဆိုတဲ့ အချက်။ အခုခေတ်အမြင်အရ ကြည့်မယ်ဆိုရင်တော့ လက်မခံနိုင်စရာပါပဲ။ ကိုးကွယ်ယုံကြည်မှုဆိုတာ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်မှု ဖြစ်တဲ့အတွက် လပ်ထပ်လိုက်ရင်ပဲ ယောကျ်ားဖြစ်သူရဲ့ ဘာသာကို လိုက်ပြောင်းရတယ်ဆိုတာကတော့ ဘဝင်မကျစရာလို့ ထင်တယ်။ ပြီးတော့ ဒီစာအုပ်မှာ နည်းနည်း ဖိုဝါဒကြီးစိုးနေသလို ခံစားရတယ်။ ခြုံပြီးပြောရရင်တော့ ဖတ်သင့်တဲ့ ဝတ္ထုကောင်းတစ်အုပ်ပါပဲ။


ရသအနေနဲ့ ချစ်စရာ၊ ကြောက်စရာ၊ ရွံစရာ၊ အံ့ဩစရာ၊ ရယ်စရာ ရသတွေကို ဖတ်ရမှာ ဖြစ်ပါတယ်။ ဇာတ်ရှိန်ကလည်း တက်လိုက်ကျလိုက်နဲ့ဆိုတော့ ဘယ်လိုမျိုးဖြစ်မလဲလို့ အခု ၃ စက္ကန့်လောက်ပဲ တွေးပြီး ခံစားကြည့်လိုက်ဗျာ။


နောက်ဆုံး ပြောချင်တာက ကျွန်တော့်ရင်ကို လုံးဝထိသွားတဲ့ dialogue စကားလေးပါပဲ။ ဖတ်နေရင်းနဲ့ အရှိုက်ကိုထိပြီး ချက်ချင်း ခဏစာဖတ်ရပ်သွားစေပါတယ်။ အဲတာ ဘာလဲ ဆိုတော့…


“အဖြူ၊ ဆရာမ။ နံပါတ်သုံးကို မကယ်တော့ဘူးလား” တဲ့။


စာအုပ်ကရသစုံပါတယ် အလွမ်းရယ်၊အဆွေးရယ်၊ ဟာသလေးရယ်‌နဲ့ စိတ်ထဲမှာ ကျန်နေအောင်၀မ်းနည်းရပေမယ့် သုတလဲပေးနိုင်မယ့်စာအုပ်ကောင်းပါ။
@Bookreview

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)