SarPhat Author

လူရယ်လို့ဖြစ်လာတဲ့ဘဝတစ်ခုမှာ
ကိုယ့်အတွက်အရေးကြီးတယ်ဆိုတဲ့ အရာတွေအများကြီးမှ အများကို ရှိလာပါတယ်။ အဲ့အများကြီးကို လုပ်ဆောင်ရင်း၊ ပတ်သက်ရင်းနဲ့ ဖြတ်သန်းရင်းနဲ့ တစ်နေ့တာရဲ့အချိန်တွေ ကုန်ဆုံးစေပြီး အသက်တွေတနှစ်ထက်တစ်နှစ်ကြီးလာကြတာပဲဖြစ်ပါတယ်။ ကျွန်မလေ့လာခဲ့ဖူးတဲ့ သင်ခန်းစာလေးတစ်ခုကို Sharing ပြန်လုပ်ချင်ပါတယ်။
ကိုယ့်ရဲ့ ဖြတ်သန်းနေရတဲ့ Life ကို Category အနေနဲ့ ခွဲကြည့်ကြမယ်ဆိုရင် အကြမ်းဖျဉ်းအားဖြင့်
၁. မိမိဘဝသက်တမ်းတလျှောက်လုံး
ကိုးကွယ်ယုံကြည်မယ့်ဘာသာရေးလို့ခေါ်တဲ့ Religious
၂. မိမိတသက်လုံးရှင်သန်နေထိုင်ဆက်စပ်ပတ်သက်ရမယ့် မိသားစု Family
၃. မိမိသာမက မိမိ မိသားစု မိမိဆွေမျိုးသားချင်းတို့အတွက် မိမိသည်ခိုင်မာတဲ့သူတယောက်ဖြစ်ဖို့ အားကိုးထိုက်လောက်တဲ့သူတစ်ဦးဖြစ်ဖို့လိုအပ်တဲ့ အလုပ်အကိုင်ကောင်းကောင်းနဲ့ဝင်ငွေပမာဏ ( Job & Salary)
၄. မိမိနေထိုင်တည်ရှိရာ ပတ်ဝန်းကျင် ( Environment)
၅. မိမိကိုယ်တိုင်ရဲ့ကျန်းမာရေးအခြေအနေ (Health)
၆.မိမိဘဝ ရှေ့လျှောက်တိုးတက်မှု၊ အရည်အချင်းပြည့်ဝစေမှုတို့ဖြည့်တင်းဖို့အတွက် သင်ယူလေ့လာမှု( Learning & Development) နဲ့
၇. မိမိကိုယ်တိုင်ရဲ့စိတ်ခံစားမှုအခြေအနေ (Emotion) တို့ပဲဖြစ်ပါတယ်။
နံပတ် (၁)အချက်ဖြစ်တဲ့
မိမိဘဝသက်တမ်းတလျှောက်လုံး
ကိုးကွယ်ယုံကြည်မယ့်ဘာသာရေးလို့ခေါ်တဲ့ Religious
ဘာသာရေးဟာလူသားတိုင်း မည်သည့်ဘာသာဝင်တိုင်းအတွက်မဆို မှီခိုရာ၊ ယုံကြည်သက်ဝင်အားထားရာ မိမိတို့ဘဝတိုးတက်ကောင်းမွန်ဖို့အတွက် ဦးတည်ရာတခုလို့မှတ်ယူပါတယ်။ ဘယ်ဘာသာဝင်မဆို မိမိတို့သက်ဆိုင်ရာဘာသာကိုယုံကြည်လေးနက်စွာကိုးကွယ်ခြင်းက မိမိစိတ်အတွက် လုံခြုံမှုကိုဖြစ်စေပြီး ဘယ်လိုအရာမျိုးမဆိုကြံ့ကြံ့ခံနိုင်ဖို့ အားအင်တခုလဲဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့အတွက် ဘာသာရေးအဆုံးအမတွေနဲ့ အလေ့အကျင့်တွေကို အချိန်ပေးလိုက်နာလက်တွေ့ကျင့်သုံးပါတယ်။ ဘုရားတရားအလုပ်လုပ်ခြင်း၊ ဘာသာရေးလုပ်ခြင်းကို အချိန်အများကြီးပေးမလုပ်နိုင်သော်လည်း လုပ်နိုင်တဲ့အတိုင်းအတာမှာတော့ ဖြစ်မြောက်အောင်ကြိုးစားလုပ်ဆောင်ပါတယ်။ ဘာသာတရားလုပ်ဆောင်လိုက်နာခြင်းကြောင့် မိမိစိတ်ကအေးချမ်းလုံခြုံတယ်လို့ ခံစားရပါတယ်။
နောက်ထပ်နံပတ်(၂)အချက်ဖြစ်တဲ့
မိမိတသက်လုံးရှင်သန်နေထိုင်ဆက်စပ်ပတ်သက်ရမယ့် မိသားစု Family
လူသားရယ်လို့ ပေါက်ဖွားလာစဉ်ကတည်းကမိမိမှာမိသားစုဆိုတဲ့ ဆက်စပ်ပတ်သက်နေထိုင်ရမယ့် အရာတခုကပ်ပါဘာစမြဲပါ။ မိမိဟာတစ်ကောင်ကြွက်ပါ မိသားစုမရှိဘူး၊ မှီတွယ်ဖို့မလိုဘူးဆိုသူများကလည်း မိမိကိုယ်တိုင်သေချာပြန်တွေးကြည့်ပါ။ မိသားစုအရင်းအချာမဟုတ်သော်လည်း မိမိပတ်ဝန်းကျင်မှာ မိမိကိုခင်တွယ်သူ မိမိကခင်တွယ်ရသူကို မိသားစုလို့သဘောထားနေထိုင်လို့ရပါတယ်။ ကိုယ်ချစ်တဲ့ခင်တဲ့ ကိုယ့်အသိုင်းအဝိုင်းပတ်ဝန်းကျင်မှာရှိသူတွေအပေါ် ကိုယ်ဘယ်လောက်ထိကောင်းအောင်နေပေး လုပ်ပေးနိုင်မလဲဆိုတာ အမြဲတွေးတောစဉ်းစားနေသင့်ပါတယ်။ ဒါသည်လဲဘဝအတွက်အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။
နံပတ် (၃)အချက်ဖြစ်တဲ့
မိမိသာမက မိမိ မိသားစု မိမိဆွေမျိုးသားချင်းတို့အတွက် မိမိသည်ခိုင်မာတဲ့သူတယောက်ဖြစ်ဖို့ အားကိုးထိုက်လောက်တဲ့သူတစ်ဦးဖြစ်ဖို့လိုအပ်တဲ့ အလုပ်အကိုင်ကောင်းကောင်းနဲ့ဝင်ငွေပမာဏ ( Job & Salary)
လူတိုင်းဟာ အလုပ်ကောင်းကောင်း လစာကောင်းကောင်းကို အကြောင်းပြချက်ပေါင်းများစွာနဲ့လိုချင်ကြသူတွေပါ။ လစာကောင်းကောင်း ရာထူးကောင်းကောင်းသာရရင် ဘယ်သူ့ကိုဘယ်လိုထားမှာ ဘယ်သူ့ကိုဘာတွေလုပ်ပေးမှာ ကိုယ်ကိုတိုင်လဲဘာတွေလုပ်မယ် ဘယ်လိုနေမယ်လို့ အတွေးထဲအမြဲမဟုတ်တောင် တစ်ခဏတော့ စိတ်ကူးယဉ်တွေးတောမိကြမှာပါ။ ကျွန်မကိုယ်တိုင်လဲ အဲလိုစိတ်ကူးတွေ ရှိနေခဲ့ ရှိနေမြဲပါ။ အဲလိုလစာကောင်းကောင်း ရာထူးကောင်းကောင်းရဖို့အတွက်က ဟပ်ချလောင်းဆိုသလိုပေါ်လာနိုင်တဲ့အရာမဟုတ်တဲ့အတွက် ကိုယ့်မှာလိုအပ်တဲ့အရည်အချင်းနဲ့အတွေ့အကြုံတွေ စုဆောင်းဖို့လိုပါလိမ့်မယ်။ သို့မှသာမိမိလိုချင်တဲ့ အလုပ်အကိုင်ကောင်းကောင်း၊ လစာကောင်းကောင်းရပါမယ်။ အနာခံမှ အသာစံဆိုတဲ့စကားရှိတဲ့အလျှောက် ကောင်းမွန်တဲ့အခြေအနေတွေကိုလိုချင်ရင် ကိုယ်ကအရင်အပင်ပန်းခံ Invest လုပ်ထားရမှာဖြစ်ပါတယ်။
နံပတ် (၄)အချက်
မိမိနေထိုင်တည်ရှိရာ ပတ်ဝန်းကျင် ( Environment)
မိမိဟာတစ်ဦးတစ်ယောက်တည်းနေထိုင်သွားလာလှုပ်ရှားဖို့ အရာအားလုံးအဆင်မပြေနိုင်ပါဘူး။တစ်ချိန်ချိန်မှာအကူအညီဆိုတာမျိုးလိုအပ်လာတဲ့အချိန်၊အခက်အခဲကြုံတွေ့ရမယ့်အချိန်မျိုး ရှိနိုင်ပါတယ်။ ထို့ကြောင့်မိမိသည် မိမိနေထိုင်တည်ရှိရာ ပတ်ဝန်းကျင်နဲ့လည်း အဆင်ပြေစွာ သဟဇာတဖြစ်စွာလိုက်လျောညီထွေမှုရှိဖို့ အရေးတကြီးလိုအပ်ပါတယ်။ အလုပ်မှာလဲအလုပ်ပတ်ဝန်းကျင်ကလူတွေ၊ နေထိုင်ရာနေရာဒေသမှာဆိုလည်း နေထိုင်ရာပတ်ဝန်းကျင်ကလူတွေနဲ့ အဆင်ပြေမှုရှိတာ အရေးကြီးတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။
နံပတ် (၅) မိမိကိုယ်တိုင်ရဲ့ကျန်းမာရေးအခြေအနေ (Health)
ကျန်းမာခြင်းသည်လာဘ်တစ်ပါးဆိုသည့်အတိုင်းပါပဲ ဘဝရဲ့အရေးကြီးဆုံးအရာတွေထဲမှာကျန်းမာရေးက မပါမဖြစ်ပါ။ ကိုယ်ကျန်းမာမှစိတ်ချမ်းသာပြီး စိတ်သွားတိုင်းကိုယ်ပါနိုင်မှာမို့ မိမိကျန်းမာရေးကို မိမိကိုယ်တိုင်ဂရုစိုက်ဖို့က very important ဖြစ်ပါတယ်။ အခုကာလမှာဆို ပိုလို့မှအရေးကြီးနေပါတယ်။ ငွေရှိဖို့ထက် ကျန်းမာရေးကောင်းဖို့က ပိုအရေးကြီးတဲ့ကာလပါ။ ကိုယ်ကိုတိုင်ရဲ့ကျန်းမာရေးသာမက ကိုယ့်မိသားစုပတ်ဝန်းကျင်ကလူတွေ ကျန်းမာဖို့လဲ လိုအပ်ပါတယ်။ ကိုယ်ကိုတိုင်ကျန်းမာမှလဲ တခြားသူတွေလိုအပ်တာကူညီဖြည့်ဆည်းပေးနိုင်မယ်။ ကိုယ်ကိုတိုင်လဲ ဝေဒနာမခံစားရဘဲ စိတ်ချမ်းသာရမှာမို့ ကျန်းမာရေးကဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။
နံပတ် (၆) မိမိဘဝ ရှေ့လျှောက်တိုးတက်မှု၊ အရည်အချင်းပြည့်ဝစေမှုတို့ဖြည့်တင်းဖို့အတွက် သင်ယူလေ့လာမှု( Learning & Development)
အခုဆိုရင် ပညာခေတ်ကြီးကိုရောက်ရှိနေပြီး နည်းပညာသစ် အတွေးအခေါ်သစ် ပညာအသစ်တွေဟာ နေ့စဉ်မပြတ်ပေါ်ပေါက်နေပါပြီ။ အခုကာလဟာ လူငယ်တွေ၊ လူလတ်ပိုင်းတွေ ပညာရှာဖွေဖို့အခွင့်အလမ်းတွေပေါများနေကြပါပြီ။ မိမိဟာဘဝတိုးတက်ရေးကိုရှေးရှူပြီးသူများနောက်က မကျန်ခဲ့စေချင်တဲ့သူတစ်ဦး၊ အရည်အချင်း အရည်အသွေးပြည့်ဝတဲ့ သူတစ်ဦးဖြစ်ချင်ရင် continuous learning ဟာ အမြဲလိုအပ်နေမှာပါ။
နံပတ်(၇)အချက် နောက်ဆုံးအချက်ကတော့ မိမိကိုယ်တိုင်ရဲ့စိတ်ခံစားမှုအခြေအနေ
အထက်ကပြောသွားတဲ့အရာတွေအားလုံးမှာ ဘယ်အရာပဲလုပ်လုပ် မိမိကိုယ်တိုင်ရဲ့ စိတ်ခံစားမှုအခြေအနေလို့ခေါ်တဲ့ emotion လိုအပ်ပါတယ်။ မိမိကစိတ်ထက်သူလား စိတ်ပျော့သူလား ကြံ့ခိုင်သူလား ကိုယ့်ကိုကိုယ်ဝေဖန်သုံးသပ်အကဲဖြတ်ပြီး ဘဝမှာဖြစ်လာ့မယ်အရာတွေအတွက် ကောင်းမွန်စွာဖြေရှင်းနိုင်မယ့်သတ္တိတွေ မွေးပါ။ အပွင့်လင်းဆုံးပြောရရင် ကျွန်မကိုယ်တိုင်က စိတ်ပျော့ပါတယ်။ စိတ်ရှုပ်စေမယ့်အရာတွေကို လက်မခံနိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုပိုလေးလံစေမယ့် ကိုယ့်ကို Toxic ဖြစ်စေမယ့်အရာတွေကို အမြန်ဆုံးဖယ်ထုတ်ရှင်းလင်းနိုင်အောင် ပြတ်သားအောင်ကြိုးစားပါတယ်။ လွှတ်ချလိုက်မှအဆင်ပြေမယ်ဆိုရင် စိတ်ကိုပြုပြင်ပြီးရအောင် လွှတ်ချပါတယ်။ ကြိုးစားပါတယ်။ ဖြစ်လာတဲ့ Problems တွေကို ကောင်းမွန်စွာ Handle လုပ်နိုင်အောင် Solve လုပ်နိုင်အောင် ကြိုးစားပါတယ်။
အခုပြောခဲ့တဲ့ category ၇ခုကို တစ်ချက်ချင်းအချိန်ပေးဖတ်ရှုပြီးတဲ့အခါမှာတော့ မိမိကိုယ်တိုင်ပြန်သုံးသပ်ကြည့်ပါ။ ဆန်းစစ်ကြည့်ပါ။ မိမိကိုယ်ကို Judge လုပ်ကြည့်ပါ။
ဒီအချက် (၇)ချက်မှာ မိမိသည် ဘယ်အချက်တော့လိုအပ်နေလဲ ဘယ်အချက်ကအရေးအကြီးဆုံးလဲ ဘယ်အချက်ကိုပြင်ဖို့လိုမလဲ ဘာတွေဖြည့်ရမလဲ အရာအားလုံး balance ညီဖို့ဘာတွေလုပ်ဖို့လိုမလဲဆိုတာ ကိုယ့်ကိုကိုယ်တွေးတောဆန်းစစ်ကြည့်ပါ။မိမိ Self development ဖြစ်အောင် ဘဝတိုးတက်မှုရရှိလာအောင် ဆန်းစစ်အကဲဖြတ်ပြီး ရှာဖွေနိုင်ကြစေဖို့ ဆန္ဒပြုပါတယ်။
#TheNoteBySD
Keep Reading