Author's Profile Photo

အက္ခရာ - Haruki

24/09/2024

စာအုပ်ထုတ်ဝေခြင်း အနုပညာ ?

4 mins read
Personal Development
Marketing
Art
စာအုပ်ထုတ်ဝေခြင်း အနုပညာ ?'s photo

ကျွန်တော်စာပေဟောပြောပွဲတွေလုပ်တော့ လူငယ်တော်တော်များများ စာရေး၊ စာဖတ်ဝါသနာပါကြတာ တွေ့ရတယ်။ သူတို့ရဲ့ဘဝမှာ ကိုယ်ပိုင်စာအုပ်လေးတစ်အုပ်လည်း စီးပွားဖြစ် ဒါမှမဟုတ် အမှတ်တရအဖြစ် ထုတ်ချင်ကြတာလည်းမြင်ရပါတယ်။

အဲ့လို တက်သစ်စစာရေးဆရာလေးတွေအတွက် ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကို ကျွန်တော်ရေးဖြစ်တာပါ။

ကျွန်တော်ကိုယ်တိုင်လည်း စာအုပ်မထုတ်ဝေခင်က ဒီလိုဆောင်းပါမျိုးတွေ၊ Video တွေရှာပေမယ့် လုံးဝမတွေ့ခဲ့ရပါဘူး။ စာရေးဆရာတွေဆီသွားမေးတဲ့အခါလည်း ကိုယ်လိုချင်တဲ့အဖြေမရတာမျိုးဖြစ်ခဲ့ရပါတယ်။

ဒီဆောင်းပါးလေးနဲ့ တက်သစ်စစာရေးဆရာလေးတွေကို လမ်းဖွင့်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဒီဆောင်းပါးလေးမှာ စာအုပ်ထုတ်ဝေတာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အရာလေးတွေကို ကျွန်တော့်ရဲ့အတွေ့အကြုံအရ သိသမျှ​ရေးသားမျှဝေပေးလိုက်ပါတယ်။

စာအုပ်ထုတ်ဝေခြင်းအနုပညာ

စာအုပ်ထုတ်ဝေတဲ့အခါ စာအုပ်မထုတ်ဝေခင်၊ စာအုပ်ထုတ်ဝေခြင်း၊ စာအုပ်ထုတ်ဝေပြီး ဆိုပြီးအခြေအနေ ၃ ရပ်ရှိပါတယ်။ သတိပြုစရာက အဆင့် ၃ ဆင့်ကို အစဥ်လိုက်သွားဖို့လိုပါတယ်။

၁။ စာအုပ်မထုတ်ဝေခင်

စာအုပ်မထုတ်ဝေခင် ကျွန်တော်တို့မှ အချောသတ်စာမူ အသင့်ရှိနေဖို့၊ ပြီးနေဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် လက်ရေးထက် Pdf File ဒါမှမဟုတ် World ဖိုင်နဲ့ သပ်သပ်ရပ်ရပ်လေး ပြင်ဆင်ထားတာအကောင်းဆုံးပါ။

ဘာလို့လဲဆိုတော့ စာအုပ်တိုက်တွေစာမူဖတ်တဲ့အခါ ထုတ်ပေးဖို့ရာခိုင်နှုန်းများအောင်ဖြစ်ပါတယ်။ နောက်ပြီး ဖတ်တဲ့သူလည်း ရှင်းရှင်းလင်းလင်းဖတ်လို့ရမယ်၊ Online ကနေလည်း အချိန်မရွေး အလွယ်တကူ စာမူပို့လို့ရပါတယ်။

စာမူအသင့်ရှိနေဖို့က နံပါတ် ၁ အရေးကြီးဆုံးပါပဲ။ စာမူမရှိဘဲနဲ့ စာအုပ်ထုတ်ဝေချင်လို့ လုံးဝမရပါဘူးခင်ဗျာ။

နောက်ပြီး တက်သစ်စတွေအနေနဲ့ စာမူကို ၂ ခု ၃ ခုလောက် ကြိုပြီးပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့စာရေးသူတွေဆိုရင် စာမူပို့တဲ့အခါ စာတိုက်ကငြင်းလိုက်လို့ စိတ်ဓာတ်တွေကျပြီး စာလုံးဝမရေးတော့တာမျိုးတွေရှိပါတယ်။

ဒီလိုအခြေအနေကိုကျော်လွှားဖို့အတွက် ဒီအချက်လေးကို သတိပေးပြီး ပြင်ဆင်ခိုင်းရတာပါ။ ကိုယ့်ဘက်ကသာ စာမူ ပိုပြီး ပြင်ဆင်ထားမယ်ဆိုရင် တော်ရုံစိတ်ဓာတ်မကျနိုင်သလို စာမူတစ်ခုငြင်းခံရလည်း အခြားစာမူတွေထပ်ပြီး ပေးပို့နိုင်ပါတယ်။

၂။ စာအုပ်ထုတ်ဝေခြင်း

စာမူလည်းအသင့်ရှိပြီဆိုရင် ကျွန်တော်တို့တွေစာအုပ်ထုတ်ဖို့ ကြိုးစားရပါတော့မယ်။ စာအုပ်ထုတ်ဝေမယ်ဆိုရင် ကျွန်တော်တို့မှာ နည်းလမ်း ၂ ခုရှိပါတယ်။ တစ်ခုက စာမူကိုစာအုပ်တိုက်တွေဆီပေးပို့ပြီး စာအုပ်တိုက်ကသဘောကျလို့ ထုတ်ပေးတာနဲ့ နောက်တစ်ခုက ကိုယ်တိုင်ငွေရင်းပြီး ထုတ်တာမျိုးပါ။

နည်းလမ်း ၁။ စာအုပ်တိုက်မှ စာအုပ်ထုတ်ဝေပေးခြင်း

တက်သစ်စကလောင်သစ်တွေတော်တော်များများဟာ ပထမဆုံးစာအုပ်ကို ကိုယ်တိုင်ရင်းပြီးထုတ်ရလေ့ရှိပါတယ်။ စာအုပ်တိုက်တွေအနေနဲ့က လူသိပ်မသိတဲ့ ကလောင်သစ်တွေဆိုရင် သိပ်ပြီးလက်မခံချင်ပါဘူး။ ဘာလို့လဲဆိုရင် ရှင်းပါတယ်။ အရှုံးမခံနိုင်လို့ပါပဲ။

ဆိုတော့ ကလောင်သစ်တွေအနေနဲ့ ဒီနည်းလမ်းက မျှော်လင့်ချက်မဲ့သွားပြီလားလို့ မေးစရာရှိပါတယ်။ No ပါ။ ကျွန်တော်တို့ကြိုးစားကြည့်လို့ရပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း တက်သစ်စကလောင်သစ်ပါ။ ဒါပေမယ့် ကျွန်တော့်စာမူကို စာအုပ်တိုက်ကလက်ခံပေးခဲ့ပါတယ်။ ဘာကြောင့် လက်ခံပေးခဲ့လဲဆိုတာ ကျွန်တော်အမြင်နဲ့ပြောပြပေးပါ့မယ်။ ကြိုပြီး ပြင်ဆင်ထားလို့ရအောင်ပါ။

1. Background

သာမန်ကလောင်သစ်ဆိုရင် သေချာပါတယ်။ မထုတ်ပေးဖို့ ၉၀% ပေါ့။ ဒါပေမယ့် ကျွန်တော်က ကလောင်သစ်ပေမယ့် Follower 30 K ကျော်ရှိပါတယ်။ Telegram မှာ Channel ထောင်ပြီး စာတွေမျှဝေခဲ့တဲ့ အကျိုးကျေးဇူးတွေပေါ့။

စာအုပ်တိုက်တွေဆီ ကျွန်တော့်အကြောင်းပြောပြတယ်။ စာအုပ်တော့မထုတ်ဖူးဘူး။ စာတွေတော့ရေးတယ်... Follower တွေလည်းရှိတယ်ပေါ့ဆိုတော့ သူတို့စဥ်းစားပြီး စာမူကိုဖတ်ကြည့်ဦးမယ်ဆိုပြီး အကြောင်းပြန်ပါတယ်။ ဒီလိုဆို အခြေအနေကောင်းတယ်လို့ပြောလို့ရပါတယ်။

2. စာမူ

ဒီနည်းလမ်းနဲ့ဆိုရင် ကိုယ့်ရဲ့စာမူကလည်း အခုခေတ်နဲ့ကိုက်ညီနေဖို့လိုပါသေးတယ်။ စာအုပ်တိုက်တွေအနေနဲ့ သူတို့ကိုယ်တိုင်ငွေရင်ပြီး ထုတ်ပေးရမှာဖြစ်တဲ့အတွက် ရောင်းအား အရှုံး/ အမြတ်ကို တွက်ဆပြီး ထုတ်သင့်၊ မထုတ်သင့်ကို ဆုံးဖြတ်ကြတာပါ။

ဆိုတော့ ကိုယ့်ရဲ့စာမူကအရည်အသွေးလည်းကောင်းမယ်၊ ခေတ်နဲ့လည်းကိုက်ညီမယ်၊ စာမူဖိုင်ကလည်း ဖတ်ရပြုရလွယ်မယ်ဆိုရင် အခြေအနေအကောင်းဆုံးပါပဲ။

Background မရှိပေမယ့် စာမူကောင်းတယ်ဆိုရင်လည်း မျှော်လင့်ချက်ရှိပါတယ်။ ပို့ကြည့်တာ မမှားပါဘူး။

စာအုပ်တိုက်က စာမူဖတ်ပြီးလက်ခံရင် အားလုံး အဆင်ပြေပြီပေါ့.... ? ဒီနည်းလမ်းနဲ့ဆိုရင် ကိုယ့်ဘက်က စာအုပ်နဲ့ပတ်သက်ပြီး အကုန်အကျမရှိပါဘူး။ စာအုပ်ထုတ်ဝေတဲ့အခါ ရောင်းအားရဲ့ ....%ကိုလည်း စာမူခရရှိဦးမှာပါ။

လက်မလျော့ပါနဲ့ ‼️

ဒီနည်းလမ်းကတော့ စိတ်ရှည်ဖို့၊ လက်မလျော့ဖို့လိုပါတယ်။ ကျွန်တော်ကိုယ်တိုင် စာအုပ်တိုက်ပေါင်းများစွာရဲ့ အငြင်းခံရမှုကိုဖြတ်ကျော်ခဲ့ပြီးမှ စာမူလက်ခံပေးခဲ့တဲ့ စာအုပ်တိုက်နဲ့တွေ့ခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် လက်မလျော့ပါနဲ့။ ?

ကြိုးစားပါ

ကြိုးစားတာ မမှားပါဘူး

ရတော့အမြတ် မရလည်းအရင်းပါပဲ။

ဒီနည်းလမ်းလုံးဝအလုပ်မဖြစ်တော့မှ နည်းလမ်း ၂ ကိုလုပ်ဆောင်ပါ။ ‼️

နည်းလမ်း ၂။ ကိုယ်တိုင်စာအုပ်ထုတ်ဝေခြင်း

စာအုပ်တိုက်တွေက မထုတ်ပေးဘူးဆိုရင်တော့လည်း ကိုယ့်ဘာသာထုတ်နိုင်အောင်ကြိုးစားပါ။
ကုန်ကျစရိတ်တွေကလည်း ထင်သလောက်မကြီးပါဘူး။ တော်တော်များများက စီးပွားဖြစ်ထက် အမှတ်တရအနေနဲ့ ထုတ်ချင်ကြတာဆိုတော့ ဒီလိုကလောင်သစ်တွေအတွက် အကြံတစ်ခုပေးချင်ပါတယ်။

သူများတွေ​ပြောကြရင် သိန်းဆယ်ကျော်ကုန်တာ... ဘယ်လောက်ကုန်တာဆိုပြီး ပြောပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒါကစီးပွားဖြစ်မလို့ပါ။ အုပ်ရေ ထောင်ဂဏန်းနဲ့ထုတ်လို့ပါ။

အမှတ်တရအနေနဲ့ထုတ်မယ်ဆိုရင် အုပ်ရေ ၅၀ ၊ ၁၀၀ လောက်ပဲထုတ်ပါ။ ဒီလောက်ဆို လုံလောက်မယ်ထင်ပါတယ်။ အမှတ်တရအနေနဲ့ပဲ ဥစ္စာ...။ ဒါမှမဟုတ်လည်း ကုန်မှ ထပ်ထုတ်ပေါ့။ ကုန်ကျစရိတ်ကတော့ ၂ သိန်းကျော် ၃ သိန်းလောက်ပဲကုန်လိမ့်မယ်ထင်ပါတယ်။ စက္ကူစျေးကိုလည်း ထည့်တွက်ရပါလိမ့်မယ်။

ကုန်ကျစရိတ်က အဓိကအားဖြင့်

၁။ စာရွက်အရည်အသွေး
၂။ စာမျက်နှာ
၃။ အုပ်ရေ

ပေါ်မူတည်ပြီးကျသင့်တာပါ။ ကိုယ့်ရဲ့စာအုပ်က စာမျက်နှာနည်းတယ်။ အုပ်ရေက လည်း ၅၀ / ၁၀၀ ပဲဆိုရင်တော့ ရင်းရမယ့် ကုန်ကျစရိတ်ကနည်းပါတယ်။ ၂ သိန်း ၃ သိန်းထက်မပိုပါဘူး။

စာအုပ်တိုက်တွေဆီကိုပဲဆက်သွယ်ပါ။ သူတို့ကို သေချာလေးပြောပြပါ။ ကုန်ကျစရိတ်ကို ခန့်မှန်းခိုင်းကြည့်ပါ။ သူတို့ကို အလုပ်အပ်တဲ့သဘောပါပဲ။ ဒါကတော့ ဒုတိယနဲ့ နောက်ဆုံးနည်းလမ်းဖြစ်တဲ့ ကိုယ်တိုင်ထုတ်ဝေတဲ့နည်းပါပဲ။

၃။ စာအုပ်ထုတ်ဝေပြီး

ကျွန်တော်တို့ စာအုပ်ထုတ်ဝေပြီးပြီဆိုရင် နာမည်ရဖို့၊ စာအုပ်ရောင်အားကောင်းနေဖို့လိုပါတယ်။ ဒါမှသာလည်း ကလောင်သစ်တွေအနေနဲ့ နောက်ထပ်စာအုပ်တွေထုတ်နိုင်ဖို့ အခွင့်အရေးရမှာဖြစ်ပါတယ်။

ဒါကြောင့် နောက်ဆုံးဗဟုသုတအနေနဲ့ မျှဝေလိုတာကတော့ စာအုပ်ရောင်းအားကောင်းအောင်လုပ်လို့ရမယ့်နည်းလမ်းပါ။ ကျွန်တော့်ဆရာအန့်ဘုန်းခန့်ကျော် ပြောပြဖူးတဲ့ အချက်တွေလည်းဖြစ်ပါတယ်။

ကျွန်တော်တို့ စာအုပ်ထုတ်ဝေပြီး
စာအုပ်တစ်အုပ်ရောင်းကောင်းဖို့ဆိုရင်

၁။ Book Cover / Design

ဈေးရောင်းတဲ့သူတွေကိုပဲ ကြည့်ပါ။ မျက်နှာလှလှလေးနဲ့ ဈေးထွက်ရောင်းတဲ့ဆိုင်နဲ့ ဒီတိုင်းဈေးထွက်ရောင်းတဲ့ဆိုင်ဆို ရောင်းအားက ဘယ်လောက်ကွာသလဲယှဉ်ကြည့်ပါ။

ပြီးတော့ စာဖတ်သူလေးအနေနဲ့ဆိုရင်လည်း မျက်နှာလှလှလေးနဲ့ရောင်းတဲ့ဆိုင်မှာပဲ ဝယ်မှာဆိုတာ သေချာပေါက်ပါပဲ။

ဒီလိုပါပဲ ကိုယ့်ရဲ့စာအုပ်က စာဖတ်သူလေးတွေမြင်လိုက်တာနဲ့ ဖတ်ချင်စဖွယ်ဖြစ်နေရင် ရောင်းအားကောင်းနိုင်ပါတယ်။ ရောင်းအားကောင်းတဲ့စာအုပ်တော်တော်များများကိုကြည့်လိုက်ရင်လည်းစာအုပ်လေးတွေက ဖတ်ချင်စရာလေးတွေပါ။ ဒီလိုမျိုး စာဖတ်သူလေးတွေကိုဖမ်းစားနိုင်မယ့် Book Cover သာရှိမယ်ဆိုရင် ရောင်းအားကောင်းနိုင်ပါတယ်။

၂။ စာညွှန်း [ Marketing ]

တော်ကီတစ်ပေါက် ရှမ်းရှမ်းတောက်ဆိုသလို စာညွှန်း တနည်းအားဖြင့် စာအုပ်ကြော်ငြာကောင်းရင်လည်း ကိုယ့်ရဲ့စာအုပ်ရောင်းအားတက်နိုင်ပါတယ်။ ကိုယ့်ရဲ့စာညွှန်းက စာညွှန်းဖတ်လိုက်တဲ့သူတွေကို စာအုပ်ဝယ်ချင်စိတ်ဖြစ်အောင် ထိထိမိမိရေးနိုင်မှ ရမှာမလို့ လွယ်တော့မလွယ်ကူလှပါဘူး။

၃။ စာအုပ်အရည်အသွေး

ဒါကတော့ အရေးကြီးဆုံးလို့ပြောလို့ရပါတယ်။ စာအုပ်ထုတ်ထားတာဘယ်လောက်လှလှ၊ စာညွှန်းဘယ်လောက်ကောင်းကောင်း စာအုပ်ဖတ်ကြည့်လိုက်လို့ ထင်ထားသလိုစာသားတွေကမကောင်းရင်၊ စာအရည်အသွေးညံ့နေရင် စာဖတ်သူလေးတွေရဲ့ အထင်သေးမှုကိုခံရနိုင်သလို စာရေးသူအနေနဲ့လည်း နာမည်မကောင်းလှပါဘူးခင်ဗျာ။

ဒါကြောင့် ကိုယ့်ရဲ့စာအုပ်ကို အပေါ်ယံသာမက အတွင်းမှာပါ အရည်အသွေးပြည့်ဝနေအောင် လုပ်သင့်ပါတယ်။

ကျွန်တော်လည်း ဒီနည်းလမ်းတွေကိုကောင်းကောင်းအသုံးချနေပါတယ်။

ဒီလောက်ဆိုရင် စာအုပ်ထုတ်ဝေချင်တဲ့ ကလောင်သစ်လေးတွေအတွက် လမ်းဖွင့်ပေးနိုင်ခဲ့ပြီထင်ပါတယ်ခင်ဗျာ။

ကျေးဇူးတင်လျက်...
အက္ခရာ ( 24, 9, 2024 . 10:02 AM )

Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်