မြ (စံကားဝါမြေ)
ကိုယ်ပိုင်ဆိုင်သင့်တဲ့အရာကို ရယူဖို့ ကြိုးစားခြင်းနဲ့ သူတစ်ပါးပိုင်ဆိုင်တဲ့ အရာတစ်ခုကို လုယူခြင်းက အဓိပ္ပာယ်ရော၊ သက်ရောက်မှုရောပါ မတူညီကြပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ပိုမိုများပြားလာတဲ့ ယနေ့ခေတ်ကြီးရဲ့ လုပ်ငန်းခွင်ထဲမှာဆိုရင် သူများအလုပ်ကို လုပြီး နေရာဝင်ယူတတ်တဲ့ လူစားမျိုးတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုလူမျိုးတွေကို Facebookက Video ဇာတ်လမ်းအတိုလေးတွေထဲမှာဆိုရင် မြ အမြဲလိုလို မြင်တွေ့နေကျ ဖြစ်ပါတယ်ရှင်။
လုပ်ငန်းခွင်ထဲမှာ နေရာတကာပါပြီး လူတွင်ကျယ်လုပ်တဲ့သူကို လုပ်ဖော်ကိုင်ဖက်တွေက ရှေ့မှာ ကောင်းချင်ယောင်ဆောင်ပြီး ပူးပေါင်းလုပ်ဆောင်ရတဲ့ လုပ်ငန်းတွေမှာ အဲ့လိုလူမျိုးကို သွေဖယ်ချင်ကြပါလိမ့်မယ်။ အဲဒီလူရဲ့ အရည်အချင်းကြောင့် အခွင့်အရေးရလာခဲ့ရင်တောင် သူများအလုပ်ကို လုယူထားသလိုမျိုး ဆိုးကျိုးသက်ရောက်မှုတွေရှိသလို လုပ်ငန်းခွင်ထဲမှာလည်း Professional မဆန်တဲ့သူအဖြစ် ထင်မြင်ခံရနိုင်ပါတယ်ရှင်။
ဆိုတော့ လုယူခြင်းရဲ့ ဆန်ကျင်ဘက်က ဘာဖြစ်မယ်ထင်ပါသလဲ စာဖတ်သူလေးတို့ရေ.....
လုယူခြင်းရဲ့ ဆန့်ကျင်ဘက်ကတော့ "ကူညီဖေးမခြင်း" ဖြစ်ပါတယ်ရှင်။ လုပ်ငန်းခွင်မှာပဲဖြစ်စေ၊ သူငယ်ချင်း အပေါင်းအသင်းနဲ့ပဲ ဖြစ်စေ၊ လူကြီးသူမတွေနဲ့ ပြောဆိုဆက်ဆံရာတွင်ပဲ ဖြစ်စေ ကိုယ့်ရဲ့အသိမိတ်ဆွေတွေကို ကူညီပေးတဲ့အခါမှာ တစ်ဖက်လူရဲ့ အလုပ်ဝန်လည်း လျော့သွားသလို ကိုယ့်အတွက်လည်း ကောင်းကျိုးတွေ အများကြီး ရရှိနိုင်ပါတယ်ရှင်။
ဘယ်လိုကောင်းကျိုးတွေ ရရှိနိုင်မလဲဆိုတာကို သိရဖို့အတွက် မြရဲ့ ဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်နော်။
သူတစ်ပါးကို ကူညီပေးတဲ့အခါ ကိုယ်တိုင်အားစိုက်ပြီး လိုက်ပါလုပ်ဆောင်ရတဲ့အတွက် အရည်အချင်းပိုတိုးတက်လာပါတယ်။ ကိုယ်ကူညီပေးလိုက်တဲ့အလုပ်ကလေး အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်သွားတဲ့အခါကျရင်လည်း မိမိက ဝမ်းသာပီတိဖြစ်ရသလို ကူညီခံရသူဘက်ကလည်း ကိုယ့်အရည်အချင်းနဲ့ ကူညီဖေးမတတ်တဲ့ စိတ်ဓာတ်ကို ကြုံရင်ကြုံသလို ချီးကျူးနေတော့မှာပါ။ စိတ်ဓာတ်ကောင်းကို ပိုင်ဆိုင်ထားခြင်းက အလေ့အကျင့်ကောင်းတစ်ခုလိုပါပဲ။ ကိုယ်စိတ်နှစ်လုံး ချမ်းမြေ့စေသလို မိမိကိုယ်ကိုလည်း ယုံကြည်မှု တိုးစေပါတယ်ရှင်။
ဥပမာ - မြ စာကြည့်တိုက်မှာ စာဖတ်သူလေးတစ်ယောက် တောင်းဆိုထားတဲ့ စာအုပ်လေးကို မြစွမ်းနိုင်သမျှ ရှာကြည့်ပြီး စာကြည့်တိုက်လေးမှာ တင်ပေးလိုက်တော့ စာဖတ်သူလေး ဖတ်ခွင့်ရတယ်ဆိုရင် မြက ကျေနပ်ပြီး ဝမ်းသာပီတိ ဖြစ်နေရတဲ့ သဘောတရားလေးပေါ့ရှင်။
ကိုယ်ကူညီပေးလိုက်လို့ တစ်ဖက်သား အဆင်ပြေသွားတဲ့ ခံစားချက်မျိုးက ပိုက်ဆံနဲ့ ပေးဝယ်လို့ မရပါဘူး။ "ငါ လုပ်ပေးနိုင်လိုက်ပါလား" ဆိုတဲ့ စိတ်နဲ့ မိမိရဲ့ စိတ်ထဲမှာ ကြည်နူးပီတိဖြစ်စေတဲ့အတွက် ဒေါသတွေ၊ မုန်းတီးမှုတွေ တိုးမဝင်နိုင်တော့ဘဲ စိတ်ချမ်းသာစေပါတယ်ရှင်။ စိတ်ချမ်းသာလာပြီဆိုမှတော့ ကိုယ်လည်းကျန်းမာပြီး အသက်ရှည်စေပါတယ်။
ကိုယ့်မှာ သူတစ်ပါးကို ကူညီပေးနိုင်တယ်ဆိုတဲ့ ခွန်အားရှိရုံနဲ့တင် ကိုယ့်ကိုယ်ခန္ဓာအတွင်းကို ဝင်ရောက်လာမယ့် စိတ်ဖိစီးမှု၊ စိတ်ကျမှု အတားအဆီးကိုလည်း ခုခံတွန်းလှန်နိုင်တဲ့ အင်အားရှိပြီးသားဖြစ်လို့ သူတစ်ပါးကို ကူညီတတ်တဲ့သူတွေဟာ တော်ရုံနဲ့ စိတ်ဓာတ်ကျလေ့မရှိပါဘူး။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ တိုးတက်ကောင်းမွန်နေသူတစ်ဦးက သူတစ်ပါးကို ပြန်ပြီး ခွန်အားပေးတဲ့သူအဖြစ် ရပ်တည်လေ့ရှိကြပါတယ်။
သူတစ်ပါးကို ကူညီခြင်းဟာ မှတ်ဉာဏ်ချို့ယွင်းခြင်း (အယ်လ်ဇိုင်းအားရောဂါ)ကို လျော့ပါးစေတယ်လို့ သုတေသီတွေက ဆိုကြပါတယ်။ ဒါ့အပြင် ကိုလက်စထရောပမာဏကြောင့် ဖြစ်တတ်တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့လည်း ပညာရှင်တွေက ဆိုကြတဲ့အတွက် အကျိုးကျေးဇူးတွေ အများကြီး ရရှိနိုင်ပါတယ်ရှင်။
ကူညီခြင်းဆိုတာက လူမှုရေးကောင်းတဲ့သူတွေရဲ့ အလေ့အထတစ်ခုပါ။ ကိုယ့်အနေနဲ့ ဘာမဆိုကူညီပေးဖို့ အသင့်ရှိနေတယ်ဆိုရင် ကူညီခံရတဲ့ ပတ်ဝန်းကျင်က ကိုယ့်အပေါ်မှာ ချစ်ခင်နှစ်သက်လေ့ရှိပါတယ်။
သူတစ်ပါးကို ကူညီပေးတဲ့အခါ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေများပေမယ့် လုပ်ငန်းခွင်ထဲ ကူညီဖေးမပေးတဲ့အခါမှာတော့ သတိထားစရာလေးတွေ ရှိနေပါသေးတယ်။
လုပ်ငန်းခွင်မှာ ကိုယ့်အလုပ်လည်း လုပ်တယ်။ သူများအလုပ်ကိုလည်း တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် ကူညီပေးတဲ့အခါ တစ်ဖက်က ကူညီတယ်လို့ မမမြင်ဘဲ ငါ့အလုပ်ကို လာလုနေတယ်လို့ ခံစားရရင် ပြဿနာရှိလာပြီး ကိုယ့်မှာ အရည်အချင်းရှိလို့ ကူညီပေးတယ်ဆိုပေမယ့် တစ်ဖက်လူက ကြိုက်/မကြိုက်ကို ချင့်ချိန်ရမှာက လူမှုဆက်ဆံရေးနယ်ပယ်မှာ ကျွမ်းကျင်ပါးနပ်တဲ့ Professional သမားတစ်ယောက်ရဲ့ လုပ်ရိုးလုပ်စဉ်ပါ။ ဒါ့ကြောင့် ဒီအချက်ကိုတော့ အထူးဂရုစိုက်သင့်ပါတယ်ရှင်။
တစ်ဖက်သားကလည်း ကူညီပေးဖို့ လိုလိုလားလား တောင်းဆိုတယ်၊ ကိုယ်ကလည်း ကူညီဖေးမတယ်၊ ဒီလိုနဲ့ ကိုယ့်အရည်အချင်းတွေကြောင့် အောင်မြင်လာတယ်၊ လုပ်ပိုင်ခွင့်တွေ ရလာတယ်ဆိုရင်တော့ ဒါဟာ ကိုယ့်စေတနာ၊ ကိုယ့်ကြိုးစားမှုကြောင့် အရာထင်လာတာလို့ သတ်မှတ်နိုင်ပါတယ်။ ဒီလိုလူမျိုးကို လုပ်ဖော်ကိုင်ဖက်အချင်းချင်းကလည်း အထင်ကြီးကြသလို အရည်အချင်းရှိတဲ့သူ၊ Professional ဆန်တဲ့သူဖြစ်တဲ့အတွက် ဘယ်နေရာရောက်ရောက် ချီးမွမ်းခန်းဖွင့်ကြမှာပါ။
ဒီတော့ မြရဲ့ဆောင်းပါးလေးကို ဖတ်ရှုပြီးတဲ့အခါမှာ စာဖတ်သူလေးတွေက ကိုယ့်လုပ်ငန်းခွင်ထဲမှာ ဒါမှမဟုတ် စာသင်ခန်းထဲမှာ "ကိုယ်က သူများ အလုပ်ကို လုယူမလား၊ ကူညီမလား" ဆိုတာကိုတော့ မိမိကိုယ်တိုင် ဆုံးဖြတ်လို့ရပါပြီရှင်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
24.9.2024(Tuesday)
Keep Reading