Maru
ကျွန်မငယ်ငယ်တုန်းက ပေါက်ကရတွေးသူလို့ပြောလို့ရလောက်တဲ့ထိ အတော်လေးပေါက်ကရတွေ တွေးပါတယ်။ ဒီလိုပေါက်ကရတွေးဖြစ်တာကလည်း လူကြီးတွေက" ညဘက်လက်သည်းမညှပ်နဲ့ လာဘ်ပိတ်တတ်တယ်"စသဖြင့် ပြောဆိုတားမြစ်တဲ့အခါတွေးမိခြင်းပါပဲ။ လူကြီးတွေကို လာဘ်ပိတ်တယ်ဆိုတာဘာလဲလို့ပြန်မေးတဲ့အခါ "ပြောစကားနားထောင် မေမေ မအားသေးဘူး နောက်မှပြောပြမယ်" ဒီလိုစကားတွေကြောင့် ကိုယ့်ဘာသာအတွေးနယ်ချဲ့နေတတ်ပါတယ်။
ကျွန်မရဲ့ ဒီဆောင်းပါးမှာ ငယ်စဉ်ခါကလေးတုန်းကအတွေးလေးများကို ရေးသားပြောပြသွားမှာဖြစ်ပါတယ်။ ကလေးတုန်းကအတွေးတွေမို့ စာဖတ်သူလေးတို့အနေနဲ့ ဒီကောင်မလေးမာရု ရူးများနေသလားလို့တော့မထင်လိုက်စေချင်ပါဘူး။အပျော်အနေနဲ့ဖတ်စေချင်လို့ရေးသားခြင်းသာဖြစ်ပါတယ်ရှင်?
_________________________
ငယ်ငယ်က ညဘက် လက်သည်းညှပ်ရင်း မေမေက ညဘက် လက်သည်းညှပ်ရင် လာဘ်ပိတ်တတ်တယ်လို့ပြောပါတယ်။အမေပြောတဲ့ချိန် လက်၂ချောင်းကိုက လက်သည်းက ညှပ်ပြီးနေပါပြီ။ အဲ့ဒီချိန်မှာတွေးတောလိုက်တာက
အိုး ငါလက်သည်းကညှပ်လိုက်မိပြီ ဒုက္ခပဲ။ အိမ်ကို လက်(လာဘ်)ကြီးတော့လာပိတ်တော့မလားမသိဘူး။ လက်ကအကြီးကြီးနဲ့အိမ်ပေါက်တည့်တည့်လာပိတ်မှာထင်တယ်။ အဲအခါကြ အိမ်ပြင်ကိုဘယ်လိုထွက်ရမလဲ။ သူ အိမ်ရှေ့ပေါက်ကနေ လာပိတ်ရင် အိမ်အနောက်ဘက်ခြမ်းအပေါက်ကနေထွက်ရမယ်။ သူအိမ်အနောက်ဘက်ပါ ပိတ်ရင်ရော။အဲတာဆို ဒုက္ခပဲ။ ဒါဆိုဘယ်လိုထွက်ရမလဲ။ လွှတို့ဓားတို့ဆောင်ထားရမယ်။ တကယ်လို့အိမ်ကို လက်(လာဘ်)လာပိတ်ခဲ့ရင် လွှနဲ့ဖြတ်ပြီးထွက်ရမယ်။
လာဘ်ကိုလက်လို့ထင်ပြီး ငယ်ငယ်တုန်းက လက်ကြီးလာပိတ်ရင်ဆိုတဲ့အတွေးနဲ့ အတော်လေးစဉ်းစားခဲ့ရပုံလေးပါ?။
____________________________
တစ်ခါကလူကြီးတွေစကားတိုင်းမှာ "ကမ္ဘာဆေးတယ်"ဆိုတဲ့စကားလုံးလေးကိုအမှတ်မထင်ကြားလိုက်ရပါတယ်။ အဲဒီခါမှာ ထုံးစံအတိုင်း တွေးတောပါတော့တယ်။
အဲဒီချိန်တုန်းကဘုရားကအကြီးကြီးပဲလို့လည်းကြားဖူးထားတာပါ။ ကမ္ဘာဆေးတယ်ဆိုတာဘာလဲ။ ဘုရားက ကမ္ဘာကိုဆပ်ပြာနဲ့ရေနဲ့ဆေးတာလား။ အင်း အဲခါကြ ငါတို့ကဘယ်မှာနေရမလဲ။ ကြည့်ရတာတော့ ကမ္ဘာဆေးတဲ့ခါ လူတွေက ကမ္ဘာအပြင်မာခဏနေ ဆေးပြီးမှ ကမ္ဘာထဲဝင်ပြီး ကိုယ့်အိမ်ထဲကိုယ်ပြန်ဝင်ရမာထင်တယ်။ တော်ကြာ ကမ္ဘာဆေးနေချိန် အိမ်ထဲမာပဲနေနေရင် ခေါင်းမူးပြီးချာချာလည်ဖြစ်နေလောက်တယ်?။
ဒီလိုနဲ့ကလေးတုန်းက ကမ္ဘာဆေးတာကို ပန်းကန်ကိုဆပ်ပြာနဲ့ဆေးသလိုထင်ခဲ့ဖူးတယ်။
_____________________________________
"စလောင်းဖုံး ၂ချက်တီးရင် ကျားကိုက်တတ်တယ်" ဟင်းချက်ရင်း မေမေပြောဖူးတဲ့စကားလေးပါ။ ကျွန်မလည်းစတင်တွေးတောပါတော့တယ်။
ငါသာမတော်တဆ အိုးဖုံး၂ခုကိုတီးမိရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ဒါကမြို့ပေါ်လေ။ ကျားကဘယ်လိုလာကိုက်မာလဲ။ ငါသာအိုးဖုံးကိုတီးလိုက်ရင် ကျားက တောထဲကနေ မြို့ထိပြေးတတ်လာရမှာလား။ ဒါမှမဟုတ် လမ်းသွားရင်း ကျားလိုက်ကိုက်မာလားမသိဘူး။
ဒီလိုနဲ့ကျားပြဿနာကိုလည်း အတော်စဉ်းစားခဲ့ရ၏။
_________________________________
ဒါက ကျွန်မကလေးဘဝတုန်းက ပေါက်ကရတွေ လျှောက်တွေးတတ်တဲ့ အတွေးအချို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ပေါက်ကရအတွေးပေါင်းများစွားလည်းကျန်ပါသေးတယ်။ အခုလိုအရွယ်ရောက်လာမှသာ ငါငယ်ငယ်က ပေါက်ကရမလေးပဲဆိုပြီး ပြန်ပြန်တွေးရင်း ရယ်နေမိပါတော့တယ်။
စာဖတ်သူလေးတို့ရော ကလေးဘဝတုန်းကဘယ်လိုအတွေးနယ်ချဲ့ခဲ့ဖူးပါသလဲ?
သာယာသောနေ့လေးဖြစ်ပါစေရှင်❤️
စာဖတ်သူလေးများအားအစဥ်ချစ်ခင်လေးစားကျေးဇူးတင်လျက်...
September.21.2024.Sat(17:4)
Maru(မာရု)
Keep Reading