Reviews by Benevolent
စစ်ပွဲ ဆိုတဲ့ စကားလုံးအကြောင်းပြောကြတဲ့အခါ ဖတ်ဖူးသင့်တဲ့ထဲပါတယ်ဆိုတဲ့ စာအုပ်ပါ။ စာမျက်နှာ ၅၀၁ ရွက် ရှိတဲ့ ဒီစာအုပ်တွင် မူရင်းစာရေးသူ အဂ္ဂါစနိုးက အလွန် အင်အားချည့်နဲ့သည့် တိုင်းပြည်တစ်ပြည်မှာ စစ်ရဲ့ အစွန်းနှစ်ဘက်ကိုပြသထားတယ်။ စစ်ရဲ့ကြောက်စရာကောင်းပုံ၊ကြမ်းကြုတ်ရက်စက်ပုံတို့ကို တစ်ဖက်ကပြပြီး တစ်ဖက်က မိမိထက်စစ်အင်အား အဆမတန် သာလွန်ကြီးမားတဲ့ရန်သူကို တရုတ်ပြည်သူတို့၏ ဇွဲသတ္တိနှင့် မဆုတ်မနစ်သော လုံ့လကိုပြသထားတယ်။ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတွင်လည်း စစ်ကာလတွင် ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်တတ်တယ်။ စစ်ဖြစ်လာပြီးဆိုရင် မည်သည့်လူမျိုးမဆို အနည်းနဲ့အများ ကြမ်းကြုတ် ရက်စက်လာတတ်ကြတယ်။အမေရိကန် သတင်းထောက် စာရေးဆရာ အဂ္ဂါစနိုး ရဲ့ လက်ရာကို ဆရာကြီး မြသန်းတင့် က ဘာသာပြန်ဆိုထားတာဖြစ်တယ်။ တရုတ်ပြည်ခရီးသွားမှတ်တမ်းတစ်ခု၊သမိုင်းမှတ်တမ်းတစ်ခုလည်း ဖြစ်တယ်။စာအုပ်ကို ကျွန်တော် အပိုင်းသုံး ပိုင်းခွဲပြီး မြင်မိတယ်။ခေတ်ပြောင်းတော်လှန်ရေးသမား၊ နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ချန်ကေရှိတ် ၊မော်စီတုန်း၊ချူအင်လိုင်း တို့ အာဏာလွန်ဆွဲမှုများ၊ဂျပန်ဖက်ဆစ်ဝါဒ အမြစ်တွယ်လာပုံ နှင့်လူမျိုးကြီးဝါဒ ၊ နိုင်ငံတကာ ရပ်တည်ချက် ဆိုပြီး အဓိက သုံးချက်ကို ကို ခံစားမြင်မိတယ်။ပီကင်းမြို့(ယခု ပေကျင်းမြို့)ကိုဂျပန်တွေသိမ်းလိုက်တဲ့အကြောင်း နဲ့အစပြုထားတယ်။မြို့တစ်မြို့ချင်းစီအလိုက်သွားပြီးမှတ်တမ်းတင်ထားပြီး မြို့အလိုက်နာမည်ကြီးသူအကြောင်းတွေလည်းအနည်းကျဉ်းရေးသားထားတယ်။
◾ ခေတ်ပြောင်း နိုင်ငံရေးသမား
ရှန်ကေရှိတ်က ၂၀ ရာစုနှစ်တရုတ်ပြည်၏ နိုင်ငံရေးနှင့် စစ်ရေး ခေါင်းဆောင် တဦး၊ သူရဲ့ ဩဇာသက်ရောက်မှုရှိတဲ့ ကူမင်တန်ပါတီဝင်ဖြစ်သည့်အပြင် ချင်းမင်းဆက် (မန်ချူးတရုတ်) နှင့် သက်ဦးဆံပိုင် ဧကရာဇ်စနစ်ကို တွန်းလှန်ခဲ့သူ ဒေါက်တာဆွန်ယက်ဆင်၏ လက်ရုံးတဦးဖြစ်တယ်။ သူ့ဘဝ ခေါင်းဆောင် ဆွန်ယက်ဆင်နဲ့ လုံးဝမတူ။ ၁၉၀၉ ခုနစ် ဂျပန်ပြည်မှာ ဆွန်ယက်ဆင်နှင့်တွေ့ပြီး ကူမင်တန်ပါတီ ဝင်ဖြစ်လာခဲ့တယ်။နောက်ပိုင်း ကူမင်တန် စစ်တပ် စစ်သေနာပတိချုပ်ဖြစ်လာကာ ၁၉၂၇ ခုနှစ်တွင် ကူမင်တန် ပါတီအကွဲအပြဲ ဖြစ်လာခဲ့တယ်။အတွေ့ကြုံ အခြေပြုဝါဒီ သမားတစ်ယောက်ဖြစ်တဲ့ ရှန်ကေရှိတ်က ပြတ်သားတယ်၊ ရက်စက် တတ်တဲ့ ပညာမတတ်တဲ့ လက်တွေ့သမားတစ်ယောက်ဖြစ်တယ်။အာဏာကို အလွန်အကျူးလည်း ခုံမင်တယ်။ကွန်ဖြူးရှပ် ကျင့်ဝတ်တွေကို နှုတ်က မကြာခဏရွတ် နေပေမယ့် ကိုယ်တိုင်း လိုက်နာဖို့အတွက်မဟုတ်ဘူး၊ သူများတွေကို သင်ကြားပေးဖို့ အတွက်သာ ဖြစ်တယ်လို့ ယူဆထားသူတစ်ယောက်လည်းဖြစ်တယ်။အငြိုးကြီးတတ်ပြီး သူကို ပြစ်မှားထားသူဆို နိုင်ငံတော်ကို သစ္စာဖောက်သူ ၊ သစ္စာမဲ့သူလို့လည်း သတ်မှတ်တတ်တယ်။ အဲ့အရာက အကြီးမားဆုံးသော အားနည်းချက်ကြီးဖြစ်လာခဲ့တယ်။
ချန်ကေရှိတ်က တစ်ဖက်တွင် ဒီမိုကရေစီ ရှိတယ်လို့ပြောလေ့ရှိတယ်၊ အခြားတစ်ဖက်တွင်လည်း အာဏာရှင် စနစ်ကိုလည်း ထူထောင်ချင်နေတယ်။တိုင်းပြည်တွင်း အုပ်ချုပ်ရေး ကိစ္စတွင်မူ အာဏာရှင် စနစ်ကို ကျင့်သုံးမြဲ ကျင့်သုံးနေတယ်။အလုပ်သမားများစည်းရုံးကာ မြစ်ထဲသို့ ပစ်ချသလို ဖျက်ဆီးပစ်တယ်။ စစ်မနိုင်လို့ တပ်ပြန်ဆုတ်တဲ့အခါ ဒဏ်ရာရ တရုတ်စစ်သားတွေကို ဒီအတိုင်းပစ်ထားခဲ့တယ်။ ဂျပန်တို့ အဖို့ ရေကန် အသင့် ကြအသင့် ဖြစ်ကာ သတ်ဖြတ်ကြတယ်။ထိုကာလ တရားဝင်နိုင်ငံရေး ပါတီ ဆိုလို့ ချန်ကေရှိတ်ရဲ့ ကူမင်တန် ပါတီတစ်ခုတည်းသာရှိတယ်။လူထုရဲ့ နာကျဉ်းခြင်း၊ စိတ်ခုခြင်းတို့ကနေ တဆင့် ကွန်မြူတို့က လူထုထောက်ခံမှုပိုရလာကြတယ်။ချန်ကေရှိတ်က ဂျပန် ဆန့်ကျင့်ရေးအစုများနှင့် သူ့ပါတီကြားတွင် ကစားနေသူတစ်ယောက်လည်းဖြစ်တယ်။စစ်အတွင်း တရုတ်ပြည် နိုင်ငံရေးက ရှုပ်ထွေးလွန်တယ်။ ချန်ကေရှိတ်က ကွန်မြူနစ်များကို ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဖိနှိပ်တယ်၊ ဂျပန် ကျူးကျော်လာချိန်မှာ ဘုံရည်မှန်းချက်ပြိုလဲသွားပြီး နှစ်ပါတီပဋိပက္ခ ကြီးထွားလာတယ်။
စီးပွားရေး နှင့် လူမှုရေးအခြေခံအကြောင်းများကြောင့် ၁၉၂၇ ကနေ ၁၉၃၇ အထိ ချန်ကေရှိတ် နဲ့ ကွန်မြူနစ်တို့ ပြည်တွင်းစစ် ရှယ်ဖြစ်ခဲ့တယ်။၁၀ နှစ်ကျော်ကြာတဲ့ ထိုစစ်ပွဲကြောင့် အလွန်ရှားပါးတဲ့ အရည်အချင်းရှိ ပညာတတ် လူငယ်တွေ အများအပြား သေးဆုံးခဲ့ကြရတယ်။
ဒါပေမယ့် ပြည်ပကျူးကျော်မှုနဲ့ ကြုံရရင် ရှန်ကေရှိတ်တပ်နဲ့ ကွန်မြူနစ်နဲ့ ပူးပေါင်းတိုက်တယ်။ ဥပမာ အနေ နဲ့ ၁၉၃၈ ဇန်နဝါရီမှာ ဂျပန်က နန်ကင်းကို ဝင်တိုက်တယ်၊ အဲ့အချိန် ရှန်ကေရှိတ်က ကျန်စီ နှင့် ဖူးကျန် ပြည်နယ်ရှိ ကွန်မြူနစ်များ နဲ့ စတုတ္ထတပ်မတော်ကို ဖွဲ့စည်းတယ်။ ယန်ဇီမြစ်ရဲ့ တောင်ဘက် နှင့် မြောက်ဘက် ကမ်းများတွင် ပြောက်ကျား လှုပ်ရှားများပြုလုပ်ခဲ့တယ်။ လက်ထောက်တပ်မှူးကြီးက ဗိုလ်ချုပ် ဟန်ယင်းဖြစ်တယ်။၁၉၃၄ ရှားရှားပါးပါး ပစ္စည်းမဲ့ တပ်နီတော် ခေါင်းဆောင် ဗိုလ်ချုပ် ဟန်ယင်း ရဲ့အတွေ့အကြုံများ တိုက်ပွဲတွင် မော်စီတုန်း နဲ့ ချူအင်လိုင်း တို့ တပ်နီတော် ထဲပါလာကြတယ်။
သူ့တို့ခေါင်းဆောင် ဒေါက်တာဆွန်ယက်ဆင် ၁၉၂၅ ကွယ်လွန်ချိန် ထားခဲ့အမွေပေးခဲ့တဲ့ စန်မင်း ဝါဒ တရားကို လိုရာ အဓိပ္ပါယ်ဖွင့်ဆိုကြရင်း တော်လှန်ရေး ခေါင်းဆောင်မှု ရရန် ယှဉ်ပြိုင် ကြရင်း ပြည်တွင်းစစ် ဖြစ်လာရသည့် အကြောင်းတစ်ပါးဖြစ်တယ်။အဓိပ္ပါယ်ဖွင့်ဆိုရာတွင် လက်ဝဲ နှင့် လက်ယာ ဂိုဏ်းများတို့ အငြင်းပွားကာ လက်ခံနိုင်သော ဟောပြောချက်များကိုယ်စီပြုလုပ်လာကြတယ်။ကွန်မြူနစ် ဟု ယူဆရင် ကူမင်တန်က မည်သူမဆိုသတ်တယ်။ တရုတ်ပြည်တောင်ပိုင်း တောင်ရိုးပေါ် ထွက်ပြေးကြပြီး သေးငယ်တဲ့ တပ်နီတွေ ထပ်ဖွဲ့ကြတယ်။ကွန်မြူနစ်က ရောက်လေရာတွင် မြေယာ ဝေခြမ်းရေး လုပ်တယ်၊ အလုပ်သမား ၊ လယ်သမား ဒေသန္တရ အစိုးရ အဖွဲ့များ ကိုဖွဲ့တယ်။ ရှန်ကေရှိတ် ကူမင်တန်က နောက်က လိုက်တိုက်ပြီး မြေရှင် စနစ် ပြန်ထူထောင်တယ်။အဲ့နောက် နိုင်ငံရေးက တော်လှန်ရေး ဖြစ်လာခဲ့တယ်။၁၉၄၀ ခုနှစ်တွင် ကူမင်တန်တို့က ဂျပန်ကို မတိုက်တော့ဘဲ တပ်နီများကိုသာ ပြည်တွင်းစစ်ပွဲသစ် တစ်ရပ်တိုက်ကြတော့တယ်။အရာရှိများ၊ တပ်သားများကို ဖမ်းဆိးခြင်း၊ ထောင်ချခြင်း ၊ ပစ်သတ်ခြင်း စသည်တို့ကို တွင်တွင်ကျယ်ကျယ် လုပ်လယခဲ့တယ်။ထိုကိစ္စများကို တားဆီးပေးရန် ချန်ကေရှိတ်ကို မေတ္တာရပ်ခံခဲ့ပေမယ့် လက်ပိုက်သာ ကြည့်နေခဲ့တယ်။
အရည်အချင်းများစွာရှိသူလို့ ထင်စရာရှိပေမယ့် အများစုအမြင်က ဘဝင်မြင့်ရောဂါ စွဲကပ်နေခြင်းဖြစ်တယ်။ရာထူး အကုန်ဖယ်ရှားပြီး စစ်သား ရှန်ကေရှိတ် ၊ ဘဏ်သူဌေးကြီး ချန်ကေရှိတ်၊ ဘုရင်ခံ ချန်ကေရှိတ်၊ အုပ်ချုပ်ရသမား ရှန်ကေရှိတ် စသဖြင့် ကောထွေးလာတယ်။ပြည်သူလူထုရဲ့နိုင်ငံရေး ဆန္ဒကို ဖော်ထုတ်ခွင့် မရသည့် အစိုးရအဖွဲ့တစ်ခုတွင် မိမိ ကိုယ်ကျိုး၊ မိမိ ရာထူးကို ကြည့်ကာ တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာ ဖောက်သွားကြသည့် အလုပ်မျိုးကို ပြောင်းပြောင်းတင်းတင်း လုပ်တတ်ကြတယ်။
◾ဂျပန် ဖက်ဆစ်ဝါဒ
ဂျပန်ဖက်ဆစ်ဝါဒဖြစ်ပေါ်လာပုံလေးက ဂျပန်ပြည် ဖွဲ့စည်းပုံ ဉပဒေကို ပြဌာန်းချိန်တွင် ရေတပ်၊ ကြည်းတပ်က ဂျပန် ဧကရာဇ်မှတပါး မညသူမှ အမိန့် ပေး မရဖြစ်လာခဲ့တယ်။ ဂျပန် အင်ပါယာကြီး အဖြစ် ထူထောင်လိုကြတယ်။ နိုင်ငံခြား နယ်မြေများကို သိမ်းပိုက်ကာ အရှင်သခင် နိုင်ငံဖြစ်ချင်တယ်ပေါ့။ ဒါကြောင့် ပထမဆုံး စစ်ပွဲ ရုရှားကို ၁၈၉၅ မှာ ဝင်တိုက်တယ်။ ၁၉၀၄ -၅ လောက်မှာ ရုရှား ဇာဘုရင်ကို နိုင်ခဲ့တယ်။ထို့နောက် ကမ္ဘာ လက်နက်နိုင်ငံကြီး စာရင်းထဲဝင်ခဲ့တယ်။
ဂျပန် စစ်ဖက်ဆစ် ဝါဒ ဆိုတာ ပဒေသရာဇ် အဆောင်အယောင်များ ၊ ဂျပန်လူမျိုးများကို စစ်စိတ်သွင်းရန် လွန်ခဲ့သည့် အနှစ် ခုနှစ်ဆယ်လောက်က ထွန်းကားခဲ့တဲ့ ရှိုးဂန်း စနစ်ဟောင်း ကို အားကိုးနေရတယ်။ ရှိုးဂန်း ပဒေသရာဇ် အကြီးအကဲများနှင့် လက်တွဲပြီး ဘုရင်ကိုယ်စား အုပ်ချုပ်ရတယ်၊ စစ်တပ်အာဏာရှင် စနစ် နဲ့ ရှိုးဂန်းက အတူတူပါပဲ။ဒုတိယကမ္ဘာစစ် ဂျပန် လူမျိုးတွေမှာ ပဒေသရာဇ် ကျင့်ဝတ်တစ်ခုဖြစ်တဲ့ ဘူရှီဒို စိတ်ဓာတ်ကို သင်ကြားပေးကြတယ်။ အဓိပ္ပါယ်က အစွမ်းကုန် သစ္စာရှိမှု နဲ့ နာခံစည်းကမ်း ရှိမှုကို ဆိုလိုတာပါ။ အဲ့ ဘူရှီဒို စိတ်ဓာတ်ကို စက်သေနတ်နှင့် ပေါင်းလိုက်တော့ ဖက်ဆစ် စစ်တပ်ဖြစ်လာတယ်။ အလွယ်ကူဆုံးပြောရရင် အမဲ သတ်သလို မိုက်တိမိုက်ကန်း သတ်ရန် ပေးထားတဲ့ အခွင့်အာဏာသာဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာခန့်က ဆာမူရိုင်း စစ်သူကောင်း တစ်ယောက်က သူ့ဓားကို စမ်းချင်စိတ် ပေါ်လာရင် လမ်းမှာ ပထမဆုံး တွေ့တဲ့ သာမန် ဆင်းရဲသား တစ်ယောက်ရဲ့ ခေါင်းကို ဖြတ်ခွင့် ပေးထားတယ်၊ တစ်ချက်တည်းနဲ့ လည်ပင်းကို ပြတ်အောင် ဖြစ်နိုင်ရင် ပိုပြီး သူရဲကောင်း ပီသတယ်ဆိုတဲ့ တလွဲကျင့်ဝတ်တွေပေါ့။ဂျပန်ဧကရာဇ် တပ်မတော်ကြီးစွမ်းရည် သတ္တိရှိပုံကို ဘာနဲ့တိုင်တာလည်းဆိုရင် ဘယ်လောက် ရက်စက်ကြမ်းကြုတ်သလဲကို ကြည့်ပြီး ချီးကျူးဂုဏ်တင်တတ်ကြတယ်။သွေးကို မြင်တဲ့အခါ ထိတ်လန့်ခြင်း၊ ခြေပြတ် လက်ပြတ် တို့ကိုမကြည့်ရဲခြင်း စသည်တို့က သူရဲဘောကြောင်သည် ကိစ္စလို့ သင်ကြားပေးတယ်။ သူတစ်ပါး ထိခိုက် နာကျင်မှ ဝမ်းသာအားရ ဖြစ်တဲ့ ဆားဒစ် ဝါဒ ကို ဂျပန် စစ်တပ်စည်းကမ်းထဲ ထည့်သွင်းထားပြီး လူငယ်များကို သတ်ရဲ ဖြတ်ရဲ မှုရှိလာအောင် စနစ်တကျ သင်ကြားပေးတယ်။ဂျပန်ပြည်တွင်းတွင် မျိုသိပ် ခံစားထားမှုများကို စစ်အောင်နိုင်တဲ့ ပြည်ပများတွင် လာရောက် ပေါက်ကွဲတတ်တယ်။၁၉၂၃ တရုတ်- ဂျပန် စစ်ပွဲ အာရှတိုက်ရဲ့ အကြီးဆုံး ဆိပ်ကမ်းမြို့ကြီးဖြစ်တဲ့ရှန်ဟဲ တွင် အရိုးပြိုင်းပြိုင်း အူဟောင်းလောင်းတွေနဲ့ထိန်းကွပ်မှုမရှိ၊ အသိမဲ့ကာ ရက်စက်ကြမ်းကြုတ်မှုကို မြင်ရနိုင်တယ်။ ကျွန်တော်တို့မြန်မာပြည်မှာ လည်း နိပွန်တွေ ဘယ်လောက် ချွေးတွေ ၊ သွေးတွေ စုပ်ပြီး သောင်းကျန်းခဲ့လဲဆိုတာ ဆရာမောင်ထင်ရဲ့ ငဘ ဖတ်မိရင် သိနိုင်ပါတယ်။
ဂျပန်ဖက်ဆစ်တို့တွေးခေါ်ပုံမှာ တစ်ကမ္ဘာလုံးကိုအုပ်စိုးချင်ရင် တရုတ်ပြည်ကိုမဖြစ်မ နေသိမ်းပိုက်ရမည် ဆိုပြီး ဖြစ်လာခဲ့တယ်။ဂျပန်စစ်တပ်ရဲ့ ဟာကွက်က စီးပွားရေးလည်းမဟုတ်၊ စစ်ရေးလည်းမဟုတ်၊ နိုင်ငံရေး ကြောင့်လို့ ပြောရမယ်။စစ်တိုက်မည့်နေရာ တွင် မည်သည့် လူတန်းစားနဲ့မှ မဟာမိတ်မဖွဲ့၊ အားလုံးကို စွတ်တိုက် ဝင်လာတယ်။ ချန်ကေရှိတ်ကိုလည်း တိုက်တယ်။ မော်စီတုန်းကိုလည်း တိုက်တယ်။ ကွန်မြူနစ်အဖွဲ့ကိုလည်း တိုက်၊ ကူမင်တန်ကိုလည်း တိုက်ပြန်တယ်။
တရုတ်ပြည်သူများကို ဂျပန်စစ်တပ် အာဏာရှင် စနစ်အောက်တွင် သွတ်သွင်းကာ တရုတ်ပြည်ကို ခြေနင်းခုံအဖြစ် သုံးပြီး လူဖြူများကို အာရှမှ မောင်းထုတ်ရန်သာဖြစ်တယ်။အာဏာရှင်များရဲ့ ဆန္ဒ နှစ်ခုသာ ကြီးစိုးထားကြောင်းတွေ့ရတယ်။ ခုခံမှု ဘက်ပေါင်းစုံကို ချေးမှုန်းရန် နဲ့ နိုင်ငံရဲ့ လုပ်အား၊ အရင်းအနှီးကို လက်ဝါးကြီးပုပ် သွေးစုပ်ရန်တို့ ဖြစ်တယ်။ အဲ့ဒါနောက်မှာ လုယက်မှု အဆင့်နှစ်ဆင့် နဲ့ ပြုလုပ်တယ်ပေါ့ဗျာ။ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို ဂရုမစိုက် တော့ဘဲ ဗိုလ်ကျ ဝါဒဖြင့်အုပ်ချုပ်လာတယ်။ဗြောင်ခိုးတယ်၊ ပြန်လည်ထူထောင်ရေး ဟုဆိုကာ စက်ပစ္စည်းအပါအဝင် လုပ်ငန်းတွေကို သိမ်းယူတယ်။ နောက်ဆုံးပြည်သူအိတ်ကပ်ထဲ ကြေးနီပြားအထိ ညှစ်ထုတ်ယူတယ်။ဖက်ဆစ်ဂျပန်တို့ အလိုတော်ရိ လုပ်ရန် ၊ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုတဲ့ နိုင်ငံခြားသားတွေတောင် အသတ်ခံရတယ်။ စီးပွားရေးသမား၊ နိုင်ငံခြားသတင်းထောက် တွေအိမ်အနီးမှာ သတ်ထားတဲ့လူခေါင်းပြတ် ချိတ်ဆွဲထားပြီး ခြိမ်းခြောက်လေ့ရှိတယ်။
ဂျပန်စစ်တပ် ပထမဆုံး အကြိမ် အကြီးအကျယ် ရှုံးပြီးတဲ့နောက်မှာ ဂျပန် ပြည့်သူ တော်လှန်ရေးကြီးတရပ်ပေါ်လာတယ်။ မန်ချူးရီးယားကို ဝင်တိုက်ပြီးနောက် ဂျပန်တွင် အဖောက်ပြန်ဆုံး စစ်ဝါဒက အာဏာရလာသလို အလုပ်သမားများကြားတွင်လည်း ခေတ်ပြောင်း အမြင်များ ရင့်သန်လာခဲ့တယ်။ဟန်ကောမြို့ကို သိမ်းပိုက်ပြီးနောက် ဂျပန်စစ်တပ်ရဲ့စိတ်ဓာတ် တဖြည်းဖြည်းကျဆင်းလာခဲ့တယ်လို့ ဂျပန်အရာရှိများက ဝန်ခံထားတယ်။ဂျပန်စစ်သားအများစု ချုံခို တိုက်ခိုက်ရတာများလာတဲ့အခါ တပ်အတွင်း အုံ့ကြွမှု၊ အာဏာဖီဆန်မှု၊ စည်းကမ်းမလိုက်နာမှုတွေ များပြားလာခဲ့တယ်။မန်ချူးရီးယား၊ မွန်ဂိုးလီးယား နှင့် တရုတ်ပြည်အနှံ့အပြားရှိ ဂျပန် စစ်မိန့်ပေး ဌာနများ တစ်ခုနှင့်တစ်ခု သဘောကွဲလာကြပြန်တယ်။ ဂျပန် ကြည်းတပ်နှင့် ရေတပ် နိုင်ငံရေးအုပ်စုဖွဲ့ကာ အားပြိုင်လာကြတယ်၊ ဗိုလ်လုချင်လာ၊ အချင်းချင်း ခွက်စောင်း ခုတ်နေကြတယ်။ထို့နောက် ဂျပန်ပြည်သူလူထုပါ ဒုက္ခ သုက္ခ ရောက်ကာ စစ်ဆန့်ကျင်ရေး ဓာတ်ဓာတ်တွေ ပေါ်လာကြတယ်၊ ဂျပန်ပြည်သူ့ တော်လှန်ရေး စတင်တယ်လို့ ပြောရမယ်။ဖက်ဆစ်ဝါအောက်တွင် ဂျပန်ပြည်သူတို့ ဖိနှိပ်ခံရပုံကို ကွက်ကွက်ကွင်းကွင်းဖော်ပြတယ်။ ဂျပန်ဖက်ဆစ်စစ်ဝါဒကို ခုခံတိုက်ခိုက်ကြသော ပြည်သူတို့၏လှုပ်ရှားမှုများကို ဖော်ပြတယ်။ မိမိတို့၏ တင်နော်ဟေကာ ဘုရင်မင်းမြတ် စစ်ရှုံးအောင် အတတ်နိုင်ဆုံး နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသော တိုးတက်သည့် ဂျပန်ပြည်သူများ၏ ဆောင်ရွက်ချက်တို့ကို မှတ်တမ်းတင်ထားတယ်။ဂျပန် စစ်နယ်ချဲ့ စနစ်များက သမိုင်း ရေးအရ စီးပွားရေးနှင့် နိုင်ငံရေး ပြိတ္တာကြီး တစ်ကောင်ဖြစ်လာတယ်။ မြောက်ဘက်တွင် ဆိုဗီယက် ပိတ်ဆို့မှု ၊ အာရှတိုက်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှု၊ ပြည်တွင်း ပဒေသရာဇ် ဆန့်ကျင်ရေး ၊ အနောက်နိုင်ငံ တိုက်ခိုက်မှုတွေကြောင့် မရှုမလှ ဖြစ်ခဲ့တယ်။
တိုကျိုမြို့ထဲမှာပဲ ပုလိပ် ညှဉ်းပန်းရေး စခန်း ရှစ်ဆယ်ကျော်ထားပြီး နာမည်ကျော် ဂျပန် ဝတ္ထုရေးဆရာတွေ အပါအဝင် အစစ်အဆေးမရှိ ဖမ်းတယ်၊ ထုပ်တန်းမှာ တွဲလောင်းချည်းပြီး ခြေထောက်ကို ကြမ်းပြင်က လွတ်ရုံကလေးထားပြီး ရိုက်နှက် မှုတွေစတင်လာခဲ့တယ်။ အားလုံးက သေရင်သေ၊ မသေရင် ပိန်းချုံးပြီး ရောဂါသည်တွေဖြစ်လာတယ်။ဂျပန် စစ်ဉပဒေ အရ စစ်ဆန့်ကျင်ရေး ဝါဒ ဖြန့်မှုကို သေဒဏ် ပေးကြတယ်။ ဒါပေမယ့် ဂျပန် စစ်တပ်ထဲတွင် သိုသိုသိပ်သိပ် နဲ့ ကိုယ့်တပ်အတွင်းမှာသာ စစ်ဆန့်ကျင်ရေး လုပ်ငန်းလုပ်လာကြတယ်။ တော်လှန်ရေးသမားများနှင့် အဆက်သွယ်လုပ်ပေးသူက ခေတ်ပြောင်း ခေါင်းဆောင် ဂျပန်လူမျိုး အေအိုယာမ ပင်ဖြစ်တယ်။ဖက်ဆစ်ဂျပန်တို့ရဲ့ ရက်စက်မှုအတွက် တာဝန်ယူရမည့်သူတွေကဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေပဲ လို့ ပြောခဲ့သူလည်းဖြစ်တယ်။ဂျပန် စစ်တပ်က ဆာမူရိုင်း အစဉ်အလာ အရ သင်ကြားပေးထားတဲ့စစ်တပ်ဖြစ်ရာ ခိုင်းရာ လုပ်တတ်တယ်။ အမိန့်က သေဆို သေရဲကြတယ်။ အမိန့်ပေးသူ နဲ့ ဝေးပြီး ကိုယ့်ဦးနှောက်နှင့်ကိုယ် စဉ်းစား တိုက်ကရမယ်ဆို မတိုက်တတ်တော့ဘူး။ ထိုအရာက ဂျပန်ပြောက်ကျား နှင့် တရုတ် ကွန်မြူနစ် ပြောက်ကျားတို့ ကွာခြားချက်ပင်ဖြစ်တယ်။တရုတ်- ဂျပန် စစ်ပွဲတွင် တရုတ်ခုခံရေး သေနင်္ဂဗျူဟာ အဆင့်သုံးဆင့်ရှိသလို ဂျပန်တို့ တရုတ်ပြည်ကို သိမ်းပိုက်ရေးမှာလည်း သေနင်္ဂပျူဟာ အဆင့်သုံး ဆင့်ရှိနေပြန်တယ်။
စစ်ဘာလို့တိုက်ရသလဲဆိုတာကို ဂျပန်က "ချစ်ကြည်ရေးအတွက် တိုက်ရတာပါ" လို့ ကမ္ဘာကိုမကြာခဏကြေညာလေ့ရှိတယ်။ ချစ်ကြည်ရေးတည်ဆောက်ခြင်းတဲ့ သူတွေက ရင်ကော့ကာ လူသတ်ခြင်း၊ အဓမ္မ ကျင့်ခြင်းတို့ကို ချစ်ကြည်ရေးစိတ်ဓာတ်လို့ ထင်နေသလား မသိဘူး။
◾နိုင်ငံတကာ ရပ်တည်ချက်
ဒီစာအုပ်ထဲမှာ ကျွန်တော်အတွက် အံ့ဩစရာအကြောင်းအရာများစွာနဲ့ မေးခွန်းတစ်ခုရှိဖြစ်လာစေတယ်။ချန်ကေရှိတ် ကူမင်တန်စစ်ပွဲတွင် ဘေးကဝိုင်းထိုင်ကြည့်ကာ ဂျပန်ကို မျက်နှာချိုသွေးနေကြသည့် အနောက်နိုင်ငံကြီးများ၏ လုပ်ရပ်များကိုဖော်ထုတ်ဝေဖန်ချင်တယ်။
ချန်ကေရှိတ်က ဟစ်တလာကို အထင်ကြီးသလို ဟစ်တလာကလည်း ချန်ကေရှိတ်ကို အထင်ကြီးပုံရတယ်။ ဒါပေမယ့် ဟစ်တလာက ဂျပန်အတွက် ကူမင်တန် ဆန့်ကျင်ရေး စာချုပ်ကို လက်မှတ် ထိုးလိုက်တယ်။ ဂျာမနီက လက်နက် ၊ခဲယမ်းမီးကျောက် ကို တရုတ်ကိုကုန်သွယ်ပေးပြန်တယ်။
အမေရိကန်က ဂျပန်ကို ဓားပြ ၊ စစ်ဥပဒေ စာချုပ်ကို ဖျောက်ဖျက်သူလို့ ပါးစပ်က အော်နေပေမယ့် လက်တွေ့မှာတော့ ဂျပန်ကို စစ်ပစ္စည်း ရှစ်ဆယ် ရာခိုင်နှုန်းကျော် တင်ပို့ခဲ့တယ်။၁၉၃၈ ခုနှစ် ခေတ်မီစစ်စက်ယန္တရား တည်ဆောက် မောင်းနှင်းရန် အမေရိကန်ကျွမ်းကျင်သူများပါ ပို့ပေးခဲ့တယ်။မှတ်တမ်းတွေအရ ဂျပန်ကို ပေးတဲ့ အကူအညီက တရုတ်ကို ပေးတဲ့ အကူအညီထက် အဆနှစ်ဆယ်ကျော်များနေတယ်။အခြားနိုင်ငံများက ဂျပန်ကို စစ်ရေး အကူအညီ မပေးဖို့ တားတယ်၊ ပြောသူတိုင်းကို စစ်ထဲ ဆွဲသွင်းနေသူလို့ အပြစ်ပြန်တင်တယ်။အမေရိကန်က ဂျပန်ကို လက်နက် ထောက်ပံ့နေသည့်အတွက် တရုတ်ပြည်သူများက အမေရိကန်အပေါ် စိတ်နာ၊ ဒေါသထွက်ခဲ့ကြတယ်။
အီတလီကလည်း ဂျပန်နှင့် မဟာမိတ် စာချုပ် ချုပ်ထားပေမယ့် အခြားတစ်ဖက်မှာ တရုတ်ပြည်ကို ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ပေးခဲ့တယ်။
နိုင်ငံပေါင်းချုပ်အသင်းကြီး နှာစေးနေခဲ့တယ်။ နောက်ဆုံးမှာတော့ နိုင်ငံပေါင်းချုပ် အသင်းကြီးက သိမ်းပိုက်ခြင်းတွေကို အသိအမှတ်မပြု ဟု ဆုံးချက်ပေးလိုက်ပေမယ့် ဂျပန်က မန်ချူးရီးယား ၊ မွန်ဂိုလီးယား ၊ တရုတ်ပြည် မြောက်ပိုင်းကို သိမ်းပြီးနေပြီ။ဗြိတိသျှ ၊ ပြင်သစ် နဲ့ အနောက်နိုင်ငံတွေက လက်ပိုက်ကြည့်နေခဲ့ကြတယ်။ အကြောင်းရင်းက အာရှတိုက်က ဘော်လရှီဗစ် (ကွန်မြူနစ်) ဝါဒ ပြန့်ပွားရေးကို အတားအဆီးဖြစ်ရန် ၊ ကာကွယ်ရန် ဂျပန်က လုပ်ဆောင်နိုင်လိမ့်မယ်လို့ အုပ်စိုးသူအချို့က ယုံကြည်ထားကြတယ်။ဟစ်တလာက ဉရောပအတွက် နယ်မြေချဲ့ဖို့ တရားဝင် အခွင့်အရေး ရှိသည့် နည်းတူ ဂျပန်သည်လည်း အခွင့်အရေး ရှိတယ် ပြောပြီး ဘော်လရှီဗစ် ဝါဒကို ဖြိုဖျက်ဖို့ တွက်ကိန်းနဲ့ လက်ပိုက်ကြည့်ခဲ့ကြတယ်။ကျေအေးရေး ဝါဒ ၊ မစွက်ဖက်ရေး ဝါဒ ကို ကျင့်သုံးတဲ့ နိုင်ငံတွေလည်းရှိတယ်။ပြင်သစ်တို့ ဂျာမနီကို သို့ ကျသွားတဲ့အချိန် လက်ခံထားတဲ့ အနေအထားတွေက စိုးရိမ်စရာ ဖြစ်လာခဲ့တယ်။ တစ်ဖက်ကလည်း တရုတ်- မြန်မာ လမ်းမကို ပိတ်လိုက်သဖြင့် ဗြိတိသျှတို့ နိုင်ငံရေး ဩဇာအများကြီး ကျဆင်းလာခဲ့တယ်။ ချာချီ ဆိုရင် တရုတ် - မြန်မာ လမ်းမကြီး ပိတ်ခြင်းကြောင့် ပေါ်လာနိုင်တဲ့ ရေရှည်အကျိုးဆက်ကို မခံစားနိုင်၊ ဒါကြောင့် စေ့စပ် ကျေအေး သည့် အသံ အမြဲ လွှင့်ကာ အမွှမ်းတင်ခဲ့သေးတယ်။တရုတ်ကိုလည်း လာဘ်ထိုးတယ်။တရုတ်-မြန်မာ နယ်စပ်က ထိုခေတ်ကာလတည်းက အ ရေးကြီးတဲ့ အချက်အချာဒေသ ဖြစ်နေခဲ့တယ်။ ဂျပန်က တရုတ်စစ်ပွဲ လုံးဝ ကင်းသွားချိန်တွင် ဂျပန်ရဲ့ အရေးကြီးဆုံး စစ်မြေပြင်က မလေးရှားနဲ့ မြန်မာ တို့ဖြစ်လာတယ်။
၁၉၃၇ ခု ဂျပန်က တရုတ်ပြည်ကို ဝင်တိုက်လိုက်တဲ့အခါ နိုင်ငံပေါင်းချုပ်အသင်းကြီးက ဂျပန်ကို ကျူးကျော်သူ လို့ သတ်မှတ်ကာ တရုတ်ပြည်ကို အကူအညီပေးရန် ဆုံးဖြတ်ခဲ့ကြ ပေမယ့် ရုရှားနိုင်ငံက လွဲလို့ ဘယ်နိုင်ငံမှ မပါခဲ့တာကိုတွေ့ရတယ်။ရုရှားက ချန်ကေရှိတ်ရဲ့ ဟန်ကော အစိုးရကို လေယာဉ်၊ လေယာဉ်မောင်းများ၊ လက်နက် ခဲယမ်းမီးကျောက်များကို ငှားခဲ့ ၊အကြွေးနဲ့ ရောင်းပေးခဲ့သေးတယ်။မြင်လိုက်ရတာက နိုင်ငံကြီးများဆိုတာ နှစ်ခွ ပေါ်လစီကို ကျင့်သုံးကာ ကိုယ့်ဘက်ကိုယ် ယက်ကြတဲ့နိုင်ငံတွေပါပဲ။အဲ့ကာလ နိုင်ငံခြားရေး ပေါ်လစီဆိုတာ ဗလောင်းဗလဲပြောင်းနေကြတယ်။ တစ်သမတ်တည်း တည့်မတ်တဲ့ နိုင်ငံခြားရေးဝါဒဆိုတာ မရှိသေး။ရလာဒ်မှာ ရှေ့နောက်မညီညွတ်တဲ့ နိုင်ငံခြားရေး ပေါ်လစီ ဖြစ်လာခဲ့တယ်။
◾ ကျွန်တော်အမြင်
ကျွန်တော်ဒီစာအုပ်ကိုဖတ်တာအချိန်တစ်လ ကြာသွားတယ်၊ ငြီးငွေ့စရာကောင်းလို့မဟုတ်ဘဲ အားလပ်ချိန်နည်းခြင်းကြောင့်ပါ။မူရင်းရေးထားတာကကောင်းတာကတစ်ကြောင်း၊ဆရာမြသန်းတင့်ဘာသာပြန်ကောင်းတာကတစ်ကြောင်း ဖတ်ရင်းနဲ့ပျင်းသွားတယ်ဆိုတဲ့ခံစားချက်မရပါဘူး။ခေတ်နောက်ကျတဲ့ တရုတ်ပြည်တိုက်ပွဲမှ သင်ခန်းစာတွေများစွာရနိုင်ပါတယ်။တရုတ်ပြည် စစ်ပွဲက အဓိပ္ပါယ် မရှိသော ပဋိပက္ခများဖြင့် ပြွမ်းသိပ်နေတယ်။ လွတ်လပ်ရေးအတွက် တိုက်နေတာက တပိုင်း ၊နိုင်ငံခြားရေးဝါဒ တစ်ခုနှင့်တစ်ခု ဝိရောဓိ ဖြစ်နေကြတယ်။နိုင်ငံခြား တိုင်းပြည်များက တရုတ်အပေါ် သဘောထားကလည်း မကြာခဏပြောင်းလဲနေတယ်။ မြေရှင်ပဒေသရာဇ် တစ်ပိုင်းနိုင်ငံကနေ ခေတ်သစ် နိုင်ငံ တစ်ခု ကူးပြောင်းချိန် ပြည်တွင်းက လူတန်းစား ဆက်ဆံရေးပဋိပက္ခက ပြင်းထန်လာတယ်။ ထိုအထဲမှာ လောဘဇော တတ်မှု၊ လိမ်လည်မှု၊ ပရမ်းပတာကျမှုတို့ကလည်း ရောထွေးနေတယ်။မူရင်းစာရေးဆရာအဂ္ဂါစနိုးကစာအမေရိကန်နိုင်ငံသားဖြစ်ပေမယ့်ဂျပန်ကိုပြောင်ပြောင်တင်းတင်းလက်နက်ရောင်းနေတဲ့အမေရိကန်အစိုးရကိုဝေဖန်ထားတယ်၊အမှန်တရားကို
အရှိကိုအရှိအတိုင်းရေးထားတဲ့အတွက်အမေရိကန်အစိုးရရဲ့ငြိုငြင်ခြင်းကိုခံခဲ့ရတယ်။
စစ်မဖြစ်မီ တရုတ်ပြည် စီးပွားရေး ခေတ်နောက်ကျခဲ့ခြင်းမှာ မြေယာကို ပဒေသရာဇ်ကြီးများက လက်ဝါးကြီး အုပ်စိုးနိုင်ကြသော ပဒေသရာဇ် တစ်ပိုင်းစီးပွားရေး စနစ်ကြောင့် ဖြစ်တယ်။ မြေရှင်ကြီးများက ငွေတိုးကြီးစားခြင်း ၊ ကုန်လှောင်ခြင်း ၊ ဈေးကစားခြင်းတို့ကြောင့် ဖြစ်တယ်။ကူမင်တန်အစိုးရလက်ထက်တွင်လည်း မြေယာ ပိုင်ဆိုင်မှု စာရင်းကို တစ်ခါမျှ ထုတ်ပြန်ခြင်း မရှိခဲ့။ လယ်သမား တစ်ဝက်ကျော်ကျော်က မြေမဲ့ယာမဲ့ ဖြစ်ခဲ့ပြီး သုံးပုံနှစ်ပုံက သီးစားများ ဖြစ်ကြတယ်။ဖက်ဆစ်ဝါဒ အရှိန်ပြင်းလာသော အင်အားကို ရင်ဆိုင်ရန် ဒီမိုကရေစီ ဝါဒ ပျော့ညံ့လို့မရ။ အရှိန်ပြင်းသော ဒီမိုကရေစီ ဖြစ်ခဲ့သင့်တယ်။ပြည်သူတို့ တောင်းဆိုချက်ကို လိုက်နာ ပေးခဲ့တဲ့ အစိုးရက ဒီမိုကရေစီအစိုးရမဟုတ်ပေမယ့် အရှုံးမပေး ရေးဝါဒ နဲ့ စိတ်ဓာတ်က ပြင်းထန်ခဲ့တယ် ပြောရမယ်။
စာအုပ်က ပေးတဲ့အချက်အလက်တွေအရ ရှန်ကေရှိတ်ကူမင်တန်ပါတီက အစောပိုင်းတရုတ်ပြည်မှာအင်အားအကြီးဆုံးဖြစ်ခဲ့ပေမယ့် တရုတ်ပြည်သူတို့၏ယုံကြည်မှုကိုမရခဲ့၊ပါတီကလည်းလူထုကိုမစည်းရုံးနိုင်တာကတကြောင်း ၊နောက်ပိုင်းကူမင်တန်ပါတီအင်အားနည်းပြီး တရုတ်တွင်ကွန်မြူနစ်ပါတီအာဏာရလာခြင်းဖြစ်တယ် လို့ပြောရမယ်။စာအုပ်အဆုံးသတ်တွင် ကမော်စီတုန်းကို မူရင်းစာရေးဆရာအဂ္ဂါစနိုးက တရုတ်ပြည်အလားအလာမေးမြန်းခြင်း၊ ဆိုဗီယက်ယူနီယံ ရပ်တည်ချက်တွေကို မေးခြင်းဖြင့်အဆုံးသတ်ထားတယ်။(ဒီစာအုပ်က ၁၉၄၁တွင်ရေးသဖြင့် ဂျပန်စစ်ရှုံးခြင်းနှင့်ကူမင်တန်ရှုံးနိမ့်ပြီးနောက်ထိုင်ဝမ်ကျွန်းထွက်ပြေးရတဲ့အကြောင်းမပါဝင်ဘူးလို့ ပြောရမယ်)
စစ်ရဲ့ အနိဌာရုံတွေနဲ့အတူ တရုတ်ပြည်တော်လှန်ရေးရဲ့ သဘောသဘာဝတွေကို မြင်သာစေမယ့် စာအုပ်တစ်အုပ်ဖြစ်တယ်။လူငယ်တွေရဲ့ခွန်အား၊ ရဲစွမ်းသတ္တိ ၊ အားမာန် ၊ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုတို့ကို မြင်ရမယ်။၂၀ရာစုကမ္ဘာ့သမိုင်းလေ့လာနေသူ၊ခရီးသွားမှတ်တမ်းကြိုက်သူ၊လက်ဝဲဝါဒအကြောင်းလေ့လာနေသူ၊တရုတ်ပြည်အကြောင်းလေ့လာနေသူ တွေအတွက်စာအုပ်ကောင်းတစ်အုပ်လို့ပြောချင်ပါတယ်။အဂ္ဂါစနိုးရဲ့လက်ရာကောင်း ဒီစာအုပ်က ယခုချိန်တွင် လူတိုင်းဖတ်သင့်တဲ့စာအုပ်လို့ ပြောပါရစေ။
Please YouTube ?
https://youtube.com/@ReviewsbyBenevolent?si=WusMbsWGmcyPAiFu
Please Telegram ?
https://t.me/reviewsbybenevolent
စာဖတ်ခြင်းက အတွေးကို လမ်းပြပေးပါတယ်။?
#reviewsbybenevolent
Keep Reading